သတင်းနှင့်နည်းပညာများ

10/20/13

“သတိပေး ခေါင်းလောင်းသံ”


“သတိပေး ခေါင်းလောင်းသံ”
မနက်ဖြန်ဆို သီတင်းကျွတ်လပြည့်နေ့ကို ရောက်ပါတော့မယ်။
မနက်ဖြန်မှာ ရဟန်းတစ်ပါးအနေနဲ့ မလွဲမသွေ လုပ်ရမယ့် အလုပ်က ပ၀ါရဏာပြုခြင်း။ မြင်လို့ပဲဖြစ်ဖြစ်၊ ကြားလို့ပဲဖြစ်ဖြစ်၊ ယုံမှားသံသယရှိလို့ပဲဖြစ်ဖြစ် တပည့်တော်ကို ဒီအတိုင်း ပစ်တော့ မထားလိုက်ကြပါနဲ့။ ပြောကြ ဆိုကြပါ။ အပြစ်တွေ့ရင် ပြုပြင်သွားပါ့မယ် လို့ သံဃာအားလုံးကို ဖိတ်ကြားရတာ ဖြစ်ပါတယ်။
တစ်ပါးတည်း သုံးကြိမ် ဆိုပြီး ဖိတ်ကြားနိုင်သလို နှစ်ကြိမ်ဆိုပြီး၊ ဒါမှ မဟုတ် တစ်ကြိမ်တည်း ဆိုပြီးလည်းး ဖိတ်ကြားနိုင်ပါတယ်။ အဲလို တစ်ပါးပြီးတစ်ပါး ဆိုပြီး ဖိတ်ကြားတာဟာ သံဃာနည်းလို့ ရှိရင်တော့ အဆင်ပြေပါတယ်။ သံဃာတွေ ရာချီအောင် များနေရင်တော့ တစ်ပါး တစ်ကြိမ်တည်း ဆိုတာတောင်မှ အချိန်တွေ အများကြီး ကြန့်ကြာနိုင်ပါတယ်။ ဒီတော့ သံဃာများတဲ့ အခါမျိုးမှာ အချိန်ကုန် သက်သာအောင်လို့ ၀ါ-အရေအတွက် တူတဲ့ ရဟန်းတွေ တစ်ပြိုင်နက် ဆိုပြီး ပ၀ါရဏာပြုနိုင်အောင်လည်း မြတ်ဗုဒ္ဓက ခွင့်ပြုခဲ့ပါတယ်။ ဥပမာ ဆယ်ဝါရ ရဟန်းတွေ အကုန်လုံး တစ်ပြိုင်နက် ဆိုပြီး ပ၀ါရဏာပြု၊ ပြီးတော့ ကိုးဝါရတွေ ပ၀ါရဏာပြု။ ဒီလိုဆိုတော့ အချိန် သိပ်ပြီး မကြာတော့ဘူးပေါ့။
ပ၀ါရဏာပြုချိန် သိပ်ပြီး မကြန့်ကြာတော့တဲ့အတွက် တစ်ဘက်ကတော့ ကောင်းပါတယ်။ အခြားတစ်ဘက်က ကြည့်ရင်တော့ နှစ်စဉ် နှစ်တိုင်း ကိုယ့်အသက်တွေ ကိုယ့်ဝါတွေကို မစဉ်းစားဘဲ နေလို့ ကို မရနိုင်တော့ပါဘူး။ ဒါကိုတော့ မကောင်းဘူး လို့ပဲ ပြောမလား။ အပ္ပမာဒေန သမ္ပာဒေထ ကို နှစ်လုံးသွင်းပြီး ကောင်းတယ်လို့ပဲ ဆိုမလား။
“တစ်ဝါရ သံဃာတော်များ ပ၀ါရဏာပြုပါဘုရား” နှင့် စတင်ခဲ့တဲ့ ရဟန်းဘ၀ဟာ မနက်ဖြန်ဆိုရင်တော့ နှစ်ဆယ့်လေးဝါရ ဆိုတဲ့ စာရင်းထဲကို ၀င်ပါတော့မယ်။ ပ၀ါရဏာပြုတာဟာ မလွဲမသွေ ပြုရမယ့် ၀ိနည်းကံတစ်ခုကို ပြုနေတာ ဖြစ်သလို သတိပေး ခေါင်းလောင်းသံတစ်ခုကို တစ်နှစ်တစ်ခါ နားထောင်နေရတာပါလား လို့လည်း တွေးတော ဆင်ခြင်မိပါတယ်။
From - Maha Thumana

No comments:

Post a Comment

Note: Only a member of this blog may post a comment.