သတင်းနှင့်နည်းပညာများ

9/20/14

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရပ်ကွက်များအတွင်းရေ၀င်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ


တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရပ်ကွက်များအတွင်းရေ၀င်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေမြင့်တက်ကာ မိုးရေနှင့်တောင်ကျ ချောင်းရေများ စီးဝင်မှုကြောင့် ပုန်းထွန်ရပ်ကွက်ရှိ အိမ်ခြေ(၅၂၇)လုံး၊ အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ (၁၅၂၁)ဦး၊ တာလော့ရပ်ကွက်ရှိ အိမ်ခြေ(၁၅၄)လုံး၊ အိမ်ထောင်စု(၁၈၀)စု၊ လူဦးရေ(၆၇၅)ဦး၊ မကာဟိုခမ်းရပ်ကွက်ရှိ အိမ်ခြေ(၁၀၃)လုံး၊ အိမ်ထောင်စု(၁၁၅)စု၊ လူဦးရေ(၂၈၉)ဦး၊ မယ်ခေါင် ရပ်ကွက်ရှိ အိမ်ခြေ(၁၁၄)လုံး၊ အိမ်ထောင်စု(၂၂၂)စု၊ လူဦးရေ(၉၂၉)ဦး၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အိမ်ခြေ(၁၂၀)လုံး၊ အိမ်ထောင်စု(၁၄၂)စု၊ လူဦးရေ(၃၈၂)ဦး၊ ၀ိန်းကျောက်ရပ်ကွက်ရှိ အိမ်ခြေ(၁၂၁)လုံး၊ အိမ်ထောင်စု(၁၂၁)စု၊ လူဦးရေ(၄၉၃)ဦး၊ ရန်အောင်မြေရပ်ကွက်ရှိ အိမ်ခြေ(၉၅)လုံး၊ အိမ်ထောင်စု (၉၅)စု၊ လူဦးရေ(၃၂၆)ဦး၊ စုစုပေါင်းအိမ်ခြေ(၁၂၃၄)လုံး၊ အိမ်ထောင်စု(၁၂၀၀)စု၊ လူဦးရေ(၄၆၁၅)ဦးတို့ နေထိုင်ရာနေရာများသို့ ရေအမြင့် ၃ ပေမှ ၁၀ ပေခန့်ထိဝင်ရောက်လျက်ရှိသည်။ ရေ၀င်ရောက်သည့် နေရာများမှ ရေဘေးသင့်ပြည်သူများအတွက် ပုန်းထွန်ရပ်ကွက်ရှိ သီရိရတနာဂူဟာ ရှမ်းဘုန်းကြီးကျောင်း၊ တာလော့ရပ်ကွက်ရှိ တာလော့ကျောင်းတိုက်၊ မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ်္မာရုံ၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း၊ မယ်ခေါင်ရပ်ကွက်ရှိ မယ်ခေါင်ဘုန်းကြီးကျောင်းနှင့် ၀ိန်းကျောက်ရပ်ကွက်ရှိ ကော်တော့(အတွင်း)ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့သည်။ မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ ရေနစ်မြုပ်နေသော နေရာများတွင် လျှပ်စစ်မီးအား နံနက် ၆ အချိန်မှစ၍ ဖြတ်တောက်ထားပြီး အဆိုပါနေရာများတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှတပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး နံနက် ၁၁ နာရီခွဲအချိန် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ပုန်းထွန်ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၁၅၂၁)တို့အား ထမင်းထုပ်များပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

https://www.facebook.com/yezarnimedia/photos/pcb.802235243162610/802235196495948/?type=1

9/18/14

ရဲတိုက်ကို ထောင်ဒဏ် တစ်နှစ်ချ


ရဲတိုက်ကို ထောင်ဒဏ် တစ်နှစ်ချ


ဗိုလ်တထောင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် (ဓာတ်ပုံ- ကျော်ဇင်သန်း)
သရုပ်ဆောင်ရဲတိုက်ကို ဘာသာ၊ သာသနာကို ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က)ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်သည်။
လက်ရှိတွင် ထောင်ကျနေသော ရဲတိုက်ကို ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၂၉၅ (က)ဖြင့် တစ်နှစ်တို့ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
တစ်ပေါင်းတည်းကျခံရမည်ဖြစ်သောကြောင့် ထောင်ဒဏ်တစ်နှစ်ကျခံရမည် ဖြစ်သည်။
ရဲတိုက်သည် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ခရစ်ယာန်ကျောင်းသို့ သွားရောက်ကာ မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ်တရားရုံးက ဘာသာ၊ သာသနာညှိုးနွမ်းစေမှုပုဒ် ၂၉၅၊ ၂၉၅ (က)တို့ဖြင့် စစ်ဆေးခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ဆေးခြောက်အနည်းငယ် လက်ဝယ်တွေ့ရှိ၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တရားရုံးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် စစ်ဆေးခဲ့သည်။
ထိုပုဒ်မဖြင့်ပင် ရဲတိုက်ကို ၂၀၁၄ ဧပြီလ ၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ချမှတ်ခဲ့မှုကို အယူခံဝင်ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး ငါးနှစ်ချမှတ်ခဲ့သည်။

http://www.7daydaily.com/story/20902#.VBrAC0RUOc8

MLM ဋီကာ (သို့မဟုတ်) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း


MLM ဋီကာ (သို့မဟုတ်) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း


ပိရမစ်ရောင်းချမှုအစီအစဉ် ရေရှည်တွင် မထိန်းသိမ်းနိုင်ပုံကို ပုံတွင်ပြသထားသည်။
ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်း မပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေးဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာ ရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံများ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူတို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လိုလုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ၀င်မိလျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမမျိုးစုံပါသည်။ လူသိအများဆုံးနာမည်များကို ပြောရမည်ဆိုလျှင်တော့ အချိန်တိုအတွင်း သူဌေးဖြစ်သည့်လုပ်ငန်း (၀ါ) Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။
ယင်းစနစ်ဖြင့် စည်းရုံးရေးဆင်းလေ့ရှိသူများ အများဆုံးဆွဲဆောင်သည့်အချက်မှာ မန်ဘာဝင်မည့်သူအနေဖြင့် ကုမ္ပဏီထုတ်ဆေးဝါးများ၊ အလှကုန်များကို ကိုယ်တိုင်သုံးစွဲနိုင်သကဲ့သို့ အခြားသူများအား တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ကော်မရှင်ရရှိမည်ဖြစ်ကြောင်း၊ မန်ဘာဝင်အသစ်များ ရှာဖွေနိုင်ပါက လစဉ်မည်သည့်လုပ်ငန်းမှ လုပ်စရာမလိုဘဲ မိမိရှာဖွေထားသည့် မန်ဘာဝင်များ ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်အမြတ်ငွေ ထိုင်ယူနေရမည် ဖြစ်သည့်အတွက် အကျိုးအမြတ် လွန်စွာများသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောဆိုစည်းရုံးကြခြင်း ဖြစ်သည်။
မန်ဘာဝင်ရန်အတွက် စာရွက်စာတမ်းကြေး တစ်သောင်း၊ တစ်သောင်းခွဲဝန်းကျင် ကုန်ကျပြီး မန်ဘာများကိုလည်း Level များ ခွဲခြားထားသည်။ ပထမတန်းမန်ဘာဖြစ်ရန်အတွက် ယင်းကုမ္ပဏီထုတ်ကုန်စည်များအား ဆယ်သိန်းဖိုး အနည်းဆုံးဝယ်ရန်လိုအပ်ပြီး ဒုတိယတန်းစား မန်ဘာအတွက်မူ သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင်ဝယ်ရန် လိုအပ်ပေသည်။ တတိယတန်းစား မန်ဘာအတွက်မူ တစ်သိန်းခွဲမှ နှစ်သိန်းဖိုးဝန်းကျင် ၀ယ်ရန်လိုအပ်ကြောင်း အကြမ်းဖျင်းသတ်မှတ်ထားသည်။ ထိုကဲ့သို့ အဆင့်အတန်းဖြင့် ခွဲခြားသကဲ့သို့ အမှတ်ဖြင့်လည်း သတ်မှတ်သည်များရှိပေသည်။ သို့သော်လည်း တူညီသည့်အချက်မှာ မန်ဘာဝင်ရန်အတွက် သင့်အနေဖြင့် အနိမ့်ဆုံးငွေ သိန်းဂဏန်းစတင်အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီဘက်ကမူ အဆိုပါငွေကို အချိန်တိုအတွင်း ပြန်ရရှိမည်ဖြစ်ပြီး လစဉ်အမြတ်ငွေမှာလည်း သင့်အရင်းငွေနီးပါးရရှိမည်ဖြစ်ကြောင်း မက်လုံးတွင်တွင်ပြော၍ စည်းရုံးလေ့ရှိသည်။ ၎င်းတို့ပစ်မှတ်ထားလေ့ရှိသူများမှာ လူလတ်တန်းစားအိမ်ထောင်ရှင်မများ၊ အစိုးရ၀န်ထမ်းအမျိုးသမီးများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများ ထုတ်လုပ်ရောင်းချသည့် ကုန်စည်များမှာ အမျိုးသမီးထုအကြား ရေပန်းစားသော ပိန်ဆေး၊ အဆီချဆေး၊ အသားအရေလိမ်းဆေး၊ အားဖြည့်ဆေး စသည့် ဆေးဝါးများ၊ အလှကုန်စည်များသာ ဖြစ်ပါသည်။ ထို့အတူ သက်ကြီးပိုင်းအိမ်ထောင်ရှင်များအတွက် ကာမအားတိုးဆေး စသည့်အထူးဆေးဝါးများကိုလည်း လက်သိပ်ထိုးရောင်းချလေ့ရှိပြီး ကုန်စည်တစ်ခုလျှင် သိန်းဂဏန်းအနည်းဆုံး ပေးဝယ်ရလေ့ရှိပါသည်။
မန္တလေးမြို့တွင် အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေကြသည့် ကုမ္ပဏီခွဲများ ဆယ်ခုဝန်းကျင်ရှိသည်။ ၎င်းတို့အနက် ထင်ရှားသည့်ကုမ္ပဏီများမှာ Unicity, Healthy-Shop, ရှိုင်းဟုတ်၊ Aim Star, ပိုင်ဖြိုးသီဟ၊ Tiens စသည်တို့ဖြစ်ကြသည်။ အချို့ကုမ္ပဏီများတွင် မန်ဘာဝင်ဦးရေ တစ်သောင်းကျော်ရှိပြီး မန္တလေးမြို့၌သာမက မြင်းခြံ၊ မိတ္တီလာ စသည့်နယ်မြို့ကြီးများတွင်ပါ ရေပန်းစားလျက်ရှိသည်။
မန်ဘာဝင်ရသည့်ပုံစံမှာလည်း အနည်းငယ်ကွဲပြားမှုရှိသည်။ အချို့ကုမ္ပဏီများက မန်ဘာဝင်ကြေး သီးသန့်ပေးကာဝင်ရသကဲ့သို့ အချို့ကတော့ မန်ဘာဝင်ကြေးမတောင်းဘဲ ၎င်းတို့သတ်မှတ်ထားသည့် ပမာဏပြည့်မီအောင် ၀ယ်ယူလျှင် မန်ဘာဝင်အဖြစ် အသိအမှတ်ပြုသည်။ ထို့အတူပင် အချို့ကုမ္ပဏီများက ရာထူးသတ်မှတ်မထားဘဲ မန်ဘာဝင်များအနေဖြင့် မိမိတတ်နိုင်သလောက် မန်ဘာအသစ်များရှာခိုင်းပြီး မန်ဘာဝင်ဦးရေပေါ်မူတည်၍ ကော်မရှင်ပြန်ခွဲဝေပေးသည်။ အချို့ကမူ ရာထူးသတ်မှတ်ထားပြီး ရာထူးပေါ်မူတည်၍ ကော်မရှင်ပြန်လည်ရမည့် မန်ဘာဝင်ဦးရေကို သတ်မှတ်ထားသည်။ ဘုံတူညီသည့်အချက်မှာ ကုမ္ပဏီများရောင်းချသည့် ကုန်စည်များကို မန်ဘာဝင်များအား လျှော့ဈေးဖြင့် ရောင်းချခြင်းသာ ဖြစ်သည်။
အမှန်တကယ်အားဖြင့် ယင်းစီးပွားရေးစနစ်မြစ်ဖျားခံရာမှာ မြန်မာနိုင်ငံမှမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ချားလ်စ်ပွန်ဇီ (Charles Ponzi)က ၁၉ ရာစုအစပိုင်းတွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပွန်ဇီက ငွေကြေးတတ်နိုင်သူများကို ၎င်း၏စာတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးပမာဏတစ်ဝက်ကို အမြတ်ပြန်လည်ပေးအပ်မည်ဟု အာမခံသည်။ မူလအစရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပြန်လည်ပေးအပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပေးအပ်နိုင်ခြင်းမရှိတော့သောကြောင့် ပွန်ဇီစီးပွားရေးစနစ်မှာ ပြိုလဲခဲ့ရသည်။
သို့သော်လည်း ပွန်ဇီစီးပွားရေးစနစ်မှာ ကမ္ဘာတစ်လွှားရှိ စီးပွားရေးသမားကြီးများကြား လွန်စွာအောင်မြင်ခဲ့ပြီး ယင်းစနစ်ကို အခြေခံကာ Pyramid Scheme, Multi-Level Marketing စသည်ဖြင့် စနစ်မျိုးစုံ တီထွင်ခဲ့ကြသည်။ ပြဿနာပေါင်းစုံလည်း တက်ခဲ့ကြသဖြင့် ယခုအခါ ယင်းပုံစံ၊ (သို့မဟုတ်) ယင်းပုံစံနှင့် ဆင်တူယိုးမှား ပုံစံစီးပွားရေးစနစ်များအား အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် စသည့် နိုင်ငံ ၂၅ နိုင်ငံတွင် ဥပဒေအရ တရားမ၀င်သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့်မပြုပေ။ သို့သော်လည်း ပွင့်လင်းစပြုလာသည့် မြန်မာနိုင်ငံတွင်မူ ထိုင်း၊ ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ အစပြုလာသည့် အဆိုပါစီးပွားရေးစနစ်မှာ ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသာမက နယ်မြို့များအထိပါ အားကောင်းမောင်းသန် ရှင်သန်နေသည်ကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံတွင် အဆိုပါစီးပွားရေးစနစ်ဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီကြီးများမှာ လွန်စွာအပြောအဟောကောင်းသူများကို ခန့်ထားလေ့ရှိသည့်အတွက် ထိုသူများ၏ မစားရ၀ခမန်းပြောကြားချက်များကို နားယောင်သည့်သူများအဖို့ လွယ်လွယ်ကူကူပင် မန်ဘာဝင်ကြတော့သည်။ သို့သော်လည်း အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်ရပ်များ များစွာရှိလာသည့်အခါ မန်ဘာဝင်များမှာ စိတ်ပျက်ပြီး ဆက်လက်မလုပ်ကိုင်ကြတော့ပေ။ ဥပမာအားဖြင့် အဆိုပါစည်းရုံးရေးသမားများသည် ၎င်းတို့ ပစ်မှတ်ထားသူများကို ပထမဦးစွာ မန်ဘာဝင်လိုက်ပါ။ ပြီးလျှင် မန်ဘာဝင်အသစ်နှစ်ဦးရှာဖွေရန် လိုအပ်ပြီး မူလမန်ဘာဝင်ထားသူအနေဖြင့် အဆိုပါ မန်ဘာဝင်အသစ်နှစ်ဦး ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်ကော်မရှင်ရနေမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသည်။ သို့သော်လည်း အဓိကပြဿနာမှာ ယင်းမူလမန်ဘာဝင်အနေဖြင့် လစဉ်မန်ဘာဝင်အသစ်နှစ်ဦး ထပ်မံရှာဖွေပေးနိုင်မှသာ ယင်းကော်မရှင်ကိုရမည်ဖြစ်သကဲ့သို့ အဆိုပါမန်ဘာဝင်နှစ်ဦးအနေဖြင့်လည်း ငွေကြေးသိန်းဂဏန်းအထက် ၀ယ်ယူသုံးစွဲရမည် ဖြစ်သည်။ အကယ်၍ နောက်ထပ် မန်ဘာဝင်နှစ်ဦး မရှာဖွေနိုင်လျှင် (သို့မဟုတ်) မိမိကလည်း လစဉ် ၎င်းတို့၏ ကုန်စည်များအပေါ် သိန်းဂဏန်းဝယ်ယူသုံးစွဲခြင်းမပြုလျှင် ၎င်းကုမ္ပဏီများက အသက်မ၀င်တော့သည့် မန်ဘာ(၀ါ) သစ်ခြောက်ပင်ကြီးအဖြစ် သတ်မှတ်ပြီး ယင်းမန်ဘာဝင်မှာ နောက်ထပ်မည်သည့်အကျိုးအမြတ်မှ ခံစားခွင့်မရှိတော့သည့်အချက် ဖြစ်သည်။ မိမိကလည်း လစဉ်မန်ဘာဝင်ရှာဖွေရန် လိုအပ်နေသကဲ့သို့ မိမိအောက်က မန်ဘာဝင်နှစ်ဦးကလည်း လစဉ်နောက်ထပ် မန်ဘာဝင်အသစ်များ ရှာဖွေပေးရမည်သာ ဖြစ်သည်။ ထို့အတွက် အောက်ကဇယားကို တစ်ချက်ကြည့်ရန်လိုပါပြီ။ အထက်ပါဇယားအား တစ်ချက်မျှ အချိန်ပေးကြည့်ပါ။ Level 13 ကို ရောက်သည့်အခါ မန်ဘာဝင်ဦးရေမှာ ကမ္ဘာ့လူဦးရေထက် များနေပြီဖြစ်သည်။ ထိုအခါ ယင်းကုန်စည်ရောင်းချရငွေမှ အချိုးကျရရှိမည့် ကော်မရှင်ကို မည်သို့မည်ပုံ ပြန်လည်ခွဲဝေပေးနိုင်မည်လဲ ဆိုသည့်အချက်မှာ မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။

စီးပွားရေးပညာရှင်များ အဓိကထောက်ပြသည့်အချက်မှာ ယင်းစီးပွားရေးစနစ် အခြေခံအဖွဲ့အစည်းမျိုးတွင် အမှန်တကယ် တန်ဖိုးရှိသည့် ထုတ်ကုန်ဖြစ်စေ၊ အသုံးဝင်သည့် ၀န်ဆောင်မှုဖြစ်စေ ထုတ်လုပ်ရောင်းချခြင်းမျိုး လုပ်လေ့မရှိဘဲ မန်ဘာဝင်အသစ်များ အများအပြားစုဆောင်းစေခြင်းဖြင့်သာ ပင်မ၀င်ငွေကို ရှာဖွေလေ့ရှိသည်။ နောက်ဆုံးတွင်မူ မန်ဘာဝင်များပြားလာမှုကြောင့် မန်ဘာဝင်တစ်ဦးချင်းစီကို ပြန်ပေးနိုင်မည့် ၀င်ငွေဖန်တီးနိုင်ခြင်းမရှိတော့ဘဲ ပြိုလဲလေ့ရှိသည်။ ထို့ကြောင့် ယင်းစီးပွားရေးစနစ်အား နှင်းခဲရေပျော်စီးပွားရေး၊ သံကြိုးဆက်စီးပွားရေး၊ ပိုက်ဆံကစားပွဲ စသည့် နာမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်လေ့ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ စီးပွားရေးစနစ် အခြေခံကုမ္ပဏီများ၏ ငွေကြေးအရှုပ်အရှင်းကိစ္စများ ရှေ့တွင်များစွာရှိပါသည်။
အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီကြီးများကမူ ၎င်းတို့ကုန်စည်များသည် အလုပ်သမားစရိတ်၊ ဆိုင်ခန်းစရိတ်များ လုံးဝကုန်ကျခြင်းမရှိဘဲ လူအချင်းချင်း ဆင့်ပွားရောင်းချသည့် စနစ်သာဖြစ်သောကြောင့် အဆိုပါကုန်ကျစရိတ်များကို ရှယ်ယာငွေအဖြစ် မန်ဘာဝင်များထံ ပြန်လည်ခွဲဝေပေးနိုင်ခြင်းသာဖြစ်ပြီး လွန်စွာခိုင်မာသည့် စီးပွားရေးစနစ်တစ်ခုသာ ဖြစ်သည်ဟု ငြင်းဆိုကြသည်။ ယင်းအချက်ကိုလည်း သေချာတွေးကြည့်ပါ မိတ်ဆွေ။ နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးငှားလျှင် တစ်လလျှင် အနည်းဆုံးဝန်ထမ်းစရိတ် နှစ်သိန်းကျပ်ကုန်ကျမည် ဖြစ်သည်။ ထိုကုန်ကျစရိတ်အား ကျခံခြင်းမရှိဘဲ မန်ဘာဝင်များအား နယ်တာဝန်ခံမန်နေဂျာ၊ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ စသည့် နာမည်လှလှလေးများပေးပြီး တစ်ဖက်လှည့်ဖြင့် ရောင်းချစေခြင်း ဖြစ်သည်။ လစဉ်ပြန်လည်ရရှိသည့် ကော်မရှင်တစ်သိန်းခွဲ၊ နှစ်သိန်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ၎င်းတို့ကုန်စည်ရောင်းအား မြှင့်တင်ရေးအတွက် နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးကို ငှားရမ်းလိုက်သည့် ပမာဏသာရှိပါသည်။ မိမိမှာသာ မန်ဘာဝင်ဆိုပြီး မိမိကဲ့သို့ နယ်လှည့်အရောင်းဝန်ထမ်းနှစ်ဦးကို လစဉ်ကြိုးစားရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော်ခြင်းသာ ဖြစ်သည်။ အချို့ဆင့်ပွားရောင်းချသည့် ကုမ္ပဏီကြီးများကတော့ လူရည်လည်လှသည်။ မြို့တစ်မြို့တွင် သြဇာကြီးသော ဘုန်းတော်ကြီးများ၊ အစိုးရအရာရှိကြီးများအား အထူးကော်မရှင်ပေးကာ အရောင်းတာဝန်ပေးကြသည်။ ထိုပုဂ္ဂိုလ်ကြီးများကလည်း ကော်မရှင်ရမည်ဖြစ်သည့်အတွက် မိမိလက်အောက်ရှိ ၀န်ထမ်းများ၊ ဒကာ၊ ဒကာမများအား ၀ယ်ယူခိုင်းလေ့ရှိရာ ထိုစနစ်မှာလည်း အောင်မြင်လှပေသည်။ ရောင်းအားကောင်းသည့် မန်ဘာအသစ်ရှာနိုင်သည့် မန်ဘာဝင်များကို အခါအားလျော်စွာ နိုင်ငံခြားခရီးစဉ်များ ပို့ဆောင်ပေးလေရာ ယခုမှစတင်လုပ်ကိုင်မည့် မန်ဘာဝင်များအတွက်လည်း ကြီးစွာသောမက်လုံးဖြစ်စေသည်။
ဂျပန်နိုင်ငံရဲတပ်ဖွဲ့၏အဆိုအရ ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံသား တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀)သည် အဆိုပါဆင့်ပွားရောင်းချခြင်းစနစ် အခြေခံကုမ္ပဏီရှစ်ခု၏ သားကောင်အဖြစ်သို့ ကျရောက်ခဲ့ရပြီး အထွေထွေဆုံးရှုံးမှုတန်ဖိုးမှာ (US$ 300 Million) ရှိသည်ဟု ထုတ်ပြန်ထားသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် အမေရိကန် FBI အဖွဲ့ကြီးမှ ယင်းစနစ်ဖြင့် လုပ်ကိုင်မည့်သူများအား သတိပေးထားချက်များကို လက်ဆောင်ပါးလိုက်ချင်ပါသည်။ ယင်းအချက်များမှာ Multi-Level Marketing စနစ်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကာ မန်ဘာဝင်မည်ဆိုပါက အဆိုပါကုမ္ပဏီအား မည်သို့မည်ပုံဖွဲ့စည်းထားသည်။ မည်သည့်ပုံစံ ခရီးဆက်နေသည် စသည့် မှတ်တမ်းများကို ရှာဖွေလေ့လာပါ။
ကုမ္ပဏီထုတ်ကုန်များကို လေ့လာပါ။ မေးခွန်းများမေးပါ။ ကန့်သတ်ချက်များကို နားလည်ပါစေ။ အခြားသော ဖြန့်ချိသူများနှင့် သွားရောက်စကားစမြည်ပြောကာ တီးခေါက်ကြည့်ပါ။ ယင်းစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်မှုမရှိသည့် အပြင်လူတစ်ဦးနှင့် တိုင်ပင်ပါ။ ရင်းနှီးမြှုပ်နှံမှုမစခင် အချိန်ယူစဉ်းစားပါ။ မိမိလုပ်ဆောင်ရမည့် ကိစ္စရပ်များသည် မိမိနှင့်ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပါ စသည့်အချက်များဖြစ်ပါသည်။ မိတ်ဆွေ၊ သင့်အိမ်သို့ လာရောက်ကာ မန်ဘာဝင်ရန် စည်းရုံးနေသူကို အားမနာပါနှင့်။ မန်ဘာဝင်ရန် တစ်ထိုင်တည်း ဆုံးဖြတ်ချက်မချပါနှင့်။ သေသေချာချာ အချိန်ယူပါဟုသာ သတိပေးလိုပါကြောင်း။
 http://www.7daydaily.com/story/20815#.VBqj0kRUOc9

အခွင့်အလမ်းများပေါ်နေချိန်တွင် မြန်မာလူငယ်တို့ အိပ်မက်များကို အကောင်အထည်ဖော်ရန် ဦးဖိလစ်မောင် တိုက်တွန်း


အခွင့်အလမ်းများပေါ်နေချိန်တွင် မြန်မာလူငယ်တို့ အိပ်မက်များကို အကောင်အထည်ဖော်ရန် ဦးဖိလစ်မောင် တိုက်တွန်း

အမေရိကန်တွင် ရွှေ့ပြောင်းလုပ်သားဘဝမှ လုပ်ငန်းရှင်ကြီးဖြစ်လာသူ ဦးဖိလစ်မောင်နှင့်တွေ့ဆုံခြင်း

အမေရိကန်သမ္မတအိုဘားမားနှင့်အတူ ဦးဖိလစ်မောင်ကိုတွေ့ရစဉ် (hisshosushi.com)
လွန်ခဲ့သည့်အနှစ် ၂၀ ကျော်က အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ရောက်ခဲ့သော မြန်မာလူငယ်တစ်ဦးမှာ ယခုအခါ အမေရိကန်နိုင်ငံတွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်နေပါပြီ။ သူ့အမည်က ဦးဖိလစ်မောင်။ အမေရိကန်ရောက်စတွင် ဆူရှီဆိုင်တစ်ဆိုင်၌ ဝန်ထမ်းအဖြစ် လုပ်ကိုင်ရင်း အလုပ်ကြိုးစားကာ ပိုက်ဆံစုခဲ့သည်။ စုထားသည့်ပိုက်ဆံများဖြင့် ၁၉၉၈ တွင် ကိုယ်ပိုင်ဆူရှီဆိုင်ဖွင့်လာနိုင်ခဲ့ပြီးနောက် သူ့ဆိုင်များ အောင်မြင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကျဆင်း၍ ကုမ္ပဏီအများအပြား ဝန်ထမ်းလျှော့ချနေချိန်တွင် သူ့ကုမ္ပဏီမှာ အောင်မြင်ဆဲဖြစ်သည်။ ထို့ကြောင့် အမေရိကန်သမ္မတအိုဘားမားကပင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ဦးဖိလစ်မောင်သည် အမေရိကန်နိုင်ငံတွင် Hissho Sushi နာမည်ဖြင့် ကုမ္ပဏီထူထောင်ပြီး နိုင်ငံအနှံ့အပြား ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။ လက်ရှိတွင် ဝန်ထမ်းပေါင်း ၁,၆၀၀ ခန့်အား အလုပ်ပေးထားနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားတစ်ဦးက အမေရိကန်နိုင်ငံတွင် ထင်ရှားသော ကုမ္ပဏီတစ်ခု ဖြစ်လာအောင် ကြိုးပမ်းခဲ့သည်များနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး- ရွှေ့ပြောင်းလုပ်သားဘဝကနေ အမေရိကန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေတဲ့အချိန်မှာတောင် အစ်ကိုတို့ကုမ္ပဏီက စီးပွားရေးမကျဘဲ အောင်မြင်တဲ့ကုမ္ပဏီတစ်ခုဖြစ်အောင် ဘယ်လိုများဆောင်ရွက်ခဲ့ပါသလဲ။
ဖြေ- ကျွန်တော် အမေရိကကို ရောက်တာက ၁၉၈၉ မှာ ရောက်တယ်။ ဗမာတွေသိပ်မရှိဘူးဆိုတော့ အခက်အခဲတော့များတာပေါ့။ ကိုယ့်လက်ကိုယ့်ခြေပဲလုပ်ရတယ်။ သူငယ်ချင်းတစ်ယောက်ပဲရှိတယ်။ အမျိုးတွေလည်းမရှိတော့ နည်းနည်းတော့ ပိုပြီးရုန်းရတာပေါ့။ ရောက်တဲ့အချိန်မှာတော့ တတ်နိုင်သလောက် တစ်နေ့ကို အလုပ် ၁၆ နာရီလုပ်တယ်။ အလုပ်လုပ်နေတုန်းမှာလည်း စာကိုတော့ ရအောင်ဖတ်တာပေါ့နော်။ သူများနဲ့မီအောင်လုပ်ဖို့။ ကျွန်တော်တို့ထွက်လာတုန်းက ကွန်ပျူတာတောင်မမြင်ဖူးဘူး။ ဒီရောက်တော့ သူတို့နဲ့ပြိုင်ဖို့ဆိုတာ စာတွေအများကြီး ဖတ်ရတာပေါ့။ စစချင်းတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်လေးတစ်ခုတော့ ရှိတာပေါ့နော်။ ကျွန်တော့်လူတွေတော်လို့လည်းပါတယ်။ ပထမ ၁၀ နှစ်လောက်တော့ တော်တော်လေး ပြင်းပြင်းထန်ထန် လုပ်ခဲ့ရတယ်။ ကုမ္ပဏီစထောင်ပြီး ၁၀ နှစ်မှာ အရင်းအနှီးကလည်း နည်းတယ်ဆိုတော့ ၁၀ နှစ်နောက်ပိုင်းမှာတော့ ကျွန်တော်စာအုပ်တစ်အုပ်ဖတ်မိပြီးမှ ကျွန်တော် Core Value စလုပ်ရမှန်း သဘောပေါက်လာတာပေါ့။ အရင်တုန်းကတော့ အလုပ်ခန့်မယ်ဆိုရင် မန်နေဂျာတစ်ယောက်တည်းက အလုပ်လာလျှောက်တဲ့လူရဲ့ လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး အလုပ်ခန့်တယ်။ နောက်ပိုင်းမှာတော့ HR (Human Resource)ဌာနက ထပ်လုပ်ပြီးမှ ခန့်တယ်။ ကျွန်တော်တို့ချထားတဲ့ Core Value နဲ့ ကိုက်ညီသလားပေါ့။ အဲဒီလိုကြည့်ပြီးမှ ခန့်တာပေါ့နော်။ ဆိုလိုတာက ဝန်ထမ်းတစ်ယောက်ခန့်မယ်ဆို အင်တာဗျူးနှစ်ခုဖြတ်ရတာပေါ့။ လုပ်ငန်းကကြီးလာချိန်မှာ ဝင်လာတဲ့လူကလည်း ၁,၆၀၀ ရှိလာတော့ အဓိက,က အကုန်လုံးနဲ့ အဆင်ပြေတဲ့လူဆိုရင်တော့ လုပ်ငန်းက ပိုပြီးအဆင်ပြေတာပေါ့။ အဲဒီသဘောပါ။
မေး- Core Value ဆိုတာကို နည်းနည်းအကျယ်ချဲ့ရှင်းပြပါလား။ နောက် အစ်ကိုတို့ကုမ္ပဏီမှာချထားတဲ့ Core Value တွေက ဘာတွေလဲ။
ဖြေ- Core Value ဆိုတာကတော့ Guidance Principle လို့လည်း ခေါ်ကြတယ်။ ကုမ္ပဏီတွေ၊ ကျောင်းတွေ၊ အဖွဲ့အစည်းတွေမှာ ရှိကြတယ်။ ကုမ္ပဏီတွေရဲ့ ရပ်တည်ချက်လို့ ခေါ်မလားမသိဘူး။ ဒီမှာရှိတဲ့ ကုမ္ပဏီတွေမှာ Core Value ကို ခံ့ခံ့ညားညားချိတ်ထားတာ ရှိတယ်။ တကယ်တမ်း လိုက်နာကျင့်သုံးတာတော့ နည်းတာပေါ့။ ပထမနှစ်တွေမှာတော့ Core Value ကို သိပ်စိတ်မဝင်စားခဲ့ဘူး။ ဒီလောက်အရေးကြီးမှန်းလည်း မသိခဲ့ဘူး။ နောက်ပိုင်းကျမှ တကယ်လိုက်နာကျင့်သုံးရင် လုပ်ငန်းလုပ်တဲ့နေရာမှာ ပိုပြီးချောမွေ့တယ်ဆိုတာ သိလာတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတာ အဆင်ပြေမယ်။ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ပန်းတိုင်တစ်ခုကို အတူတူသွားမယ်ဆိုပြီး ကျွန်တော် ကုမ္ပဏီအတွက် Core Value ၁၁ ချက် သတ်မှတ်ထားတယ်။ အရေးကြီးဆုံးနဲ့ ပထမဆုံးက Customer Service (စားသုံးသူတွေအတွက် ဝန်ဆောင်မှု)။ Custormer Service ဆိုတာ Customer နဲ့ ကျွန်တော်တို့မှ မဟုတ်ဘူး။ ကျွန်တော်တို့ အချင်းချင်းမှာလည်း ကျွန်တော်တို့ ဆက်သွယ်တဲ့အချိန်မှာရော တစ်ယောက်နဲ့တစ်ယောက် မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် စွမ်းဆောင်ဖို့။ ဒုတိယအချက်ကတော့ ကိုယ်လည်း သူများဆီက အတုယူ၊ သူများကလည်း ကိုယ်ဆီက ကောင်းတဲ့အချက်တွေ အတုယူစေချင်တာပေါ့။ တတိယအချက်ကတော့ ကျွန်တော်တို့ရဲ့လူတွေကို တီထွင်ကြံဆတဲ့ အိုင်ဒီယာနဲ့ အပြောင်းအလဲကို လက်ခံတတ်ဖို့ ကုမ္ပဏီက ကြီးလာတဲ့အခါမှာ အပြောင်းအလဲတွေက အရမ်းမြန်လာတယ်။ မလိုက်နာရင် ကျန်ခဲ့မှာလေ။ စတုတ္ထအချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုဆက်ဆံဖို့။ ကျွန်တော့်ကုမ္ပဏီမှာ လာကြည့်လိုက်။ ကျွန်တော်တို့ရောင်းတာ ဘယ်လောက်ရှိတယ်ဆိုတာ ထိမ်ချန်ထားစရာမရှိဘူး။ နောက်တစ်ချက်က သူများကိုလည်း စာနာသနားရမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း နှိမ့်ချထားမယ့်အချက်ပေါ့။ ကုမ္ပဏီကြီးလာတဲ့အချိန်မှာ မမောက်မာဖို့နဲ့ အလုပ်လည်းလုပ်၊ ပျော်လည်းပျော်ရမယ်။ သူများကိုလည်း လေးစားရမယ်။ စိတ်တိုတာတွေရှိရင် ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ဖို့။ နောက်ဆုံးအချက်ကတော့ ကျွန်တော့်တို့အတွက်လည်း အရေးကြီးတယ်။ အခက်အခဲတွေကြုံလာတိုင်း မဖြစ်နိုင်ဘူးဆိုတာထက်စာရင် ဖြစ်နိုင်တဲ့နည်းလမ်းကို ရှာကြည့်မယ်။ အဲဒီလိုမျိုးတွေးဖို့ပေါ့။ ကျွန်တော်တို့ လူတစ်ယောက်ကို အလုပ်ခန့်ဖို့ အင်တာဗျူးလုပ်တဲ့အခါမှာ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို သဘောကျတယ်။ လုပ်ငန်းအတွေ့အကြုံလည်း ကြိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ HR ကနေ ကျွန်တော်တို့ Value နဲ့ မညီဘူး။ ဥပမာ မနှိမ့်ချတတ်ဘူး၊ စကားပြောရင် ကြီးကျယ်တယ်ဆိုရင် မခန့်တော့ဘူး။
မေး- အစ်ကိုပြောသွားတဲ့ အစ်ကို့ဘဝကို ပြောင်းလဲစေတဲ့ စာအုပ်အကြောင်း နည်းနည်းရှင်းပြပေးပါလား။
ဖြေ- စာရေးဆရာက Jim Collin ရဲ့ Good to Great စာအုပ်ပါ။ သူ့စာအုပ်တွေအကုန်လုံးက ၅ နှစ် ၁၀ နှစ် သုတေသနပြုပြီး ရေးထားတာ။ ကုမ္ပဏီတွေကိုသွားပြီး အချိန်ကုန်ခံပြီးမှ ရေးထားတာ။ ကုမ္ပဏီဘာကြောင့်ကျရှုံးလဲ။ အောင်မြင်တဲ့ကုမ္ပဏီတွေ ဘယ်လိုလုပ်လဲရေးထားတာ သူရေးထားတဲ့အချက်ထဲက ကျွန်တော် ခေါင်းထဲအမြဲရိုက်သွင်းထားတာကတော့ ကောင်းတဲ့ကုမ္ပဏီတိုင်း ကြီးကျယ်မြင့်မြတ်တာမဟုတ်ဘူး။ တချို့ကုမ္ပဏီတွေ၊ တော်တဲ့ကုမ္ပဏီ နံပါတ်တစ်ဖြစ်ဖို့ ဦးစားပေးကြတယ်။ တကယ့်ကြီးကျယ်မြင့်မြတ်တဲ့ကုမ္ပဏီကျတော့ ပိုက်ဆံတစ်ခုတည်းမဟုတ်ဘူး။ ကိုယ့်ဝန်ထမ်းတွေကိုလည်း ကြည့်ရမယ်။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်တဲ့သူဖြစ်ရမယ်။ အဲဒီလိုရေးထားတာကို ဖတ်မိတဲ့ ကျွန်တော်အတွက် တကယ်အတုယူစရာဖြစ်တာပေါ့။
မေး- သမ္မတအိုဘားမားနဲ့တွေ့တဲ့အခါမှာကော ဘာတွေပြောဖြစ်ခဲ့လဲ။
ဖြေ- ဖိတ်တာကတော့ သမ္မတကတော်ရဲ့ အထူးဧည့်သည်အဖြစ်ပေါ့။ ငါးယောက်ကနေ ၁၀ ယောက်ကြားတော့ ရှိမယ်ထင်တယ်။ အဓိက,ကတော့ လုပ်ငန်းခွင်မှာ အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ရှင်းပြချင်တာနဲ့ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်း အလုပ်ပေးထားတာက ကုမ္ပဏီကြီးတွေ မဟုတ်ဘူးဆိုတာနဲ့ အသေးစားလုပ်ငန်းရှင်တွေကသာ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အလုပ်အကိုင်ပေးထားတဲ့ အကြောင်းနဲ့ အဓိကဂုဏ်ယူတဲ့အကြောင်းပဲ ပြောတာပေါ့။
မေး- မြန်မာပြည်ပြန်လာပြီး စီးပွားရေးလုပ်ဖို့ကော အစီအစဉ်ရှိလား။
ဖြေ- လောလောဆယ်တော့ ချက်ချင်းကြီးတော့ လုပ်ဖို့မရှိပါဘူး။ နောက်ပိုင်းဆိုရင်တော့ လုပ်ဖို့စိတ်ဝင်စားပါတယ်။ ပထမအချက်ကတော့ ဝေးနေတာကတစ်ကြောင်း၊ ဒုတိယအချက်အနေနဲ့ကတော့ ကျွန်တော် ဒီဘက်မှာကလည်း လုပ်ငန်းက အရမ်းအလုပ်များတဲ့အတွက်က တစ်ကြောင်းပေါ့။ ရေရှည်မှာတော့ စိတ်ဆန္ဒအမြဲရှိပါတယ်။
မေး- အစ်ကိုအပါအဝင် အမေရိကန်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာပြည်က ဘယ်လုပ်ငန်းတွေကို စိတ်ဝင်စားကြလဲ။
ဖြေ- ကျွန်တော်ထင်တာတော့ မြန်မာပြည်မှာလုပ်ငန်းတိုင်းကတော့ လိုအပ်နေမယ်ထင်တာပဲလေ။ ဒါပေမဲ့ အရေးကြီးဆုံးလုပ်ငန်းတွေကတော့ အခြေခံအဆောက်အအုံလုပ်ငန်းတွေ အင်မတန်အရေးကြီးမယ်လို့ ထင်တာပဲ။ နိုင်ငံတိုးတက်ဖို့ဆိုရင် အခြေခံအဆောက်အအုံတွေက အင်မတန်မှ အရေးကြီးမယ်လို့ထင်တာပဲ။ ပြီးတော့မှ ထုတ်လုပ်မှုနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ နိုင်ငံကပွင့်သွားပြီဆို လူတွေအများကြီး ဝင်လာလိမ့်မယ်။ အဲဒီမှာ ခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အများကြီးထွက်လာမှာပေါ့။ စားသောက်ဆိုင်တို့၊ ဟိုတယ်တို့၊ ခရီးသွားလုပ်ငန်းတို့ လောလောဆယ်တော့ အမေရိကန်ကုမ္ပဏီတွေကတော့ သတိထားတဲ့အဆင့်မှာပဲ ရှိသေးတယ်။ အဓိက,ကတော့ ဥပဒေတွေနဲ့ပတ်သက်ပြီး သိချင်တယ်။ သေသေချာချာသိချင်တယ်။ ဥပမာ အရင်တစ်ခေါက် ၁၉၉၀ ကျော်ကဖြစ်ခဲ့သလို နိုင်ငံခြားကုမ္ပဏီတွေဝင်လာပြီးမှ ဥပဒေတွေက ပြောင်းတဲ့အတွက် အခက်အခဲတွေက ရှိခဲ့တာပေါ့နော်။ ဒုတိယအချက်အနေနဲ့က နောက်နှစ်မှာလုပ်မယ့် ရွေးကောက်ပွဲမှာ အပြောင်းအလဲ ဘယ်လိုရှိမလဲပေါ့။ အကုန်လုံးကတော့ သတိထားပြီး စောင့်ကြည့်နေကြတာဗျ။ အခုကတော့ ချက်ချင်းကြီးတော့ အကုန်လုံးလှိမ့်ပြီးဝင်ဖို့တော့ မရှိသေးဘူး။ အခုမှစပြီးလှမ်းတဲ့ သဘောပဲရှိတာပေါ့။ နှစ်ဖက်အခြေအနေအပြောင်းအလဲကိုပဲ ကြည့်နေကြတာပေါ့နော်။ နောက်နှစ် ဘာဖြစ်မလဲဆိုပြီး။
မေး- ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လိုအခြေအနေမျိုးဖြစ်မှ လာပြီးရင်းနှီးမြှုပ်နှံကြမှာလဲ။
ဖြေ- ကောင်းတဲ့အပြောင်းအလဲဘက်ကို လူတိုင်းက စောင့်နေကြတာပေါ့။ အဓိက (၁)အချက်အနေနဲ့ ရှုပ်ရှုပ်ယှက်ယှက်မဖြစ်ဖို့။ (၂)အချက်အနေနဲ့ အေးအေးချမ်းချမ်းနဲ့ ကောင်းတဲ့အပြောင်းအလဲဘက်ကို ရောက်စေချင်တာပေါ့။ အဓိက,ကတော့ လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ ရွေးချယ်ခွင့်ပေးရင် ကောင်းတာပေါ့။ ဘယ်သူရရမယ် မဟုတ်ဘူး။ မျှမျှတတနဲ့ အကုန်လုံးကို လုပ်ခွင့်ပေးမယ်။ ပွင့်လင်းမြင်သာမှုရှိတယ်ဆိုရင်တော့ လူတွေလက်ခံမှာပါ။
မေး- မြန်မာ့စီးပွားရေးတိုးတက်ဖို့ဆို ဘာတွေလုပ်ဖို့လိုမယ်ထင်လဲ။
ဖြေ- အခြေခံအဆောက်အအုံကို အစိုးရက ကောင်းကောင်းလုပ်ပေးနိုင်မယ်။ ဆက်သွယ်ရေးတွေ မြန်လာမယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာမယ်။ ရေတွေ၊ မီးတွေ အလုံအလောက်ရလာမယ်။ ကျွမ်းကျင်ဝန်ထမ်းတွေ အများကြီးပျိုးထောင်ပေးရမယ်။ နောက်တစ်ခုက ဥပဒေခိုင်ခိုင်မာမာဖြစ်လာရမယ်။
မေး- မြန်မာပြည်အတွက် အစ်ကို့အနေနဲ့ ဘာများလုပ်ပေးချင်တာရှိလဲ။ တကယ်လို့ လုပ်ခွင့်ရမယ်ဆိုရင်။
ဖြေ- တစ်နေ့နေ့ တစ်ချိန်ချိန် မြန်မာပြည်ကိုပြန်လာပြီး တစ်ခုခုလုပ်ပေးချင်ပါတယ်။ လုပ်ငန်းတစ်ခုထူထောင်ပြီး အလုပ်အကိုင်တွေပေးတာတို့၊ ဖောင်ဒေးရှင်းတစ်ခုခုထူထောင်ပြီး တကယ်လုပ်နေတဲ့လူတွေနဲ့ပေါင်းပြီး လူမှုဖူလုံရေးအဖွဲ့တွေနဲ့ပေါင်းပြီး ဘယ်လိုလုပ်ပေးရမလဲ။ Vocation School တွေလုပ်ချင်တယ်။ လေးနှစ်ဘွဲ့ရသင်တန်းမျိုး မဟုတ်ဘူးပေါ့။ ခြောက်လ၊ တစ်နှစ်နဲ့ လုပ်ငန်းခွင်မှာ ကျွမ်းကျင်ဝန်ထမ်းတွေဖြစ်လာအောင် မွေးထုတ်ပေးတဲ့သင်တန်းတွေပေါ့။ နောက်လူတွေကို စာဖတ်ချင်လာအောင် ဘယ်လိုလုပ်ရမလဲ။ ဆိုလိုတာက စာကြည့်တိုက်ပဲဖြစ်ဖြစ်ပေါ့။ တစ်ခုခုတော့ ကိုယ့်စိတ်ထဲမှာတော့ လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ လုပ်လို့မှမရသေးတာ။
မေး- အခု အမေရိကမှာကော မြန်မာနိုင်ငံသားတွေအတွက် ဘာလုပ်ပေးထားလဲ။
ဖြေ- အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းလေးတစ်ခု ထောင်ထားတယ်။ ကျွန်တော်ရောက်ခါစကလို အခက်အခဲရှိရင်တောင် ကူညီမယ့်သူမရှိဘူးလေ။ အခုထောင်ထားတဲ့  ဖောင်ဒေးရှင်းကနေ အခက်အခဲရှိသူတွေကို ကူညီဖို့နဲ့ ပထမဆုံးရွှေ့ပြောင်းလုပ်သားအနေနဲ့ဝင်လာတဲ့ ကျွန်တော်တို့လူမျိုးတွေအတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ သားရေး၊ သမီးရေးအတွက် ကလေးတွေအတွက်ဆို စကောလားရှစ်တွေ စီစဉ်ထားပါတယ်။ သူတို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဖြစ်လာဖို့ ဘယ်လိုပံ့ပိုးပေးရမလဲပေါ့နော်။ အဲဒါတွေလည်း ပါတာပေါ့။
မေး- ကျွန်တော်ကတော့ မေးလို့ပြီးပါပြီ။ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ- မြန်မာပြည်က တကယ်ကြိုးစားချင်တဲ့ လူငယ်တွေအတွက်၊ တိုးတက်ချင်တဲ့လူငယ်အတွက်ပဲ ပြောချင်ပါတယ်။ နိုင်ငံက အခွင့်အရေးတွေပေါ်လာပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀-၃၀ နဲ့ မတူတော့ဘူးဆိုတော့ သူတို့ရဲ့အိပ်မက်တွေကို စပြီးအကောင်အထည်ဖော်လို့ရပြီ။ ကိုယ်လုပ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့နဲ့ ဘယ်တော့မှအလျှော့မပေးဖို့။ တစ်ခါတည်းနဲ့ တန်းပြီးအောင်မြင်တဲ့လူဆိုတာ ရှိဖို့ခက်ခဲပါတယ်။ ခဏခဏ ပြုတ်ပြုတ်ကျမှာပဲလေ။ စိတ်ထဲမှာ  လုပ်ချင်တယ်ဆိုရင် ရအောင်လုပ်ဖို့နဲ့ အခုချိန်က လူငယ်တွေတိုးတက်ချင်သူတွေအတွက် အကောင်းဆုံးပဲ။ မဖြစ်နိုင်ဘူးဆိုတာထက် ဘယ်လိုနည်းလမ်းရှာမလဲဆိုတဲ့ နည်းလမ်းရှာပါလို့။
ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

http://www.7daydaily.com/story/2081
4

Telenor က မိုဘိုင်းအင်တာနက်စနစ် ပေးအပ်ရန် MPT နှင့်ဆွေးနွေး


Telenor က မိုဘိုင်းအင်တာနက်စနစ် ပေးအပ်ရန် MPT နှင့်ဆွေးနွေး

Telenor သည် ၎င်းတို့၏ မိုဘိုင်းဖုန်းကွန်ရက်တွင် အင်တာနက်စနစ်ပေးအပ်ရန် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဆွေးနွေးနေကြောင်း Telenor ၏ CEO ဖြစ်သူ Mr.Petter ကပြောသည်။
လက်ရှိအချိန်တွင် ကိုယ်ပိုင် Gateway ပိုင်ဆိုင်သော အော်ပရေတာသည် မြန်မာနိုင်ငံ၌ MPT တစ်ခုသာရှိပြီး အဆိုပါ MPT Gateway ထံမှာ အင်တာနက် အသုံးပြုနိုင်သော Bandwidth ကို Telenor က ရယူ အသုံးပြုရန် ဆွေးနွေးနေခြင်းဖြစ်သည်။
Telenor သည် သီးခြား Gateway တစ်ခုနှင့် မိုဘိုင်းအင်တာနက်စနစ် ပေးအပ်နိုင်ရန် Bandwidth အကြောင်း ဆွေးနွေးခဲ့သော်လည်း ကွန်ရက်နှေးကွေးမှုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရသည်ဟု Mr.petter ကပြောသည်။ Telenor သည် MPT တွင်ပိုနေသည့် Bandwidth ကို ရယူအသုံးပြုရန် စီစဉ်နေခြင်းဖြစ်ပြီး Ooredoo သည် ၎င်း၏ မိုဘိုင်းအင်တာနက်စနစ်အတွက် ထိုင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက် ထားသည်ဟု သိရသည်။

http://www.internetjournal.com.mm/content/14412

ဓမ္မစေတီခေါင်းလောင်းကြီး ရှာမတွေ့လည်း လူထုကိုပြန်တောင်းပန်ရန် အစီအစဉ်မရှိဟုဆို


ဓမ္မစေတီခေါင်းလောင်းကြီး ရှာမတွေ့လည်း လူထုကိုပြန်တောင်းပန်ရန် အစီအစဉ်မရှိဟုဆို
========================================
ကျော်စိုးဦး | ရန်ကုန်၊
ဓမ္မစေတီခေါင်းလောင်းဆယ် ယူရေးအဖွဲ့အနေဖြင့် လူထုကိုကတိ ပေးထားသည့် ခေါင်းလောင်းကို ကုန်း ပေါ်သို့ ဆယ်ယူနိုင်ခြင်းမရှိပါက ¤င်း တို့အဖွဲ့အနေဖြင့် လူထုကို တောင်း ပန်သွားရန် အစီအစဉ်မရှိကြောင်းကို ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံဦးကြည် ဝင်းက စက်တင်ဘာ ၁၄ရက်က သန် လျင်မြို့နယ် နတ်စင်တစ်ရာဘုန်းတော် ကြီးကျောင်း၌ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောကြားခဲ့သည်။
''အဖွဲ့အနေနဲ့ ခေါင်းလောင်းကြီး ကုန်းပေါ်ရောက်ဖို့ အလှူရှင်တွေရဲ့ ငွေကြေးရှိသလောက် ရှာဖွေမယ်။ ခေါင်းလောင်းကုန်းပေါ်ရောက်ဖို့ ဘယ် လောက်ကြာနိုင်လဲဆိုတဲ့ အမေးတွေ ကို လဲမဖြေဘူး။ ကျွန်တော်တို့ခေါင်း လောင်းဆယ်ယူရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ယုံကြည်လို့ ဆယ်ယူရေးသင်္ဘော တွေ၊ လုံခြုံရေးတွေ တာဝန်ယူပေးထား တယ်။ ခေါင်းလောင်းကြီး ရှာလို့မရခဲ့ ရင်လဲ ကျွန်တော်တို့အနေနဲ့ လူထုကို တောင်းပန်သွားဖို့မရှိဘူး''ဟု ပြော ဆိုခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ခေါင်းဆောင်း ဦးစံလင်းသည် သြဂုတ် ၂၆ ရက်တွင် ခေါင်းလောင်း ကြီး ကုန်းပေါ်ကိုပြန်ရောက်မည်ဟု မီဒီယာများက တရားဝင်သတင်းထုတ် ပြန်ခဲ့သည်။
ဦးစံလင်း၏ သတင်းထုတ်ပြန်မှု ကြောင့် မီဒီယာများနှင့် လူထုသည် ခေါင်းလောင်းကြီး ကုန်းပေါ် အမှန် တကယ်ရောက်ရှိနိုင်မည်ဟု ယုံကြည် ချက်ဖြင့် အဆိုပါညတွင် ရှုခင်းသာ ပန်းခြံအနီး၌ တစ်ညလုံးအိပ်ရေးပျက် ခံကာ စောင့်ဆိုင်းခဲ့သည်။
အဆိုပါညတွင် ဦးစံလင်း၏ ပြောကြားချက်ကိုယုံကြည်၍ သာကေ တမြို့နယ်နေပြည်သူတစ်ဦးက''ကျွန် တော်တို့သူပြောတာကို ယုံကြည်လို့ တစ်ညလုံး မြစ်ကမ်းလေးမှာဟုတ်နိုင် လိမ့်မယ်အထင်နဲ့ သွားရောက်ကြည့် ခဲ့တယ်။ မိုးသာ လင်းသွားတာဘာမှ မထူးဘူး။ အခုလဲ ဘာထူးလဲ အမျိုး မျိုးပြောနေတယ်။ သူပြောဆိုမှုတွေကို လဲ လူထုက အယုံအကြည်ရှိနိုင်တော့ မယ်လို့မထင်ဘူး။ ဖြစ်ရပ်မှန်အခြေ အနေကို ပြည်သူတွေသိအောင်အ မှန်အတိုင်း ထုတ်ပြန်ပေးသင့်တယ်။လူထုကိုမလိမ်သင့်ဘူး''ဟု ပြောသည်။
ဓမ္မစေတီခေါင်းလောင်းဆယ် ယူနိုင်ရန် ပြည်သူလူထု၏ အလှူငွေ ကျပ်သိန်းပေါင်း ၁၅ဝဝ ခန့်ရှိပြီး ငွေ ကျပ်သိန်းပေါင်း ၇ဝဝ ကျော်ခန့်သုံးစွဲ ထားပြီးဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိ တွင် ဓမ္မစေတီခေါင်းလောင်းနှင့်ပတ် သက်သော သတင်းများကို ပြည်သူ လူထုသည် ယခင်ကလောက် စိတ်ဝင် စားမှုမရှိဘဲ ၂ဝ၁၅ ရွေးကောက်ပွဲနီး လာသဖြင့် လူထုကို အာရုံပြောင်းသော အစီအစဉ်တစ်ခုသာဖြစ်ကြောင်း ပြော ဆိုမှုများလည်း ရှိသည်။
ရန်ကုန်တိုင်းမ်ဂျာနယ် ၊ အတွဲ ၁၀ ၊ အမှတ် ၃၆
===========================================
‪#‎YangonMediaGroup‬ ™ | ‪#‎MZK‬ | www.yangonmedia.com