သတင်းနှင့်နည်းပညာများ

11/13/13

သမ္မတ လစာလျှော့ယူမှု ဥပဒေ ချိုးဖောက်သည့်ပုံစံဖြစ်နေဟု ဦးခင်အောင်မြင့် သတိပေး၊ လစာကိစ္စ သမ္မတထံ တိုက်ရိုက်ဖုန်းခေါ်ခိုင်း

သတင်း

သမ္မတ လစာလျှော့ယူမှု ဥပဒေ ချိုးဖောက်သည့်ပုံစံဖြစ်နေဟု ဦးခင်အောင်မြင့် သတိပေး၊ လစာကိစ္စ သမ္မတထံ တိုက်ရိုက်ဖုန်းခေါ်ခိုင်း

ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၃

သမ္မတဦးသိန်းစိန်က ဥပဒေပါ သမ္မတလစာ သိန်း ၅၀ ကို မခံစားဘဲ တလ ငွေကျပ် ၁၅ သိန်းသာ လျှော့ယူခံစားမှုသည် ဥပဒေ ချိုးဖောက်သည့် ပုံစံဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေး ပြောဆိုလိုက်သည်။

ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းဆွေးနွေးစဉ် ဦးခင်အောင်မြင့်က အထက်ပါအတိုင်း သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်

`` နိုင်ငံတော် သမ္မတရဲ့လစာခံစားခွင့် သိန်း(၅၀)ဟာ ဥပဒေ မှာပါရှိပြီးဖြစ် တဲ့အတွက် လိုက်နာရ မယ်။ အခု လို မယူ တဲ့ အတွ က် ဥပဒေ ကို ချိုး ဖေါက် သလို ဖြစ်နေ ကြောင်း၊ သူ့အနေ နဲ့ဒီလစာကိုယူသင့်ကြောင်း ၊သူ မယူ တဲ့ အတွက် အခု လို ဥပဒေ ကို ပြန်ြပင်နေရတယ်´´ ဟု ဦးခင်အောင်မြင့်က ဆိုသည်။

သမ္မတက လတ်တလော တလ ငွေကျပ် ၁၅ သိန်းရယူနေသည့်အတွက် ယင်းလစာအတိုင်း ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းပေးရန် လွှတ်တော်က ဆောင်ရွက်သောအခါ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သမ္မတ၏ လစာ တလ ၁၅ သိန်းဟု ပြဋ္ဌာန်းလျှင် သမ္မတ၏ ဂုဏ်သိက္ခာကျနိုင်ကြောင်း တင်ပြ လာသဖြင့် ဦးခင်အောင်မြင့်က ``သမ္မတအနေဖြင့် ဥပဒေပါ သိန်း ၅၀ လစာ ခံ စားခွင့် ဆက် လက် ခံ စား မယ်၊ မခံစားဘူး´´ မေးမြန်းရန် ဒေါက် တာ မောင် မောင်သိမ်းကို သမ္မတ ဦးသိန်းစိန် ထံသို့ တိုက်ရိုက်ဖုန်း ဆက် မေးမြန်းခိုင်းခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန် က တလ သိန်း၅၀ မ ခံ စား လိုဘဲ လစာ ခံစား ခွင့် သတ် မှတ် ချက် ကို လွှတ်တော် က သာ သတ်မှတ် ပေးရန် ပြန် လည် ပြောဆို ခဲ့ ကြောင်း သိရှိရသည်။

လတ်တလောတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း အတည်မပြုနိုင်သေးပေ။

Credit By - The Irrawaddy (Burmese Version)

မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ၊ စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်

မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ၊ စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်

မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) လာရောက်မည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြခဲ့ပြီး စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။

OIC ၏ အထွေထွေ အတွင်းရေးမှူး Ekmeleddin İhsanoğlu နှင့် OIC အဖွဲ့ဝင် အစ္စလာမ်မစ် ခုနစ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်၌ စစ်တွေမြို့သို့ သွားရောက်ရန်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ဆန္ဒပြမှုများမှာ အင်းစိန်မြို့နယ်တွင် နံနက် ၁၁ နာရီခန့်က လည်းကောင်း၊ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားရှေ့တွင် မွန်းလွဲ ၂ နာရီခန့်က လည်းကောင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် OIC GET OUT စာတန်းပါ ဗီနိုင်းများ ကိုင်ဆောင်ခြင်း၊ မြန်မာပြည်၏ မည်သည့်နေရာမဆို အိုအိုင်စီရုံး စိုက်ခွင့်မပြု၊ မြန်မာပြည်၏ ပြည်တွင်းရေးကို မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းများမှ ၀င်ရောက် စွက်ဖက်ခွင့်မပြု၊ ခိုးဝင် ဘင်္ဂါလီများအား ရခိုင်ဒေသမှ အစ္စလာမ်မစ် နိုင်ငံများသို့ ခေါ်ဆောင်သွားရန် စသည်တို့ကို ကြွေးကြော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်တွင် ပြုလုပ်သည့် ဆန္ဒပြမှုကို ဗဟိုလမ်းတစ်လျှောက် သံဃာနှင့် ပြည်သူ ၃၀ ခန့် လမ်းလျှောက် ဆန္ဒပြခဲ့ပြီး "မလာပါနဲ့ OIC ၊ သွားခွင့်မရှိ ရခိုင်ပြည်" စသည့် ကြွေးကြော်သံများနှင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားရှေ့တွင် သံဃာနှင့် ပြည်သူ စုစုပေါင်းအင်အား ၁၀၀၀ ခန့်သည် OIC မြန်မာပြည်သို့ ၀င်ရောက်ခြင်း၊ လေ့လာခြင်းများကို လုံးဝသဘောမတူ၊ မလိုလားကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ဆန္ဒပြမှုကို မကွေးပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခမှ ဦးဆောင်ပြီး မွန်းလွဲ ၂ နာရီတွင် ကြေးသွန်းဘုရားမှ စတင် ထွက်ခွာလာကာ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြမှုကို ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ် ရဲစခန်းတို့၏ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ယင်းဆန္ဒပြမှုကို ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်း ဆန္ဒပြသူများနှင့် လာရောက် စကားပြောဆိုခဲ့ကြောင်း သိရသည်။

"ကျွန်တော်က အခြေအနေကို လာပြီးကြည့်တဲ့သဘောပါ။ ပြည်သူတွေရဲ့ဆန္ဒကို တရားဝင် ခွင့်ပြုချက်ရယူပြီး ဆန္ဒပြတာဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့အသံ ဖြစ်ပါတယ်" ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက OIC ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဟန့်တားသဖြင့် ဆန္ဒထုတ်ဖော်မည့်သူများ လူစုခွဲခဲ့ရကြောင်း သိရသည်။

သို့ရာတွင် နိုဝင်ဘာ ၁၅ ရက်တွင် စစ်တွေ၊ ကျောက်ဖြူ အပါအ၀င် အခြားမြို့များ၌ OIC ကိစ္စ ဆန္ဒပြကန့်ကွက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

" OIC အဖွဲ့ လာတာကိုတော့ ဦးဇင်းတို့အနေနဲ့ ကန့်ကွက်စရာ မရှိဘူး။ သူတို့ ဘာသာဝင်တွေကို လာကြည့်တာ၊ ထောက်ပံ့တာ လုပ်တာမျိုးတော့ လက်ခံပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အစိုးရက ရုံးဖွင့်ခွင့်ပေးတာ၊ အမျိုးဘာသာ သာသနာကို ထိပါးတဲ့ တောင်းဆိုချက်တွေ လိုက်လျောတာ ရှိလာရင်တော့ ပခုက္ကူ သံဃာတော်တွေ ကန့်ကွက်ဆန္ဒပြသွားမယ်" ဟု ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ ဦးလက္ခဏက မိန့်ကြားသည်။

" OIC ကိုယ်စားလှယ်အဖွဲ့ မိတ္ထီလာမြို့ကို ရောက်လာရင်တော့ ကျွန်တော်တို့ မြို့လူထုအနေနဲ့ ကန့်ကွက် ဆန္ဒထုတ်ဖော်ဖို့ အသင့်ပြင်ထားတယ်" ဟု မိတ္ထီလာမြို့ခံ ကိုအောင်မြင့်ကိုက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက OIC ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်ခွင့် မပြုရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

သို့သော် OIC ရုံး ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

OIC ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် မရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၁၂ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

"နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံရန် အစီအစဉ် မရှိပါဘူး။ ဒီခရီးစဉ်ဟာ OIC ရုံးဖွင့်ရေးနဲ့လည်း မဆိုင်ပါဘူး။ အဓိကက ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး၊ ပြန်လည်ထူထောင်ရေး အခြေအနေများကို လေ့လာနိုင်ဖို့သာ ဖြစ်ပါတယ်။ နောက်ပြီး အစ္စလာမ် ဘာသာဝင်များနဲ့သာ တွေ့ဆုံမှာ မဟုတ်ပါဘူး။ ရခိုင် တိုင်းရင်းသားများနဲ့လည်း တွေ့ဆုံပြီး အဓိကက ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး၊ ပြန်လည် ထူထောင်ရေး အခြေအနေများကို လေ့လာနိုင်ဖို့သာ ဖြစ်ပါတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။ ဦးရဲထွဋ်သည် ယခင်က OIC အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကြားဝင် ဖျန်ဖြေပေးရန် မလိုအပ်ဟု ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။

OIC သည် အဖွဲ့ဝင် နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် နိုင်ငံတကာ အစ္စလာမ်မစ်အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် ဒုတိယအကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် Organization of Islamic Conference အဖြစ် စတင်တည်ထောင်ခဲ့ပြီး အဓိက ရည်ရွယ်ချက်မှာ အစ္စလာမ်မစ်များ၏ လူမှုရေးနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ် ထိန်းသိမ်းပေးရန် ဖြစ်သည်။

OIC သည် အစ္စလာမ်မစ် နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးကို မြှင့်တင်၍ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံခြင်းမရှိဘဲ ၁၉၉၀ ခုနှစ် သြဂုတ် ၅ ရက်နေ့တွင် ရှရီယာ ဥပဒေနှင့်အညီ ကိုင်ရို လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်၍ လိုက်နာကျင့်သုံးခဲ့သည်။

သို့သော် ၂၀၀၈ ခုနှစ် ဇွန်လတွင် ပဋိညာဉ်စာတမ်းအား ပြန်လည်ပြင်ဆင်၍ ကိုင်ရို လူ့အခွင့်အရေး ကြေညာစာတမ်းအား ဖျက်သိမ်းပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား စတင် အသိအမှတ်ပြုခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၂၈ ရက်တွင် လက်ရှိအမည် Organisation of Islamic Cooperation သို့ ပြောင်းလဲခဲ့သည်။

OIC သည် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ ဝေဖန်ရှုတ်ချမှုများနှင့် လူနည်းစု မွတ်စလင်များအပေါ် ဖိနှိပ်မှုများရှိသည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့သော်လည်း OIC အဖွဲ့ဝင် နိုင်ငံများအကြား လူနည်းစုဝင်များအပေါ် ဖိနှိပ်မှုများအား ဖြေရှင်းရန် ပျက်ကွက်မှုကြောင့် နိုင်ငံတကာ ဝေဖန်မှုများ ကြုံတွေ့ရလေ့ရှိသည်။ အထူးသဖြင့် ဆီးရီးယားရှိ Kurds လူမျိုးစုဝင်များ၊ အီရန်ရှိ Ahwz လူမျိုးစုဝင်များ၊ အာဖဂန်နစ္စတန်ရှိ Hazars လူမျိုးစုဝင်များ၊ ပါကစ္စတန်ရှိ Baluchis လူမျိုးစုဝင်များနှင့် ရီမင်ရှိ Al-Akhdam လူမျိုးစုဝင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် OIC ကို နိုင်ငံတကာမှ ဝေဖန်မှုများ ရှိနေသည်။

OIC သည် ရှရီယာဥပဒေကို မူတည် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ၎င်းတို့၏ ရည်ရွယ်ချက်များတွင် ကမ္ဘာ့နိုင်ငံများအကြား ရှရီယာဥပဒေ သတ်မှတ် ပြဋ္ဌာန်းနိုင်ရေးသည်လည်း အဓိက ရည်ရွယ်ချက်တစ်ခုအဖြစ် ပါဝင်သည်။ ရှရှီယာ ဥပဒေဆိုသည်မှာ အစ္စလာမ် ဘာသာရေး ဥပဒေတစ်ခု ဖြစ်သည်။

အဆိုပါဥပဒေတွင် ရာဇ၀တ်မှု၊ နိုင်ငံရေး၊ စီးပွားရေးမှ အစပြု၍ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအသောက်နှင့် ဆုတောင်းခြင်း အစရှိသည့် အကြောင်းအရာများကိုပါ အစ္စလာမ် ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ သတ်မှတ် ပြဋ္ဌာန်းထားသည်။ ရှရီယာ ဥပဒေအရ ခိုးမှု ကျူးလွန်သူများ၊ အိမ်ထောင်ရေး ဖောက်ပြန်သူများကို ခေါင်းဖြတ်သတ်သည့် ပြစ်ဒဏ်ချမှတ်ရမည်ဟု သတ်မှတ်ထားသည့်အပြင် အစ္စလာမ်ဘာသာကို စွန့်ခွာပြီး ဘာသာပြောင်းသူများအားလည်း အပြစ်ရှိသူ ရာဇ၀တ်သားအဖြစ် ကွပ်မျက်ခြင်းခံရမည်ဟု ရေးသားထားသည်။

ရှရီယာဥပဒေတွင် အမျိုးသမီး အခွင့်အရေးများအားလည်း လွန်မင်းစွာ ကန့်သတ် ချုပ်ချယ်ထားပြီး အမျိုးသမီးများအနေဖြင့် လင်ယောက်ျား၏ ထိန်းချုပ်မှု အောက်တွင်သာ အလုံးစုံရှိရန် သတ်မှတ် ပြဋ္ဌာန်းထားသည်။ ရှရှီယာဥပဒေတစ်ခုလုံးသည် အစွန်းရောက်လွန်းပြီး တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်ရေး ကြေညာစာတမ်းနှင့် ဆန့်ကျင်သည်ဟု သတ်မှတ်သည့်အတွက် အစ္စလာမ်မစ်နိုင်ငံ အများစုသည် ရှရီယာဥပဒေကို အလုံးစုံ ကျင့်သုံးလေ့ မရှိကြဘဲ တစ်စိတ် တစ်ဒေသလောက်သာ ကျင့်သုံးလေ့ရှိသည်။

OIC ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ကန့်ကွက်ဆန္ဒ ပြနေကြသူများ ကမ္ဘာအေးစေတီ လမ်းအတိုင်း ဆူးလေသို့ လမ်းလျှောက်ဆန္ဒ ပြနေကြစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Credit By - Eleven Media Group

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ် ရပ်ဆိုင်း၊ လာမည့် ဘဏ္ဍာနှစ်တွင် ပြန်လည်သုံးသပ် စိစစ်ပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ် ရပ်ဆိုင်း၊ လာမည့် ဘဏ္ဍာနှစ်တွင် ပြန်လည်သုံးသပ် စိစစ်ပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်

နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချရေး ကိစ္စနှင့် ပတ်သက်၍ အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များက အဆိုကို ထောက်ခံကာ ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက်ဆွေးနွေး ခဲ့ကြပြီးနောက် လွှတ်တော်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး လာရောက်ရှင်းလင်းရာတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူဆောင်ရွက်မည်ဟု ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ပြည်ထောင်စုဝန်ကြီးပိုင်းက တင်ပြသွားတာက လျှပ်စ မဟာ ဗျူဟာမူဝါဒနဲ့ ပတ်သက်ပြီးတော့ နှစ် ၃၀ အပေါ် မူတည်ပြီးတော့ ဆွေးနွေးသွားတာ ရှိပါတယ်။ ဒီဆွေးနွေးချက်တွေဟာ ပြန်သုံးသပ်မယ်ဆိုရင် မိမိတို့နိုင်ငံမှာ ရှိနေတဲ့ လျှပ်စစ်ဥပဒေဟာ ဒီနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေ ရှိ၊ မရှိ။ ဒီအပေါ် မူတည်ပြီးတော့ လျှပ်စစ်ဥပဒေ ရေးဆွဲပြီးတော့ မူကြမ်းအဖြစ် လွှတ်တော်တစ်ရပ်က တင်ပြထားတာလည်း ရှိပါတယ်။ နောက်တစ်ခုက နှစ် ၃၀ စီမံကိန်းဆိုတာ လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင် ဒါလည်းလေ့လာ သုံးသပ်ရမယ့် အကြောင်းကို ၀န်ကြီးကသော် လည်းကောင်း၊ သက်ဆိုင်ရာ ဆွေးနွေးတဲ့ သူကသော် လည်းကောင်း ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက် နှစ် ၃၀ စီမံကိန်းနဲ့အတူ ဒီနေ့နိုင်ငံမှာ လိုအပ်တဲ့ လျှပ်စစ်များ ရရှိရေးအတွက် ဘယ်လိုလုပ်မလဲ ဆိုတာကို လက်တွေ့ကျတဲ့ စီမံကိန်း တစ်ခုတော့ ဖြစ်ဖို့လိုပါတယ်" ဟု ဆိုသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက "ပြီးခဲ့တဲ့ ရက်ကာလ အတွင်းက အရေးကြီး အဆိုအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ ကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဒီအဆိုပေါ် မူတည်ပြီးတော့ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းကို ရပ်ဆိုင်းထားမယ်။ လာမယ့်ဘတ်ဂျက်နှစ် ကျတော့မှ ပြန်လည်သုံးသပ် စိစစ်ပြီးမှ ဆက်လက်ဆောင်ရွက် ပါမယ်ဆိုတဲ့ တင်ပြချက်ကလည်း ပြည်သူများရဲ့ လိုအပ်ချက်၊ ပြည်သူများရဲ့ ဆန္ဒများကို လေးစားစွာ ဖော်ဆောင်ပေးမှာ ဖြစ်သလို ပြည်ထောင်စု လွှတ်တော်ကိုလည်း ဒီလိုပဲ တင်ပြတယ်လို့ မိမိအနေနဲ့ မှတ်ယူပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဆွေးနွေးတာက အရေးကြီး အဆိုပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရက အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်မှာ လာတင်ပြဖို့ဆိုတဲ့ ကိစ္စမှာ ၀န်ကြီးလာရောက် ရှင်းလင်းတင်ပြပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဆိုပါ အတိုင်းပဲ လျှပ်စစ်တိုးမြှင့် ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်းပြီး လာမယ့်ဘတ်ဂျက်နှစ်မှာ စိစစ်ဆောင်ရွက်မယ် ဆိုတဲ့အပေါ် မူတည်ပြီးတော့ လွှတ်တော်မှာ မှတ်တမ်းတင် ထားရှိဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာပါတယ်" ဟု ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိအတွက် ယခင်ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိအတွက် ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ၁၅၀ ကျပ်၊ အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ၅၀ ကျပ်နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီး ပြောင်းလဲကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမြင်ကွင်း

Credit By - Eleven Media Group

နွားစားသောနဂါးနှင့် လာဘ်စားပြီး ဥပဒေမျက်ကွယ်ပြုသူများ

နွားစားသောနဂါးနှင့် လာဘ်စားပြီး ဥပဒေမျက်ကွယ်ပြုသူများ
---------------
ရေးသားသူ- ငြိမ်းချမ်း၊ ရဲနောင်၊ မောင်တာ

ဈေးကောင်းရသဖြင့် ယခုနှစ်ဧပြီလက အိမ်ရှိခိုင်းနွားကို ရောင်းလိုက်သော ဒေါ်စန်းဌေးတစ်ယောက် သူ့ဆုံးဖြတ်ချက်ကို နောင်တရနေလေပြီ။ ယခုအခါသူနွားပြန်ဝယ်လိုသော်လည်း ဈေးကြီးလွန်း၍ ပြန်မ၀ယ်နိုင်တော့ပါ။

လွန်ခဲ့သောတစ်နှစ်က ခိုင်းနွားတစ်ကောင်လျှင် ကျပ်လေးသိန်းဝန်းကျင်တန်ဖိုးရှိရာမှ ယခုနှစ်တွင် ကျယ်ဆယ်သိန်းခန့်အထိ ရှိနေပါပြီ။

“ဈေးကောင်းရပြီဆိုပြီး ရောင်းလိုက်တာ။ အခုနွားဈေးက အရမ်းကြီးနေတော့ ဘယ်လိုမှ ပြန်မ၀ယ်နိုင်တော့ဘူး”ဟု ညောင်ဦးမြို့နယ် သစ်ထောင့်တောင်ကျေးရွာမှ တောင်သူဒေါ်စန်းဌေးက အားလျှော့သောလေသံဖြင့် ပြောသည်။

အိမ်နီးချင်းတရုတ်နိုင်ငံမှ မြန်မာနိုင်ငံထွက် နွားများကို ၂ နှစ်အတွင်း နည်းလမ်းမျိုးစုံဖြင့် အဆမတန်ဝယ်ယူနေမှုကြောင့် ယခုကဲ့သို့ ဈေးများမြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နွားကိုအဓိကထား၍ လုပ်ကိုင်ကြရသော တောင်သူလယ်သမားများအနေဖြင့် ခိုင်းနွားရှားပါးမှု ကြုံတွေ့နေရပြီး ၀ယ်ယူစားသုံးသူများမှာလည်း အမဲသားဈေးနှုန်း မြင့်တက်မှုကို ခံစားနေရပြီဖြစ်သည်။

တရုတ်နဂါးကြီးဆီသို့ နွားမှောင်ခို အဓိကတင်ပို့သောနေရာဖြစ်သည့် ရှမ်းပြည်နယ်နှင့် ခိုင်းနွားအများဆုံးထွက်ရှိသော မြန်မာပြည်အလယ်ပိုင်းဒေသများမှာ ယခုအခါ ခိုင်းနွားရှားပါးမှုနှင့် ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရသော နေရာများဖြစ်သည်။

နွားအကောင်ရေ ပိုလျှံနေသောကြောင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ပါ ပြန်လည်ရောင်းချနေရသော မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှာ လက်ရှိအချိန်တွင် နွားရှားပါးမှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။

“ဒီဘက်မှာ ရောင်းစရာနွားလည်း မကျန်တော့ဘူး။ လယ်ထွန်ဖို့လည်း နွားတွေမရှိတော့ဘူး”ဟု တရုတ်ပြည်သို့ တရားမ၀င် နွားများတင်ပို့နေသော နေရာတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာမှ နွားတင်ပို့နေမှုကို နေ့စဉ်မြင်တွေ့နေရသူ ဒေသခံတောင်သူဦးညွန့်ဝေက နိုဝင်ဘာ ၇ ရက်တွင် ပြောပါသည်။ ထို့ကြောင့် ဦးညွန့်ဝေတို့ဒေသတွင် နွားဈေးကြီးလွန်းနေပြီး ခိုင်းနွားလည်း ရှားပါးလွန်းကာ ၀ယ်နိုင်သောသူလည်း မရှိသလောက်ပင်။ သူလည်း ကျွဲတစ်ကောင်နှင့်သာ ထွန်ယက်စိုက်ပျိုးနေရသည်။

ခိုင်းနွားရှားပါးသောကြောင့် လယ်ထွန်စက်များဖြင့် ထွန်ယက်စိုက်ပျိုးလျှင် သီးနှံထွက်နှုန်းမှာ နွားများဖြင့် ထွန်ယက်စိုက်ပျိုးသလောက် သီးနှံအထွက်တိုးမှုမကောင်းကြောင်း ရှမ်းပြည်မြောက်ပိုင်း တောင်ယာလုပ်ကိုင်သူများကဆိုသည်။

လယ်ထွန်စက်ဖြင့် ထွန်ယက်သောအခါ နွားနှင့်ထွန်ယက်သလောက် ထယ်ရေးမကြေပဲ၊ သီးနှံအထွက်ပိုနည်းပြီး နွားဖြင့်ထွန်ယက်မှုသည် လိုချင်သလို ထွန်ယက်စိုက်ပျိုးနိုင်သောကြောင့် သီးနှံပိုထွက်သည်ဟု နောင်ချိုမြို့နယ်ရှိ တောင်သူများကတော့ဆိုသည်။

ငါးရက်တစ်ကြိမ်ပြုလုပ်လေ့ရှိသော အညာဒေသနှင့် ရှမ်းပြည်နယ်ရှိ ဒေသတွင်းနွားပွဲဈေးများတွင် ရောင်းချလျှင် ရရှိနိုင်သောဈေးနှုန်းနှင့် တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့လျှင်ရမည့် အမြတ်အစွန်းက နွားဝယ်ရောင်းလုပ်သူကုန်သည်များအတွက် မည်သည့်နေရာတွင် ရောင်းချရမည်ဆိုသည့်အချက်ကို စဉ်းစားစရာမလိုတော့ပေ။

နွားပွဲစားဈေးများမှ နွားများကို နွားပွဲစားများမှတစ်ဆင့် အဓိက၀ယ်ယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တို့တွင် စုရပ်ထားရှိသည်။ ထို့နောက် နွားများကို လူဖြင့်ဆွဲ၍သော်လည်းကောင်း၊ ၁၂ ဘီးကားများဖြင့် တင်၍သော်လည်းကောင်း တရုတ်ပြည်သို့ နေ့စဉ်တရားမ၀င်တင်ပို့လျက်ရှိသည်။ ၁၂ ဘီးကားတစ်စီးလျှင် နွားအကောင်ရေ ၂၂ ကောင်ထည့်ကာ တင်ပို့နေခြင်းဖြစ်သည်။ နွားများကို လူဖြင့်ဆွဲပြီး ကုန်းကြောင်းဖြင့်သွားလျှင် လူတစ်ယောက်ကို နွားနှစ်ကောင်ဆွဲ၍သွားကြောင်း ဆမ္မဆယ်ဒေသခံများကပြောသည်။

ယခုဆောင်းပါးရေးရန်အတွက် နောင်ချိုမြို့နယ်သို့ နိုဝင်ဘာ ၇ ရက်က သွားစဉ်အခါမှာပင် တရုတ်ပြည်သို့တင်ပို့ရန် ဆမ္မဆယ်ကျေးရွာ လယ်ကွင်းများတွင်ထားသော တင်ဆောင်မည့်နွားများနှင့် အဆိုပါ ၁၂ ဘီးကား ၁၀ စီးဝန်းကျင်ကို နောင်ချိုလမ်းခွဲ၌ ရပ်နားထားသည်ကို တွေ့မြင်ခဲ့ရသည်။

အမှန်တော့ ကျွဲ၊ နွား၊ ဆိတ် အကောင်လိုက်သာမက အေးခဲအမဲသားကိုပါ ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်ပိတ်ပင်ထားပြီး အကောက်ခွန်ဥပဒေအရသာမက အရေးကြီးပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့်ပါ တားမြစ်ထားသည်။ သို့သော် တရုတ်သို့ တရားမ၀င်တင်ပို့နေသော နွားစီးကြောင်းကြီးက မြင်သာလွန်းလှသည်။ တရားမ၀င်တင်ပို့သောကြောင့် တိုင်းပြည်အတွက် အခွန်အခမရဘဲ လမ်းကြောင်းတစ်လျှောက်ရှိ အစိုးရ၀န်ထမ်းအချို့သာ လာဘ်လာဘရကာ နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးနေသည်။

လက်ရှိအချိန်တွင် နောင်ချိုမှ ငါးရက်လျှင် နွားအကောင်ရေ တစ်ထောင်ခန့်နှင့် အောင်ပန်းမှ ငါးရက်လျှင် နွားအကောင်ရေ သုံးထောင်ဝန်းကျင် တင်ပို့နေပြီး ထိုစုရပ်နှစ်ခုမှ ပျမ်းမျှတစ်ရက်လျှင် တရားမ၀င်နွားတင်ပို့မှုမှာ အကောင်ရေရှစ်ရာခန့်ရှိနေသည်။ တရုတ်နိုင်ငံသို့ နွားတင်ပို့မှုများသည် လွန်ခဲ့သော ၁၀ နှစ် ၀န်းကျင်ကတည်းက ပို့ဆောင်နေသော်လည်း ယခု ၂ နှစ်အတွင်းမှ ပိုများလာခြင်းဖြစ်သည်။

ယခုအကောင်ရေနှုန်းဖြင့် ဆက်လက်တင်ပို့နေပါက မြန်မာနိုင်ငံတွင် လာမည့်တစ်နှစ်၊ ၂ နှစ်အတွင်း ခိုင်းနွားရှားပါးလွန်းပြီး လယ်ယာလုပ်ငန်းခွင် အခက်တွေ့မည်ဖြစ်သလို အမဲသားဈေး ခေါင်ခိုက်မည့်အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု နွားပွဲဈေးများတွင် လုပ်ကိုင်နေသော နွားပွဲစားများက တညီတညွတ်တည်းပြောသည်။

ယခုအတိုင်း ဆက်လက်တင်ပို့နေမည်ဆိုပါက နောက် ၂ နှစ်အကြာတွင် နွားများမှာ မျိုးသုဉ်းပျောက်ကွယ်နိုင်ပြီး သယံဇာတကဲ့သို့ ရှားပါးနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှိုင်မြင့်ဦးကသုံးသပ်သည်။

နွားဈေးကောင်းရရှိနေသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း အချို့ဒေသများတွင် မရောင်းချဘဲ ငယ်မွေးခြံပေါက်နွားများကိုသာ အားကိုးအားထားပြု၍ လုပ်ကိုင်နေကြသူများလည်း ရှိနေဆဲပါ။

“နွားရောင်းမယ်လို့ပြောရင် နှစ်ရက်မကြာဘူး။ ဘယ်တွေကမှန်းမသိဘူး။ လာဝယ်ကြတယ်။ ဒီဘက်မှာတော့ သိပ်မရောင်းဘူး”ဟု မကွေးတိုင်း၊ နတ်မောက်ဒေသခံ တောင်သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအတွင်းမှ နွားများမှာ မွေးမြူရေးနွားမဟုတ်ဘဲ သဘာဝအစားအစာများဖြစ်သည့် မြက်၊ နွားစာများကိုစားသုံးပြီး အရသာအလွန်ကောင်းမွန်သောကြောင့် တရုတ်လူမျိုးများက အထူးကြိုက်နှစ်သက်ကြောင်း နွားတင်ပို့နေသူများကဆိုသည်။

မြန်မာနွားများသည် လျှာနာ၊ ခွာနာရောဂါဖြစ်တတ်သောကြောင့် တရုတ်အစိုးရက မြန်မာပြည်မှနွားများကို တရုတ်နိုင်ငံသို့ နွားအကောင်လိုက်တင်ပို့ခွင့် လုံးဝပိတ်ပင်ထားသည်။ ထို့ကြောင့်
မြန်မာနိုင်ငံမှ ခိုးသွင်းလာသောနွားများကို မူဆယ်မြို့အနီးတစ်ဝိုက်တွင် သတ်ဖြတ်ပြီး ကယ်ရီလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကျယ်ခေါင်မြို့တွင် နေထိုင်သော မြန်မာတစ်ဦးကပြောသည်။

“တရုတ်မှာ အမဲသားဈေးကောင်းလို့ ဆက်တိုက်ပို့နေတာ။ သိပ်မကိုက်ရင်လည်း အဆင်ပြေမယ့်မြို့တွေကို ပို့နေတာလို့ကြားတယ်”ဟု ၎င်းကဆိုသည်။

တရုတ်သို့ တရားမ၀င် ကောင်ရေများစွာတင်ပို့သော နွားစီးကြောင်းကြောင့် သက်ရောက်မှုကတော့ ဈေးတိုင်း၊ အိမ်တိုင်းလိုလိုသို့ ရောက်နေသည်။ ယခင်ကာလ ပြည်တွင်းဈေးကွက်တွင် အမဲသားတစ်ပိဿာလျှင် လေးထောင်ကျပ်ဈေးသာရှိသော်လည်း ယခုအချိန်တွင် အမဲသားတစ်ပိဿာလျှင် ကျပ်ရှစ်ထောင်ဈေးထိ ပေးဝယ်ယူနေရသည်။ ယခင်က အောက်ခြေလူတန်းစားများမှာ အသားဟင်းစားလျှင် ဈေးချိုသောအမဲသားကို စားကြသော်လည်း ယခုအချိန်တွင် တစ်ပိဿာလျှင် ကျပ်လေးငါးထောင်သာပေးရသော ကြက်သားနှင့်ဝက်သားကို ပြောင်းလဲစားသုံးနေကြပြီဖြစ်သည်။

“အမဲသားပေါတဲ့ဒီနေရာမှာတောင် အမဲသားကိုမစားနိုင်ကြတော့ဘူး”ဟု ပုဂံညောင်ဦးမြို့နယ် မိုးနတ်ကုန်းကျေးရွာမှ အိမ်ရှင်မတစ်ဦးဖြစ်သူ မကြည်ကြည်ဝင်းကပြောသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း ခိုင်းနွားများမပြုန်းတီးရေးအတွက် သားသတ်လိုင်စင်(စီ)စနစ်ကို ဖျက်သိမ်း၍ သင့်လျော်သည့်စနစ်တစ်ခုဖြင့် အစားထိုးရန် ဆောင်ရွက်နေသည်ဟုဆိုပါသည်။

၂၀၁၀ မေလ ၁၂ ရက်တွင် ကုမ္ပဏီနှစ်ခုကို မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် နွားနှင့်ဆိတ်များ တရားဝင်တင်ပို့ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် သက်ဆိုင်ရာက ပြန်လည်တားမြစ်ခဲ့သည်။

နယ်ကျော်နွားများဖြစ်လျှင် သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည်ဆိုသော်လည်း ဒေသလိုအပ်ချက်ကြောင့် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုမိန့်ပါမစ်ဖြင့် နယ်ကျော်နွားတင်ပို့လျှင် ရနိုင်သည်။ ဥပမာအားဖြင့် မကွေးတိုင်း နတ်မောက်မြို့ လေးအိမ်နွားပွဲဈေးမှ နွားများကို လိုအပ်ချက်ကြောင့် မန္တလေးတိုင်း၊ မိတ္ထီလာနွားပွဲဈေးသို့ တင်ပို့ခွင့်ပြုရသည်ဟု လေးအိမ်နွားပွဲဈေးမှ ဦးမန်းကပြောပြသည်။

“အဓိကပို့တာက နွားပွဲဈေးတစ်ခုကနေတစ်ခု ကြားခံပြီး ပို့နေကြတာ။ အချို့ကလည်း ခွင့်ပြုမိန့်ပါမစ်နဲ့၊ တချို့ကလည်း လမ်းကြောင်းရှင်းပြီး တရုတ်ကိုပို့ကြတာ။ ကျွန်တော့်ကို ပါမစ်တစ်ခုပဲ ထုတ်ပေး၊ တစ်ခေါက်သယ်လို့ရတာကို သုံးလေးခေါက်ရအောင်သယ်ပေးမယ်”ဟု မိတ္ထီလာမြို့ ဒေသခံဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်တာ သားသတ်လိုင်စင်(စီ) လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးကပြောသည်။

ယခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလလယ်ထိ တရားမ၀င်နွားတင်ပို့မှု ၃၀၀ ကျော်တွင် နွားအကောင် ၄၀၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

“ခိုင်းနွားရှားလို့ လုံးဝခွင့်မပြုထားပါဘူး။ ပြည်နယ်အစိုးရကလည်း ဖွင့်ပေးပိုင်ခွင့်မရှိပါဘူး။ အခုလောလောဆယ် တိရစ္ဆာန်အကောင်ကို ဘယ်နိုင်ငံမှ တင်ပို့ခွင့်လုပ်တာမရှိသေးပါဘူး”ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူးဦးလှထွန်းကဆိုပါသည်။

မှောင်ခိုတင်ပို့မှုများကြောင့် ဒေသတွင်း ခိုင်းနွားရှားပါးမှုကြုံတွေ့လာရပြီး သက်ဆိုင်ရာအနေဖြင့် အထိုင်အဖွဲ့၊ ရွေ့လျားအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးဖမ်းဆီးနေသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နွားတင်ပို့မှုစုရပ်ဖြစ်သော နောင်ချိုမြို့သို့ အလယ်ပိုင်းဒေသမှ ကျောက်မြောင်း-လက်ပံလှ-နောင်ချို၊ မြင်းမူ-မြောင်-နွားထိုးကြီး-မြင်းခြံ-နောင်ချို၊ မန္တလေး-မေမြို့-နောင်ချို စသည့်လမ်းကြောင်းများရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့သို့ သာစည်၊ ရမည်းသင်း၊ ဘုရားငါးဆူ၊ အောင်ပန်းစသော နွားတင်ပို့သည့်လမ်းကြောင်းရှိသည်ဟု နွားပွဲစားအများစုကဆိုသည်။

ထို့အပြင် တရုတ်နှင့်ထိစပ်လျက်ရှိသော ကချင်နယ်တွင်လည်း မြစ်ကြီးနား-ဗန်းမော်-လိုင်ဇာလမ်းကြောင်းမှတစ်ဆင့် တစ်ရက်လျှင် နွားအကောင်ရေ ၇၀ ခန့် တရားမ၀င်တင်ပို့နေသည်။

“နွားတွေမြင်တွေ့နေရတာ စိတ်မကောင်းဘူး။ ဖမ်းလည်းခဏပဲ ။နောက်နေ့ပြန်ပြီးတင်ပို့နေတာပဲ။ ဖမ်းတုန်းတော့ ခဏရှောင်နေကြတာ။ နောင်ချိုက အာဏာပိုင်တွေကလည်း ထိထိရောက်ရောက် မတားဆီးကြဘူး”ဟု ဦးညွန့်ဝေကပြောသည်။

ခိုင်းနွားပေါများရာဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင် အသင့်အတင့်ရှိသော ခိုင်းနွားတစ်ကောင်လျှင် အများဆုံးကျပ်ဆယ်သိန်းထိရှိသော်လည်း တရုတ်သို့တင်ပို့လျှင် ကျပ်ဆယ့်ငါးသိန်းခန့်ထိ ရရှိနေကြောင်း နွားပွဲစားများကပြောသည်။ တရားမ၀င်နွားတင်ပို့ရာတွင် စတင်ဝယ်ရသောနေရာမှ တရုတ်နယ်စပ်အရောက် နွားတစ်ကောင်လျှင် လမ်းတစ်လျှောက် ဖြတ်သန်းခလိုင်းကြေး တစ်သိန်းနီးပါးပေးရသည်ဟု နွားကုန်သည်များကဆိုသည်။

တရားမ၀င်နွားသယ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ်မှ အာဏာပိုင်များ၊ စည်ပင်၊ ထောက်လှမ်းရေး၊ အကောက်ခွန်နှင့် ဖြတ်သန်းရာဒေသများတွင် နွားများထားရှိရန်အတွက် ဒေသခံများအား အခကြေးငွေပေးရသည်ဟု နွားကုန်သည်အချို့ကပြောသည်။

“ဒီနေရာမှာ ဈေးချိုရင် ဒီနေရာကိုလာဝယ်တယ်။ နွားပွဲဈေးတစ်ခုမှာ တောင်သူအစစ်အမှန် လာဝယ်တယ်ဆိုတာ လေးငါးဦးထက်မပိုဘူး။ တောင်သူက ဒီဈေးနှုန်းကိုလည်း မတတ်နိုင်ဘူး”ဟု နှစ်နှစ်ဆယ်ကြာ နွားပွဲစားပြုလုပ်လာသူတစ်ဦးဖြစ်သူ မိတ္ထီလာမြို့မှ ဦးမြင့်အောင်ကပြောသည်။

တောင်သူများမှာ ခိုင်းနွားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးလာပြီး ယခင်က နွားထွန်ရှဉ်းနှစ်ရှဉ်းရှိသူသည် ယခုအချိန်တွင် တစ်ရှဉ်းသာရှိတော့သလို ယခင်က နွားထွန်ရှဉ်းတစ်ရှဉ်းရှိသူသည် ယခုအချိန်တွင် နွားမများဖြင့် ထွန်ယက်စိုက်ပျိုးနေသူများလည်းရှိသည်။ လယ်ထွန်စက်တစ်စီးလျှင် ၁၆ သိန်းနီးပါးရှိနေသောကြောင့် တောင်ယာလုပ်ငန်းလုပ်ရန် ခိုင်းနွားရှားပါးလာသော ဒေသများရှိ တောင်သူများသည် ခိုင်းနွားထွန်ရှဉ်းရှိသောအိမ်၏ အငှားနွားထွန်ရှဉ်းများကိုသာ အသုံးပြုကြသည်။

“ကိုယ့်နိုင်ငံကနေ သူများနိုင်ငံကို ထွက်တာသာလွယ်တာ။ ကုန်သွားလို့ သူများနိုင်ငံကပြန်သွင်းရင် မလွယ်တော့ဘူး”ဟု မိတ္ထီလာမြို့မှ နွားပွဲစားလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်သိန်းကပြောသည်။

နွားတစ်ရှဉ်းထောင်ဖို့စိတ်ကူးက ဒေါ်စန်းဌေးတွင်ရှိနေဆဲ။ ထို့ကြောင့် နွားဈေးပြန်ကျလာမည့် မရေရာသောအချိန်ကာလတစ်ခုကို ဒေါ်စန်းဌေးတစ်ယောက် မျှော်လင့်နေသည်။

ဓာတ်ပုံ- ငြိမ်းချမ်း
Credit By- 7Day News Journal


တော်လှန်ရေးရဲဘော်ကြီး၏ မပြီးဆုံးသေးသော တိုက်ပွဲ


တော်လှန်ရေးရဲဘော်ကြီး၏ မပြီးဆုံးသေးသော တိုက်ပွဲ
-------------
ရေးသားသူ- ဥက္ကာကိုကို

နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို ရဲရဲဝံ့ဝံ့တော်လှန်တိုက်ပွဲဝင်ခဲ့သည့် တို့ဗမာအစည်းအရုံးဝင် တော်လှန်ရေးရဲဘော်ဟောင်း သခင်တစ်ဦး တံတားပေါ်တွင် တောင်းရမ်းစားသောက်နေရသည့်သတင်းက လူအများ၏စိတ်ကို ရိုက်ခတ်အံ့အားသင့်စေခဲ့သည်။

သည်အဖြစ်အပျက်က အမှန်တကယ်ပင် ဖြစ်ပွားခဲ့သည်။

အသက်(၉၁)နှစ်အရွယ် အဘိုးအို သခင်လှကြိုင်တစ်ယောက် ပဲခူးတံတားပေါ်တွင် တစ်နှစ်ခွဲခန့် တောင်းရမ်းစားသောက်ခဲ့ရပါသည်။ သူ့အတွက် လောကဓံ၏ရိုက်ခတ်မှုကို အခံရဆုံးသော နေ့ရက်များ ဖြစ်ခဲ့ပါလိမ့်မည်။

ယခုတော့ ပဲခူးမြို့ခံတစ်ဦးက သူ့ကိုဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်သို့ တင်ဆက်ခဲ့ရာမှ အစပြု၍ လူအများသိရှိသွားခဲ့ပြီး လူမသိသူမသိ နွမ်းပါးဆင်းရဲနေရှာသည့် တော်လှန်ရေးတပ်သားဟောင်းကြီး လူမြင်ကွင်းသို့ ပေါ်ထွက်လာပါပြီ။

“စားစရာမှမရှိတာ”ဟု တောင်းရမ်းစားသောက်သည့်ဘ၀မှ လွတ်မြောက်လာသည့် နှစ်ရက်မြောက်နေ့တွင် သူတောင်းရမ်းခဲ့ရသည့် အကြောင်းရင်းကို သခင်လှကြိုင်က ခပ်တိုတိုပင် ပြောပါသည်။

နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက သခင်လှကြိုင်တစ်ယောက် အသစ်စက်စက် စတစ်ကော်လာအဖြူရောင်လေးနှင့် အပြာရောင်ပုဆိုးသစ်ကို ခါးပတ်ဖြင့် ၀တ်ဆင်လျက် ၀ါးခင်းကြမ်းပြင်တွင် ထိုင်နေသည်။ ဘေးတွင် ရေသန့်ဘူးတစ်ကတ်ကို ချထားပြီး လာရောက်သည့်ဧည့်သည်များကို ကမ်းပေးလျက်ရှိသည်။

ပဲခူးမြို့ အိုးလေးစုရပ်ကွက်၊ ဗွက်ပေါက်နေသည့် ရွှေစေတီလမ်းသွယ်လေးအတွင်းရှိ ခြေတံရှည်အိမ်လေးပေါ်တွင် သခင်လှကြိုင် နေထိုင်သည်။ သစ်တိုင်အနည်းငယ်ဖြင့် ဖရိုဖရဲတည်ဆောက်ထားသည့် အိမ်လေးက လေတိုက်လျှင်ပင် လဲပြိုတော့မယောင်။ အိမ်ပေါ်တက်သည့်လှေကားက ခနော်ခနဲ့။ ၀ါးပြားများခင်းထားသည့် ကြမ်းခင်းက တကျိကျိမြည်နေသည်။ ခေါင်ကိုမိုးထားသည့် ထန်းလက်ရွက်များက ပေါက်ပြဲနေပြီး ၀ါးထရံက ဟိုတစ်ကွက်ဒီတစ်ကွက် ပေါက်ပြဲနေ၏။ ဒါက သခင်လှကြိုင်၏ လက်ရှိနေထိုင်မှု အခင်းအကျင်းပင်ဖြစ်သည်။

သခင်လှကြိုင်ကို မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ပြီး ဇာတာအမည်မှာ စစ်ညွန့်ဖြစ်သည်။ နောက်ပိုင်းတွင် လှကြိုင်ဟူသည့် အမည်တွင်ခဲ့သည်။ အဖ ဦးအောင်ဘွင့်၊ အမိ ဒေါ်တိုးတို့မှ မွေးဖွားသည့် သားသမီးငါးဦးအနက် အကြီးဆုံးဖြစ်သည်။

(၁၆)နှစ်သားအရွယ်တွင် တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ပြီး သခင်ဘွဲ့ကို ခံယူခဲ့သည်။ ထို့နောက် ဟင်္သာတမြို့၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၏ တပ်အတွင်းဝင်ရောက်၍ လက်နက်ကိုင်ခဲ့သည်။ တိုက်ပွဲများစွာတိုက်ခဲ့ပြီး ခြောက်နှစ်ခန့်အကြာတွင် One Line Three Star တပ်ကြပ်ကြီးအဆင့်သုံးရစ်နှင့် လစာ ၅၅ ကျပ် ရရှိခဲ့သည်။

နာမည်ကျော် ရွှေတောင်တိုက်ပွဲတွင် သခင်လှကြိုင်ပါဝင်ခဲ့ပြီး ဂျပန်တပ်များနှင့်အတူ နယ်ချဲ့အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့သည်။ ရွှေတောင်တိုက်ပွဲ၌ နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့သည်ဟု သူကဆိုသည်။

“လက်ပစ်ဗုံးခြောက်လုံးနဲ့ ဂျပန်ဗိုလ် ဗိုလ်မုတ်ဆိတ်က အသေခံပြီးတက်တိုက်တာ ကျသွားတယ်။ သူကျသွားတော့ ဗိုလ်ရန်နိုင် တက်တယ်”ဟု သူက ရွှေတောင်တိုက်ပွဲအတွင်း မှတ်မိသလောက်ပြောပြသည်။

နောက်ပိုင်းတွင် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာ၌ သခင်လှကြိုင်က သာယာဝတီအနောက်ခြမ်းရှိ စံရွေး-ဖိုးခေါင်အရပ်ဒေသမှ တိုက်ပွဲဝင်ခဲ့သည်။ ဖက်ဆစ်စနစ်ကိုဆန့်ကျင်ပြီး ဂျပန်ကို မောင်းထုတ်ခဲ့ကြသည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ စစ်တိုက်ခဲ့ကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် သတ္တိပြခဲ့သည်။

“လူက အဲဒီတုန်းက မိုက်တာလည်းမပြောနဲ့။ ဥုံခံပြီး တုတ်ပြီး ဓားပြီးဆေးထိုးတယ်။ ရဲဘော်အချင်းချင်း စမ်းသပ်ကြတာ။ တကယ်ခုတ်ရင်ပြတ်တယ်”ဟု သခင်လှကြိုင်က ဘယ်ဘက်လက်ဖျံရှိ ဓားခုတ်ရာ အမာရွတ်ကြီးကို ထုတ်ပြသည်။ ဓားပြီးသည်ဟူသည့်ဆေးကိုထိုးပြီး တကယ်ပြီး၊ မပြီးကို ဓားကောက်ဖြင့်ခုတ်လျက် စမ်းသပ်ကြခြင်းဟုဆိုသည်။ သို့သော် တကယ်မပြီးဘဲ ဓားခုတ်ရာကြီးသာ သေရာပါခဲ့သည်။

တိုက်ပွဲများအတွင်း သခင်လှကြိုင်က ဘယ်ဘက်ခြေမျက်စိတွင် သေနတ်ဒဏ်ရာတစ်ချက်သာ ရရှိခဲ့သည်။ ဟင်္သာတခရိုင်၊ သဲဖြူကျေးရွာတွင် ကရင်ခရစ်ယာန်လက်နက်ကိုင် ကော်သူလေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ရာမှ သေနတ်ထိမှန်ခဲ့ခြင်းဖြစ်သည်။

“ကိုယ့်ဘက်က တပ်ခွဲတစ်ခွဲ လူတစ်ရာကျော်ပဲပါတယ်။ ဟိုဘက်က အင်အားပိုများတယ်။ အဘကို စတင်းဂန်းတစ်လက်ပေးတယ်။ အဘက ကာဘိုင်ပေးပါလို့ပြောပြီး ကာဘိုင်နဲ့တိုက်တယ်။ ကာဘိုင်ကကျည်ပြေးတယ်”ဟု သခင်လှကြိုင်ကပြောပြသည်။

လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် သခင်လှကြိုင်တစ်ယောက် ဗိုလ်ထွန်းလှတပ်ရင်းသို့ လက်နက်ပြန်အပ်၍ အငြိမ်းစားယူခဲ့သည်။ ထို့နောက် မော်လမြိုင်သူ ဒေါ်ဝက်နှင့် လက်ထပ်၍ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ဟင်္သာတမြို့ပေါ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် ဆေးဆိုးပန်းရိုက်အလုပ် လုပ်ကိုင်အခြေချခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် မေတ္တာညွန့်ရပ်ကွက် မီးလောင်သဖြင့် မြောက်ဥက္ကလာပမြို့နယ်သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ပဲခူးမြို့၊ အိုးလေးစုရပ်ကွက်သို့ ပြောင်းရွှေ့၍ ဆေးဆိုးပန်းရိုက်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ရာ အဆင်မပြေဖြစ်ပြီး စီးပွားပျက်ခဲ့သည်။ သမီးအငယ်ဖြစ်သူ (၅၅) နှစ်အရွယ် ဒေါ်သန်းစိန်နှင့်အတူနေထိုင်ရင်း တစ်လမ်းဝင်တစ်လမ်းထွက် ဖိနပ်ချုပ်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်။

“ဖိနပ်ချုပ်မလား .. ဖိနပ်ဟောင်းတွေ ပြင်တယ်”ဟု သံစဉ်လေးဖြင့် အော်ခဲ့သည်ဟု သခင်လှကြိုင်ကပြောပြပြီး ထိုသံစဉ်ကို ပြန်ရွတ်ဆိုပြသေးသည်။

“ကိုယ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေလည်း တစ်ယောက်မှမရှိကြတော့ဘူး။ စိတ်ပျက်ပြီး ပဲခူးရောက်လာတာ။ စိတ်ပျက်တော့ ဟိုဟာလုပ်ဒီဟာလုပ်ဖြစ်သွားတာ”ဟု သူ့ဘ၀၏ အခက်ခဲဆုံးနေ့ရက်များကို ပြန်ပြောင်းပြောပြသည်။

သခင်လှကြိုင်က ဇာတ်သဘင်ဝါသနာကြီးသူဖြစ်သည်။ ထို့ကြောင့် ဗေဒါညွန့်ကပွဲသဘင်သို့ ၀င်ရောက်၍ လူရွှင်တော်အဖြစ် လုပ်ကိုင်ခဲ့သေးသည်။ ဇာတ်မင်းသား နန်းညွန့်စိန်၊ ရွှေဘိုလွင်တို့နှင့်တွဲဖက်၍ မြန်မာပြည်အနှံ့ ဖျော်ဖြေခဲ့သည်။ မင်းသားရွှေဘိုလွင်က သူနှင့် ညီအစ်ကိုနှစ်ဝမ်းကွဲတော်စပ်သဖြင့် ဇာတ်ထဲလိုက်ခဲ့ရာ လူရွှင်တော်အလုပ်ရခဲ့သည်။

သမီးဖြစ်သူ ဒေါ်သန်းစိန်မှာ သွေးတိုးရောဂါဖြင့် ကျန်းမာရေးမကောင်းဘဲ ဆေးလိပ်လိပ်ခြင်း၊ ကျပန်းလုပ်ခြင်းတို့ဖြင့် ရပ်တည်ခဲ့ကြပြီး အသက်(၂၀)အရွယ် မြေးဖြစ်သူမှာ ပန်းရန်အလုပ်ကို ၀င်ရောက်လုပ်ကိုင်ရသည်။ အလုပ်က ရတစ်နေ့၊ မရတစ်နေ့ဖြစ်သည့်အတွက် စားဝတ်နေရေးခက်ခဲလာသည်။ စားစရာမရှိသည့်နေ့ရက်များ ကြုံတွေ့လာရသည်။

ထိုအခါ သခင်လှကြိုင် အပြင်ထွက်တော့သည်။ မနက်ပိုင်းတွင် ဘေးအိမ်မှ ဆိုက်ကားဆရာကိုခေါ်ကာ ပဲခူးမြို့လယ်မှ လက်ဖက်ရည်ဆိုင်သို့ လိုက်ပို့ခိုင်းသည်။ ဆိုက်ကားဆရာ ပြန်သွားပြီးနောက်တွင် လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် အနီးရှိ ပဲခူးတံတားပေါ်သို့တက်ကာ တစ်နေရာတွင်ထိုင်လျက် အလှူခံခဲ့သည်။ ခြောက်လခန့်ကြာသည်အထိ အိမ်ကမသိ။

“မိုးလင်းရင် ထွက်သွားပြီ။ ခါတိုင်းလို ဖိနပ်သွားချုပ်တယ်လို့ထင်တာ။ ခြောက်လလောက်နေမှ သူများတွေလာပြောမှ သိတယ်။ ကျွန်မ မျက်ရည်ကျတယ်။ ငိုတယ်။ အဖေ သမီးတို့ကို အရှက်ခွဲနေတာလားဆိုပြီး။ အဲဒီမှာ အဖေက မသွားဘဲ အိမ်မှာထိုင်နေရင် ငါ လေဖြတ်မယ်။ ဆက်မလုပ်ရဘူးဆိုရင် ငါတစ်နေရာကို ထွက်သွားမယ်လို့ပြောတယ်။ နောက်တော့ လက်လျှော့လိုက်ရတယ်။ ဒါပေမဲ့ မိဘတစ်ယောက် တောင်းစားနေတာ ဘယ်သားသမီးကကြည့်နေနိုင်မှာလဲ”ဟု သမီးဖြစ်သူ ဒေါ်သန်းစိန်ကဆိုသည်။

သခင်လှကြိုင်ကလည်း သူတောင်းရမ်းစားသောက်ခဲ့ရခြင်းအပေါ် “အိမ်မှာ စားစရာမှမရှိတာ။ ကိုယ်ထွက်လုပ်မှစားရမှာ။ မြေးကလည်း အလုပ်မရှိဘူး။ ပန်းရန်လုပ်တာ ရတစ်ရက်၊ မရတစ်ရက်”ဟုသာ မှတ်ချက်ပေးသည်။

သူ့ကို အမြဲလိုက်ပို့ရသည့် အိမ်အနီးမှ ဆိုက်ကားဆရာ ကိုဇော်ဇော်ဟိန်းက “လက်ဖက်ရည် ထွက်သောက်တယ်ထင်လို့ လိုက်ပို့ပြီးထားခဲ့တာ။ နောက်ကျတော့ သားရေ.. အဘ လမ်းမလျှောက်နိုင်လို့ တံတားပေါ်လိုက်ပို့ပါဆိုတော့မှ အဘ.. ဘာလုပ်မလို့လဲဆိုတော့ သူက အဘအလှူခံတာလို့ ပြန်ပြောတယ်။ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ကိုယ်ကလည်း ရရစားစားတွေဆိုတော့ မကူညီနိုင်ဘူး”ဟု ပြန်ပြောပြသည်။

တော်လှန်ရေးရဲဘော်ဟောင်းကြီးသည် ဘ၀နေ၀င်ချိန်နီးလာသည်အထိ ကြုံရာအလုပ်များ လုပ်ကိုင်ခဲ့ပြီး မလုပ်ကိုင်နိုင်တော့သည့်အချိန်မှာပင် တောင်းရမ်းခြင်းဖြင့် သမီးနှင့်မြေးကို လုပ်ကျွေးခဲ့သည်။ ကျန်းမာရေးအနေနှင့် ယခုထိတိုင် ကောင်းမွန်နေဆဲဖြစ်ပြီး ဘယ်ဘက်မျက်လုံးကတော့ မမြင်ရတော့။ သို့သော် စာဖတ်၍ရသေးသည်ဟု သခင်လှကြိုင်ကဆိုသည်။

“ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ အရက်မသောက်ဘူး။ ထန်းရည်တောင် မသောက်ဖူးဘူး”ဟု သူကပြောသည်။

သူ့ထံတွင် တို့ဗမာအစည်းအရုံးကပေးပို့သည့် ဂုဏ်ပြုပွဲဖိတ်ကြားလွှာတစ်စောင်ရှိသည်။ သခင်လေးမောင်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အသိအမှတ်ပြု ပေးပို့ထားခြင်းဖြစ်သည်။ မော်ကွန်းဝင်လျှောက်လွှာတင်ရန် သခင်များက ထောက်ခံထားသည့် လက်ရေးမူစာရွက်တစ်ရွက်လည်းရှိသည်။ သို့သော် သခင်လှကြိုင် မော်ကွန်းဝင်မဖြစ်ခဲ့ပါ။

“တပ်အထောက်အထားတွေအားလုံး မေတ္တာညွန့်မီးလောင်တော့ ပါသွားတယ်။ မော်ကွန်းဝင်လျှောက်မလို့။ သတင်းသွားပို့တော့ ပဲခူးမြို့စစ်မှုထမ်းဟောင်းအဖွဲ့က အဲဒီတုန်းက ဥက္ကဋ္ဌဗိုလ်ကြီးထွန်းမြင့်က လက်မခံဘူး”ဟု သူကပြောပြသည်။ ရလဒ်ကတော့ လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးရဲဘော်ကြီး လမ်းဘေးတွင် တစ်နေ့သုံးထောင်ခန့်ရအောင် တောင်းရမ်းရသည့်ဘ၀သို့ ရောက်သွားခြင်းပဲဖြစ်သည်။

“ပဲခူးသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးစိန်လှိုင်က ကျွန်တော့်ကိုလှမ်းပြောတာ။ ကျွန်တော်သွားမေးပြီး အွန်လိုင်းမှာတင်လိုက်တယ်။ လူတွေစိတ်ဝင်စားလာပြီး အထောက်အထားတွေ ထုတ်ပြတော့ လူသိသွားတယ်”ဟု သခင်လှကြိုင်အကြောင်းကို ဖေ့စ်ဘွတ်ခ်တွင် တင်ဆက်ခဲ့သူ ပဲခူးမြို့ခံ ကိုကြည်လင်းကပြောသည်။

အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် တပ်မတော်အငြိမ်းစားအရာရှိတစ်ဦးဖြစ်သည့် ဦးမောင်မောင်အောင်က အလှူငွေများကောက်ခံခြင်း၊ သတင်းဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ရာ လူအများသိရှိပြီး သခင်လှကြိုင်အတွက် ကူညီထောက်ပံ့မည့်သူများ ရုတ်ခြည်းပေါ်ထွက်လာခဲ့သည်။ သူ့အကြောင်းကို ကြားသိသူများကလည်း ကြေကွဲဝမ်းနည်းစိတ်ဖြင့် ဆုတောင်းပေးခဲ့ကြသည်။

ထိုအခါ ပဲခူးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ချက်ချင်းပင် သခင်လှကြိုင်ကို လိုက်လံရှာဖွေခဲ့သည်။ တွေ့လျှင်တွေ့ချင်း သခင်လှကြိုင်အတွက် စစ်မှုထမ်းဟောင်း ရဲဘော်နှစ်ဦးကို အနီးကပ်စောင့်ရှောက်ပေးခဲ့သည်။

“နိုဝင်ဘာ ၉ ရက်ကစပြီး မနက်ကနေ ည ၇ နာရီအထိ အဘဘေးမှာ ကူညီတာဝန်ထမ်းဆောင်နေပါတယ်”ဟု ကလျာနီရပ်ကွက် စစ်မှုထမ်းဟောင်း စည်းရုံးရေးမှူး ကိုနေ၀င်းကဆိုသည်။

မွေးရေ/ကျေးလက်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးအုန်းမြင့်ကိုယ်တိုင် ဆက်သွယ်၍ သခင်လှကြိုင်နှင့် ဖုန်းပြောအားပေးခဲ့သည်။ လိုအပ်သည့်ထောက်ပံ့မှုများကိုလည်း ပြုလုပ်ပေးနေပြီဖြစ်သည်။

“သတင်းကြားကြားချင်း စုံစမ်းလိုက်တယ်။ အသက်လည်းကြီးနေပြီ။ စစ်မှုထမ်းဟောင်းလုပ်ခဲ့တာလည်း မှန်တဲ့အတွက် စစ်မှုထမ်းဟောင်းအဖွဲ့က တစ်လကို နှစ်သောင်းကျပ်နဲ့ ပြည်ထောင်စုဝန်ကြီးက တစ်လကို ခြောက်သောင်းကျပ် ပုံမှန်ထောက်ပံ့သွားမှာပါ”ဟု ပဲခူးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးမင်းသော်တာကရှင်းပြသည်။

ယခုအခါ သခင်လှကြိုင် ဘ၀နေ၀င်ချိန်အထိ နေထိုင်သွားနိုင်ရန်အတွက် မြေကွက်တစ်ကွက်တွင် နေအိမ်တစ်လုံးကို ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။ စင်ကာပူရောက် မြန်မာများ၊ I Love Myanmar အဖွဲ့၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ပရဟိတအဖွဲ့အစည်းများ၊ တပ်မတော်အငြိမ်းစားအရာရှိများ စသည့်အဖွဲ့အစည်းများက သွားရောက်ထောက်ပံ့လှူဒါန်းနေကြပြီဖြစ်သည်။ သခင်လှကြိုင်အတွက် အိုကံကောင်းသည်ဟု ပြောရမလိုပင်ဖြစ်သည်။ သို့သော် ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသည့် ဘ၀ကတော့ ကြမ်းလှပါသည်။

ရရှိလာသည့်အလှူငွေများကို သခင်လှကြိုင်က စားသောက်ရုံသာမက အလှူအတန်းများလည်း လုပ်သွားမည်ဖြစ်ကြောင်း ပြောပါသည်။ သူနေထိုင်သည့် ခနော်ခနဲ့အိမ်လေးရှိရာ ဗွက်ပေါက်နေသည့် လမ်းလေးကိုလည်း ပြင်ဆင်လိုသည်ဟု သူကရည်မှန်းထားသည်။

သခင်လှကြိုင်အတွက် လှူဒါန်းသည့်ငွေကြေးများကို ဘဏ်တွင် သူ့အမည်ဖြင့် ငွေစာရင်းစာအုပ် ပြုလုပ်သွားမည်ဖြစ်ပြီး ငွေသွင်း၊ ငွေထုတ်ပြုလုပ်ရာတွင် စနစ်တကျဖြစ်စေရန်အတွက် အထက်တန်းရှေ့နေတစ်ဦး၊ ဘဏ်မန်နေဂျာတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးတို့ ပါဝင်သည့်အဖွဲ့က ကြီးကြပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်ကြီးများကို ထောက်ပံ့သည့် ထောက်ပံ့ငွေကြေးမှာ မော်ကွန်းဝင်ပထမအဆင့်တစ်ဦးလျှင် ခုနစ်ရာ့ငါးဆယ်ကျပ်၊ မော်ကွန်းဝင်ဒုတိယအဆင့်တစ်ဦးလျှင် သုံးရာခုနစ်ဆယ့်ငါးကျပ်နှုန်းဖြစ်သည်။ အဆိုပါ ငွေကြေးပမာဏမှာ ၁၉၉၃ ခုနှစ်မှ ယနေ့အထိဖြစ်သည်။

ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ပင်စင်လစာများကို တိုးမြှင့်ပေးအပ်ခဲ့သော်လည်း မော်ကွန်းဝင်များအတွက် ပေးအပ်သည့် ထောက်ပံ့ကြေးမှာ ယခင်အတိုင်းသာ ရှိနေဆဲဖြစ်ပါသည်။ လွတ်လပ်ရေးရရှိစေရန် ရဲရဲဝံ့ဝံ့စွန့်လွှတ်စွန့်စားခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများကို မစို့မပို့ငွေကြေးသာ ထောက်ပံ့၍ လျစ်လျူရှုထားရန် မသင့်လျော်ပါ။ သခင်လှကြိုင်လို ရဲဘော်ဟောင်းကြီးများ မည်မျှကျန်သေးသလဲ မသိနိုင်ပါ။

ဓာတ်ပုံ- ဥက္ကာကိုကို

Credit By- 7Day News Journal

မြန်မာနိုင်ငံရဲ့ ဒုတိယမုန်တိုင်းရာသီဖြစ်နေတယ်


မြန်မာနိုင်ငံရဲ့ ဒုတိယမုန်တိုင်းရာသီဖြစ်နေတယ်
===========================
ဆရာဒေါက်တာထွန်းလွင် ပြောပြတဲ့ မုန်တိုင်းသတင်းပါ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

မင်းဘယ်ပြေးမလဲ မိချိုသဲ
30W Storm News Update
13-11-2013
11:01 am

ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်တောင်ပိုင်းထဲမှာ မုန်တိုင်းငယ်တစ်ခု အခြေတည်နေပါတယ်။ သူ့ကို 30W လို့နာမည် ပေးထားပါတယ်။ ဘာပြုလို့လည်း ဆိုတော့ ဒိမုန်တိုငးရဲ့ နောက်ကြောင်းရာဇ၀င်ကိုလိုက်လိုက်တော့ ဒီမုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းမှာ ၂၀၁၃ ခုနှစ်အတွင်း အကြိမ်(၃၀)မြောက်ဖြစ်ခဲ့တဲ့ မုန်တိုင်းဖြစ်ခဲ့ရာကနေ အနောက်ဖက်ကိုရွေ့လာခဲ့ပြီး၊ တောင်တရုတ်ပင်လယ်-ထိုင်းပင်လယ်ကွေ့- ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း...အဲဒီကမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းအထိ ရောက်လာတဲ့ Disturbance ဖြစ်နေလို့ ဖြစ်ပါတယ်။

ကြည့်...။ လူသားတွေ မပြောနဲ့၊ မုန်တိုင်းတွေမှာတောင် ရာဇ၀င်ရှိတယ်။ အရေးလည်းကြီးတယ်။ မုန်တိုင်းတစ်လုံးဟာ သူစတင်ပေါက်ဖွားရာဒေသ(Source Region) ကိုလိုက်ပြီး ပြုမူတတ်ကြတယ်။ ဒါတွေကို ကြိုသိနိုင်တယ်။ ဒါကို Statistical Analysis လုပ်တယ်လို့ ခေါ်ပါတယ်။

ဒီမုန်တိုင်းကို အနောက်ဖက်ကိုဘဲရွေ့မယ်လို့ ကနဦးအစ ခန့်မှန်းမှုမှာ ဖေါ်ပြထားခဲ့ ပါတယ်။ အခုလည်းမပြောင်းသေးပါဘူး။ ဒါပေမယ့် ကျွန်တော် မုန်တိုင်းရဲ့အမည် ကို မြန်မာလို ချစ်စနိုးလေးနဲ့ "မိချိုသဲ" လို့ အမည်ပေးထားပါတယ်။ ဦးဝင်းဦးကို သတိရတာလည်း ပါတာပေါ့ဗျာ။ အဲ..သူငယ်မလေး တစ်ဦးရဲ့ နာမည်ပေါ့။ အဲ..မိန်းမနာမည်ပေးလိုက်တော့ ပညတ်သွားရာ၊ ဓါတ်သက်ပါလာလေမလားတော့ သတိထားရလိမ့်မယ်။ ဒါကတော့ ဒီမုန်တိုင်းလေးဟာ ဟိုသွာမယ်ဆိုဒီ၊ ဒီသွားမယ် ဆိုဟို၊ ဖြစ်သွားမှာ စိုးရပါတယ်။ ဒီတော့ မိချိုးသဲလေးကို (၂၄)နာရီ မပြတ် စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။

ဒီလိုပြောရတာ အကြောင်းအချက်တွေရှိပါတယ်။ အဲဒါတွေကတော့ 30W ဟာ ထင်ထားတာထက် မြောက်ဖက်ကို ပိုရောက်လာတယ်။ (၂) မှန်းထားသလောက် အနောက်ဖက်ကိုမရွေ့ခဲ့ဘူး။ (၃) အိန္ဒိယ ကုန်းမြေအပေါ်မှာ လေအေးတွေ အားကောင်းနေတော့ မုန်တိုင်းကို အနောက်ဖက်ကိုရွေ့မလာအောင် တားဆီး(Block) လုပ်ထားတယ်။ (၄) နောက်ပြီး ကာလံဒေသံအရ လက်ရှိကာလဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမုန်တိုင်းရာသီဖြစ်နေတယ်။

အဲဒါတွေကြောင့် လက်ရှိအဆင့်ကို နှိုးဆော်တဲ့အဆင့် (ALERT)အဆင့် ထားလိုက် ပါတယ်။

သေချာတာတစ်ခုကတော့ မူလအတိုင်း အနောက်ဖက်ကိုဘဲ သွားသွား ၊ ကျွန်တော်တို့ရှိရာ အရှေ့မြောက်ဖက်ကိုဘဲ ကွေ့ကွေ့။ သေချာတာ တစ်ခုကတော့ ကြိုသိရပါစေ့မယ် ဆိုတာပါဘဲ။ ဘာပြုလို့လည်းဆိုတော့ ဒီမုန်တိုင်းကို မိုေးလ၀သဂြိုဟ်တုတွေက နာရီမပြတ်စောင့်ကြည့်နေကြမှာဖြစ်လို့ပါဘဲ။

ဒေါက်တာထွန်းလွင်

Popular Journal

မြိုင်ဟေ၀န်စခန်းမှ ဆင်ထီးမုန်ယို၊ ခရုချောင်း၌ လူတစ်ဦးကို နင်းသတ်

မြိုင်ဟေ၀န်စခန်းမှ ဆင်ထီးမုန်ယို၊ ခရုချောင်း၌ လူတစ်ဦးကို နင်းသတ်

POST 13 NOVEMBER 2013 BY ဇော်မျိုးဦး(မြစ်မခ)
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မြိုင်ဟေ၀န်ဆင်စခန်းအနီး၌ အသက် ၄၀ ခန့်ရှိသည့်ဆင်ထီးတစ်ကောင်မှ မုန်ယို၍ လူတစ်ဦးကို နင်းသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုဝင်ဘာလလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ဥက္ကံနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်စွာလင်းတာဝန်မှူး အဖြစ်ဆောင်ရွက် နေစဉ်လူတစ်ဦးဆင်နင်းခံရ၍ သေဆုံးခဲ့ကြောင်းသတင်းရရှိသဖြင့် စခန်းမှူးရဲအုပ်စိုးဝင်း က သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားသည့်နေရာကို စစ်ဆေးရာ၌ တိုက်ကြီးမြို့နယ်ကင်းမတီးအုပ်စု၊မြိုင်ဟေ၀န်ဆင်စခန်းမှဆင်ဦးစီး ဦးအေးမင်း၏ ထီး/ဟန် အမျိုးအစား ၄၉၈၃ နိုင်မိုးကျော်ဟု အမည်ပေးထားသော အသက်(၄၀)နှစ်ခန့်ရှိဆင်မှ မုန်ယိုပြီး ဆင်စခန်းအနီးရှိ ခရုချောင်းစပ်၌ ကျွဲများအားရေချိုးပေးနေသည့် အသက်(၅၄)နှစ်ရှိ မြိုင်ဟေ၀န်ဆင်စခန်းဝင်းနေသူ ဦးစံငြိမ်းကို နှာမောင်းဖြင့် ရစ်ပတ်ကာချောင်းကမ်းပါးဖြင့် ဖိပြီးနင်းသတ်ခဲ့ခြင်းဖြစ်သည်ဟု ဥက္ကံ ရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ဆင်နင်းခံသဖြင့် ဦးစံငြိမ်းမှာ ရင်ဘတ်၊၀မ်းဗိုက်နှင့်ဆီးခုံတို့တွင်ပွန်းပဲ့ညိုမဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေရှိရသော ကြောင့် အလောင်းကို ဥက္ကံဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ခဲ့ကြောင်း၎င်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်အား ဥက္ကံနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၁၃ ဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင်အမှုဖွင့်ပြီး စခန်းမှူး ရဲအုပ် စိုးဝင်းက စစ်ဆေးလျက်ရှိသည်။

Credit By - http://myitmakhamediagroup.com/

နွားနို့စစ်စစ်

▬▬▬▬▬
နွားနို့စစ်စစ်
▬▬▬▬▬

ရန်ကင်းတောင်ဘက် သွားရင်းနဲ့ လမ်းဘေးတနေရာမှာ 'နွားနို့စစ်စစ်ရသည်' ဆိုတဲ့ ဆိုင်လေးထဲ ဝင်ထိုင်လိုက်ကြတယ်။

'နွားနို့ နှစ်ခွက်ပေးပါ'

ခဏနေတော့...
ဆိုင်ရှင်ကောင်မလေးက နို့နှစ်ခွက်လာချပေးတယ်
မိန်းမချောမြင်ရင် အရောဝင်ချင်တဲ့ ရောဂါအခံက ရှိနေတော့... ...

'နွားနို့က စစ်ရဲ့လား ညီမငေး'
'စစ်ပါတယ်ရှင်'

'ပါးစပ်က ပြောယုံနဲ့ ယုံရမှာလား'
'ဟုတ်ကဲ့ ကျမတိုင်းပြပါမယ်'

... ဆိုပြီး ကောင်မလေးက နွားနို့တိုင်းတဲ့ မီတာတန်လေးနဲ့ တိုင်းပြတယ်။

'ဒါကတော့ မင်းတို့ဆိုင်က မီတာတန်လေ၊ မှန်ပါတယ် ပြောလို့ ဘယ်ရမလဲ'
'ဒါဆို အကိုက တကယ်နွားနို့စစ်စစ် သောက်ချင်တာလား'

'အေး.... '
'လာ လိုက်ခဲ့'

... ဆိုပြီး ဆိုင်နောက်ဘက် ကွက်လပ်ကို ခေါ်သွားတယ်

'ဟိုမှာ တွေ့လား၊ နို့စား နွားမကြီး'
'တွေ့တယ်'

'ရော့ ဒါက သကြားခွက်'
'အင်...'

ကောင်မလေးက ဆက်ပြောတယ်... ...

'သကြားလေးကို လျက်ပြီး၊ နွားမကြီးနို့ကို ပြေးစို့လိုက်ပါအကို၊ ဒိထက်စစ်တဲ့နွားနို့ သမီးတို့ဆိုင်မှာ မရှိတော့ပါဘူး'.... တဲ့။

အော်... ရွှေမန်းသူလေးရယ်၊ စကားတတ်ပ့ါ...


သန်၎ကို-ပေါက်ကရရေးသည်
https://www.facebook.com/thanlayko

အစိုးရနည်းပညာ အထက်တန်းအောင် ကျောင်းသားများ နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်မရ


ကလေးမြို့၊ နိုဝင်ဘာ - ၁၂။

ကလေးမြို့နယ်၊ သာယာဝတီရွာတွင် ဖွင့်လှစ်ထားသော အစိုးရ နည်းပညာအထက်တန်းမှအောင်မြင်သော ကျောင်းသူ၊ ကျောင်းသားများသည် ယခုနှစ်တွင် နည်းပညာတက္ကသိုလ်(ကလေးမြို့)၌ တက်ရောက်ခွင့် မရရှိတော့ကြောင်း သိရသည်။

" အစိုးရနည်းပညာအထက်တန်းကျောင်းအောင်တဲ့ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့နည်းပညာတက္ကသိုလ်ကို တိုက်ရိုက် တက်ခွင့်မပေးတော့တာပါ။ ကလေးမြို့မှာ နည်းပညာ တက္ကသိုလ် အဆင့်တိုးမြင့်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ထက် နိမ့်တဲ့ ကောလိပ်အဆင့်၊ အင်စတီကျုစ် အဆင့်ရှိတဲ့အခြားမြို့တွေမှာသာ တက်ခွင့်ပေးပါတယ် " ဟု နည်းပညာတက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသား(၁၇)ဦးကို ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်မပြုတော့ဘဲ မိုးညှင်း၊ ပူတာအို၊ ဟားခါး၊ ခန္တီး၊ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း၊ ၀ါးခယ်မ နှင့် သရက်မြို့တို့တွင်သာ တက်ရောက်ခွင့်ရှိကြောင်း သိရသည်။

ထောက်ကြန့်ရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမြင့်လွင်က " အစိုးရနည်းပညာ အထက်တန်းကျောင်းဟာ နည်းပညာတက္ကသိုလ်
ကျောင်းဝင်းအတွင်းမှာပဲ ရှိပါတယ်။ နည်းပညာအထက်တန်းအောင်ရင် နည်းပညာတက္ကသိုလ်မှာပဲ နီးနီးနားနားတက်ရောက်ခွင့်ရလို့ အစိုးရနည်းပညာ အထက်တန်းကျောင်းကို တက်ရောက်ခွင့်ပြုခဲ့ကြတာပါ။
အခုတော့ ဒီမှာမတက်ရတော့ဘဲ အခြားမြို့တွေမှာ သွားတက်ရမယ်လို့ ပြောပါတယ်။ " ဟုပြောကြားသည်။

မည်သည့်မြို့တွင်တက်မည်ဆိုသည်ကို နိုဝင်ဘာ(၁၃)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ခိုင်းသည့် အကြောင်းကြားစာ ပေးပို့ထားကြောင်း၊ ကလေးမြို့မှ အလှမ်းဝေးလွန်းလှသည့်မြို့များတွင်သာ တက်ရောက်ခွင့်ပြုလိုက်သည့် အတွက် ဆက်လက်ကျောင်းထားနိုင်ရေးမှာ မသေချာတော့ကြောင်း ကျောင်းသားမိဘများက ပြောသည်။

ကျော်သူစိုး(ကလေးမြို့)

The Myanma Age

11/12/13

မြန်မာနှင့် အီးယူ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်များ ကျင်းပမည်

မြန်မာနှင့် အီးယူ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်များ ကျင်းပမည်
ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၃

ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံတို့အကြား နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ Business Forum, Democratic Civil Society Forum နှင့် Development Forum များကို နိုဝင်ဘာ ၁၄ ရက်နေ့ ရန်ကုန်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ကျင်းပမည် ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (MICC) တွင် အီးယူနှင့် မြန်မာ အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း EU-Myanmar Task Force ၏ ထုတ်ပြန်ချက်အရ သိရသည်။

နယ်သာလန်က မြန်မာ့စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

နယ်သာလန်က မြန်မာ့စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၃

နယ်သာလန် အခြေစိုက် ရွိုင်ရယ်ဒတ်ခ်ျ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေး အရာရှိချုပ် Simon Henery သည် မြန်မာအစိုးရ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ စွမ်းအင် ကဏ္ဍဆိုင်ရာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အခြေခံ အဆောက်အအုံများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှု ကိစ္စ ရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

The Irrawaddy (Burmese Version)

မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ ဘီလျံ ရောက်ရှိ

မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ ဘီလျံ ရောက်ရှိ
ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၃

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံ လျှက်ရှိရာ ယခုနှစ် အောက်တိုဘာလကုန် အထိ အမေရိကန် ဒေါ်လာ ၄၃ ဘီလျံရှိပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁၄ ဘီလျံ ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သည် မြန်မာနိုင်ငံ ရှိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၃၂ ရာခိုင်နှုန်းဖြင့် ထိပ်တန်းမှ ဦးဆောင်နေကြောင်း၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၏ ဒုတိယနေရာတွင် ရှိနေကြောင်း၊ ဟောင်ကောင်နှင့် ဗြိတိန်တို့သည် တတိယနှင့် စတုထ္တ ရင်းနှီးမြှုပ်နှံသော နိုင်ငံများဖြစ်ကြောင်း သိရှိရသည်။

The Irrawaddy (Burmese Version)

အောက်မြန်မာနိုင်ငံ နဲ့အလယ်ပိုင်းဒေသအချို့တို့မှာ အချိန်အခါမဟုတ် မိုးရွာနှိုင်ပါတယ်

အောက်မြန်မာနိုင်ငံ နဲ့အလယ်ပိုင်းဒေသအချို့တို့မှာ အချိန်အခါမဟုတ် မိုးရွာနှိုင်ပါတယ်
======================================
ဆရာ ဒေါက်တာထွန်းလွင် ပြောတဲ့ မိုးရွာမယ့် အခြေအနေပါ။ အခုလို ပြောပြတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။

တောင်သူဦးကြီးများ ကြိုတင်ပြင်ဆင်နှိုင်ရန်။
ဆိုရေးရှိက ဆိုအပ်လှ၏။
နိုဝင်ဘာလ(၁၅)ရက်လောက်စပြီး အောက်မြန်မာနိုင်ငံ နဲ့အလယ်ပိုင်းဒေသအချို့တို့မှာ အချိန်အခါမဟုတ် မိုးရွာနှိုင်ပါတယ်။
Weather News Update
12-11-2013
6:01 am

(၁)ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေတယ်။

(၂) မုန်တိုင်းဖြစ် လာဖို့ ၁၅% လောက်ရှိတယ်။ (၃) ဒီမုန်တိုင်းကိုတော့ စိတ်ပူစရာ မလိုပါ။ မြန်မာ နဲ့ဝေးတဲ့ အပြင် ဖြစ်လာရင်လည်း သီရိလင်္ကာဖက်ကိုဘဲသွားမယ်။ လောလောဆယ် ရာသီဥတုကောင်းနေပါတယ်။

(၃) ဒါပေမယ့် (၁၃-၁၁-၂၀၁၃)ရက်မှစပြီး မြန်မာနိုင်ငံဖက်ဆီကို အရှေ့လေပွေလှိုင်းတစ်ခုလာမယ်။ (၁၄-၁၁-၂၀၁၃)ရက်နေ့မှာ စပြီး ဧရာဝတီ အနောက်တောင်ပိုင်းမှာမိုးစရွာမယ်။ (၁၅)(၁၆)(၁၇)ရက်တွေ မှာအောက်မြန်မာပြည်တစ်ခုလုံး မိုးတွေပိုရွာမယ်။ ရခိုင်မှာတော့ (၁၇-၁၁-၂၀၁၃)ရက်မှာ မိုးတွေစရွာမယ်။
၁၃-၁၁-၂၀၁၃ ကချင်၊ စစ်ကိုင်းအထက်၊ ရှမ်းတောင် နဲ့ ရှမ်းအရှေ့
၁၄-၁၁-၂၀၁၃ ကချင်၊ စစ်ကိုင်းအထက်၊ ရှမ်းတောင်၊ ရှမ်းအရှေ့ နဲ့ ကယား။
၁၅-၁၁-၂၀၁၃ ကချင်၊ စစ်ကိုင်းအထက်၊ ရှမ်းတောင် နဲ့ ရှမ်းအရှေ့၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး။
၁၆-၁၁-၂၀၁၃ ကချင်၊ စစ်ကိုင်းအထက်၊ ရှမ်းတောင်၊ ရှမ်းအရှေ့၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ရန်ကုန် ဧရာဝတီ၊ ပဲခူး၊ မန္တလေး။
၁၇-၁၁-၂၀၁၃ ကချင်၊ စစ်ကိုင်းအထက်၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ ရခိုင်၊ မကွေး။

(၄) ဒီတော့ မြန်မာ့ပင်လယ်ပြင်မှာ (၁၇-၁၁-၂၀၁၃)ရက်နေ့ အထိတော့ မုန်တိုင်းဘေး(ဖြစ်ခဲ့ရင်တောင်)ကင်းနိုင်တယ်။ ဒါပေမယ့် မိုးနဲ့လေတော့ အနည်းငယ် ကြုံတွေ့နိုင်ကြောင်းပါ။

မိုးရာသီကသာ ကုန်သွားခဲ့ပေမယ့် မုန်တိုင်းရာသီက မကုန်သေးကြောင်းပါ။

ဒေါက်တာထွန်းလွင်

ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲများကြုံတွေ့


ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲများကြုံတွေ့
Tuesday, November 12, 2013

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်း လုပ်သား များ ဗီဇာသက်တမ်းကုန်လွန်သွားပြီးနောက် အခက်အခဲ အမျိုး မျိုး ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်က နိုဝင်ဘာ ၁၁ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်း အလုပ်သမားများမှာ အလုပ်ရှင်တို့မှ ဗီဇာသက်တမ်းကုန်ဆုံးသွားသဖြင့် အလုပ်မှရပ်နားထားပြီး ဗီဇာအသစ်ရရှိပြိးမှသာ အလုပ်ပြန်ဝင်ရန်ပြော ဆိုခြင်းကြောင့် အလုပ် လက်မဲ့များဖြစ်နေကြောင်း၊ပွဲစားများက ဗီဇာ ဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင်ဘတ် ၃၅၀၀မှ ဘတ် ၅၀၀၀ထိ လိမ်လည်ယူဆောင်သွားခြင်းများအပြင် ပွဲစားများက အလုပ်ရှင်များနှင့် ဆက်သွယ်၍ နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်တစ်ဦး လျှင် ဘတ် ၁၀၀၀၀မှ ၁၅၀၀၀ထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျက်
ရှိနေကြောင်း အလုပ်ရှင်အချို့ထံ သိထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သက်တမ်းကုန်ဆုံးတဲ့လူက နေ့စဉ် ၅၀၀ လောက်တိုးနေတာ၊ အခုဆို ၂၀၀၀၀န်းကျင်လောက်ရှိနေပြီး၊Over Stay ဖြစ်နေတဲ့သူတွေက သူ့ နိုင်ငံရဲ့ လ၀က ဥပဒေနဲ့ဆို ပြည်နှင်ဒဏ်ခံရမှာပါ။ ဒါပေမယ့် အဲဒီ့ကရဲတွေက ဖမ်းတယ်။ ပြီးရင် ငွေညှစ်ပြီး ပြန်သွားတာများတယ်။ ဘာပဲ ပြောပြော မလုံခြုံဘူးပေါ့”ဟုရွှေ့ပြောင်းလုပ်သား များအခွင့်အရေးကွန်ရက်
(MWRN) မှ ဒါရိုက်တာ ကိုစိန်ဌေးက ပြောကြားသည်။

ယင်းအပြင် အလုပ်သမားများမှာ အလုပ်ရှင်တို့မှ ဗီဇာသက်တမ်းကုန်ဆုံး သွားသဖြင့် အလုပ်မှရပ်နားထားပြီး ဗီဇာအသစ်ရရှိပြိးမှသာ အလုပ် ပြန်ဝင်ရန်
ပြောဆိုခြင်းကြောင့် အလုပ်လက်မဲ့များဖြစ်နေကြောင်း၊ပွဲစားများက ဗီဇာ ဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင်ဘတ် ၃၅၀၀မှ ဘတ် ၅၀၀၀ထိ လိမ်လည်ယူဆောင်သွားခြင်းများအပြင် ပွဲစားများက အလုပ်ရှင်များနှင့် ဆက်သွယ်၍ နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်တစ်ဦး လျှင် ဘတ် ၁၀၀၀၀မှ ၁၅၀၀၀ထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျက်
ရှိနေကြောင်း အလုပ်ရှင်အချို့ထံ သိထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနှင့် မြန်မာအစိုးတို့မှ ၂၀၀၉ခုနှစ်၊ ဇူလိုင် ၁၅ရက်မှ စတင်၍င်ငံသား စိစစ်ခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ရာ ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၁၁ရက်အထိ မြန်မာအလုပ်သမားဦးရေ ၁ဒသမ၇သန်းကျော် တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ၂၀၀၉ခုနှစ်က
ဗီဇာရရှိသူများမှာ ၄နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်၍အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

ရေးသားသူ - ဝေဖြိုး
People power
From -Myanmar Online News

လုပ်ကြံခံရသော သေနတ်ပစ် အားကစားသမားဟောင်းအမှုတွင် သတ်ခိုင်းကြောင်း ယောက္ခမဝန်ခံ



[ Ref- Bangkok Post ၊ ဘန်ကောက် ၊ နိုဝင်ဘာ ၁၁ ]

ယခင် ထိုင်းနိုင်ငံ လက်ရွေးစင်သေနတ် ပစ် အားကစားသမားဟောင်း ဂျက်ခရစ်၏ယောက္ခမဖြစ်သူ မစ္စ ဆူရန်က သမက်ဖြစ်သူကို သတ် ရန် သေနတ်သမား ငှားရမ်းခဲ့ ကြောင်း တနင်္လာနေ့နံနက်တွင် ထိုင်းနိုင်ငံ ရုပ်သံလိုင်း အမှတ်- ၃မှ ဝန်ခံပြောကြားခဲ့သည်ဟု သိ ရသည်။

နိုင်ငံ့လက်ရွေးစင် သေနတ် ပစ်အားကစားသမားဟောင်း ဂျက်ခရစ်သည် လွန်ခဲ့သောလ က ၎င်း၏ကိုယ်ပိုင်ကားအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ ခြင်းဖြစ်သည်။ မစ္စဆူရန်က ၎င်း ၏သမီးဖြစ်သူ ဒေါက်တာနစ်တီ ဝက်ဒီကို သမက်ဖြစ်သူက နှိပ်စက် ညှဉ်းပန်းခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ သည်။

အသက်၇၂နှစ်ရှိပြီဖြစ်သော မစ္စဆူရန်က ၎င်း၏တစ်ဦးတည်း သောသမီးလေးသည် ယောက်ျား အား လွန်စွာချစ်မြတ်နိုးကြောင်း နှင့် သမက်ဖြစ်သူက သားအမိ နှစ်ဦးစလုံးအပေါ်တွင် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ ပြီး သားအမိနှစ်ဦးမှာ တစ်ဦးကို တစ်ဦး ဖြေသိမ့်နေခဲ့ရသည်ဟု ရင်ဖွင့်ခဲ့သည်။

ထို့နောက် သမက်ဖြစ်သူမှာ ထောင်ကျခဲ့ပြီး ထောင်မှ လွတ် မြောက်လာသောအခါ ယခင်အ တိုင်းပင် ဇနီးဖြစ်သူကို ရိုက်နှက် ခြင်းများပြုလုပ်ခဲ့ပြီး မိမိအနေ ဖြင့် ဝင်ရောက်ပြောဆိုနိုင်စွမ်းမ ရှိခဲ့ကြောင်း ပြန်လည်ပြောပြခဲ့ သည်။ သမီးဖြစ်သူမှာလည်း လင် ယောက်ျားကိုအပြစ်မမြင်ဘဲ ဆက် လက်ပေါင်းသင်းခဲ့ပြီး တတိယ မြောက်ကိုယ်ဝန်မှာ ယောက်ျား ၏ရိုက်နှက်ညှဉ်းပန်းမှုကြောင့် ပျက်ကျခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် မိမိသည် သမက် အား သတ်ရန်အတွက် သေနတ် သမားကို ငှားရမ်းစီစဉ်ခဲ့ခြင်းဖြစ် သည်ဟု အကြောင်းစုံကို ဝန်ခံခဲ့ သည်။ မစ္စဆူရန်သည် လူသတ်မှု ၏ နောက်ကွယ်မှ တရားခံမှန်း သမီးဖြစ်သူသိရှိသောအခါ မိခင် ဖြစ်သူ၏ သူမအပေါ်ချစ်ခင်သော စိတ်ကိုသိရှိနားလည်၍ မိခင်အ စားထောင်ကျခံရန် ကြိုးပမ်းခဲ့ သည်ဟု သိရသည်။ ထိုင်းရဲအာဏာပိုင်များ သည် အဆိုပါလူသတ်မှုနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးနေဆဲအ ချိန်တွင် မစ္စဆူရန်က ယခုကဲ့သို့ ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု သိရ သည်။

Credit By - Yangon Media Group

မိုးစပါး တင်း ၁ဝဝ လျှင် ငွေကျပ် လေးသိန်းကျော်ဖြင့် အဝယ်လိုက်


Tuesday, 12 November 2013

ဈေးကောင်း ရရှိရန် မျှော်လင့်နေသော တောင်သူများ မိုးစပါး တင်း ၁ဝဝ လျှင် ငွေကျပ် လေးသိန်း နှစ်သောင်းဖြင့် ရောင်းချ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် နေရာဒေသ အချို့တွင် ရေနစ်မြုပ် ပျက်စီးမှုများ ရှိသော်လည်း စပါး ထွက်နှုန်း ကောင်းမွန်သည့် ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် နေရာဒေသ အနှံ့အပြားတွင် သက်ရင့်၊ သက်လတ် စပါးများ ရိတ်သိမ်းလျက် ရှိပြီး ပျမ်းမျှ တစ်ဧကလျှင် တင်း ၈ဝ နှုန်းအထိ ထွက်ရှိသည်။ တောင်သူများ စပါးပေါ်ချိန်တွင် စပါး အရောင်းအဝယ် လုပ်ကိုင်သူများက အပြိုင်အဆိုင် ဝယ်ယူလျက် ရှိရာ ယခုပေါ်သည့် ထိုင်းကောက်စပါး တင်း ၁ဝဝ လျှင် ငွေကျပ် လေးသိန်းနှစ်သောင်း ပေး၍ ဝယ်ယူလျက် ရှိသည်။ စပါး အဝယ်လိုက်ခြင်းကြောင့် ဆက်လက် ရိတ်သိမ်းမည့် သုခအုပ်စု စပါးများ၊ ဆင်းသွယ်လတ် စပါးများ ရိတ်သိမ်းချိန်တွင် ဈေးကောင်း ရဖွယ်ရှိ၍ တောင်သူများ အတွက် တွက်ခြေကိုက်လျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/30181-2013-11-12-09-52-15

ပြိုင်ပွဲဝင်ရန် အဆင်သင့် မဖြစ်သေးကြောင်း ဦးတင်မြင့်အောင် ဖွင့်ဟပြောကြား



[ ညီမိုဃ်း ၊ ရန်ကုန် ၊ နိဝင် ဘာ ၁၁ ]

မြန်မာ ယူ-၂၃အသင်းအနေဖြင့် ဆီးဂိမ်း ပြိုင်ပွဲဝင်ရန် အဆင်သင့်မဖြစ် သေးဟု အသင်း၏စီနီယာ လက် ထောက်နည်းပြ ဦးတင်မြင့်အောင် က ဝန်ခံခဲ့သည်။

မြန်မာယူ-၂၃အသင်းသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့တွင်သွားရောက်၍ လေ့ကျင့်မှု များပြုလုပ်ပြီး ခြေစမ်းပွဲများယှဉ် ပြိုင်ကစားခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိနေပြီဖြစ်သည်။

ဦးတင်မြင့်အောင်က ''ကျွန် တော်တို့ ပြည်ပနိုင်ငံတွေမှာ လေ့ ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် လက် ရှိအချိန်မှာတော့ ပြိုင်ပွဲဝင်ဖို့ အ ဆင်သင့် မဖြစ်သေးပါဘူး။ အ သင်းမှာ ဒဏ်ရာရကစားသမား တွေ ရှိနေပါတယ်။

လိုအပ်ချက် တွေလဲရှိပါသေးတယ်။ ကစားသ မားတွေအနေနဲ့ ကျွန်တော်တို့ ပြည်ပမှာ လေ့ကျင့်ခန်းတွေပြု လုပ်ခဲ့တုန်းကရရှိခဲ့တဲ့ အကောင်း ဆုံးပုံစံတွေကို ဆက်ထိန်းထား နိုင်ဖို့လိုပါတယ်။ ဒဏ်ရာရ ကစား သမားတွေလဲ ဒဏ်ရာက သက် သာလာမယ်။ ကျန်တဲ့ကစားသ မားတွေလဲ သူတို့ရဲ့လက်ရှိပုံစံကို ထိန်းနိုင်မယ်ဆိုရင်တော့ ဆီးဂိမ်း မှာ အောင်မြင်မှုရရှိနိုင်မှာပါ''ဟု ဖွင့်ဟသွားခဲ့သည်။

အသင်းမန်နေဂျာ ဦးစိုးမိုး ကျော်ကမူ ယူ-၂၃အသင်းအနေ ဖြင့် ခြေစမ်းပွဲခရီးစဉ်တွင် တိုး တက်မှုများစွာရှိခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် ဒဏ်ရာရ ကစားသ မားများရှိနေသော်လည်း ဆီးဂိမ်း မတိုင်မီ ပြန်လည်ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Credit By - Yangon Media Group

ရတနာပုံတယ်လီပို့ကုမ္ပဏီ တစ်လအတွင်း အများပိုင်အဖြစ်ပြောင်းရန်ရှိ


အများပိုင်ကုမ္ပဏီအဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ကြေညာထားသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီသည် တစ်လအတွင်း အများပိုင်အဖြစ် ပြောင်းလဲပြီးစီးသွားမည်ဟု ခန့်မှန်းထားရှိကြောင်း ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ဆိုသည်။


“အများပိုင်ပြောင်းဖို့လုပ်နေတာ နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ ပြောလို့ရပါတယ်။ ဒီလထဲမှာတော့ ပြီးသွားမယ်ထင်တယ်။ သိတဲ့အတိုင်း ကုမ္ပဏီမှာ MPT ရှယ်ယာတွေပါဝင်နေတော့ လုပ်ရကိုင်ရတာ အသေးစိတ်နေရတဲ့အခြေအနေဖြစ်နေတယ်” ဟု ဦးရှိန်းသူအောင်က ပြောသည်။


ကုမ္ပဏီအနေဖြင့် အများပိုင်ပြောင်းလဲရန် တန်ဖိုးသတ်မှတ်နိုင်ခဲ့သည်ဟု ပြောဆိုနိုင်ပြီး အများပိုင်နှင့် ပတ်သက်သည့် အချက်အလက်များကိုမူ သီးခြားထုတ်ပြန်သွားမည်ဟု သိရသည်။ ဒါရိုက်တာအဖွဲ့ဝင်များ၏ သဘောထားဖြင့် ကုမ္ပဏီကို အများပိုင်အဖြစ်ပြောင်း နိုင်ခဲ့သော်လည်း Coporate ၏ လုပ်ထုံးလုပ်နည်းအညီ လိုက်လံ ဆောင်ရွက်နေသည့်အတွက်အချိန်ကြာ မြင့်နေခြင်းဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဆိုသည်။


ရတနာပုံတယ်လီပို့ကုမ္ပဏီသည် အများပြည်သူ ရှယ်ယာပါဝင်နိုင်သည့်အထိ ပြောင်းလဲသွားမည်ဟု ကြေညာထားပြီး လက်ရှိအချိန်၌ အစုရှယ်ယာ တစ်ဘီလျံခန့်ကို အစုရှယ်ယာတစ်စုလျှင် ၁သောင်းကျပ်ဖြင့် ရောင်းချမည်ဟုကြေညာထားသည်။ အများပိုင်ကုမ္ပဏီကို ကျပ်သန်းပေါင်း တစ်သန်းမတည်၍ ဆောင်ရွက်သွားမည်ဟု သတင်း များက ဖြော်ပထားပြီး ဒါရိုက်တာအဖွဲ့ဝင် ၂၃ ဦးရှိကြောင်း သိရသည်။ ရတနာပုံတယ်လီပို့ကုမ္ပဏီသည်မိုဘိုင်းဖုန်းတပ်ဆင်ရေးလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြားဆကွယ်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လပု က် ငိုေ် လုပ်ကိုင်ဆောင်ရွက်နေသည့် အစည်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းဖြစ်သည်။ဆက်သွယ်ရေးအော်ပရေတာအဖြစ် လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ရန် ရတနာပုံတယ်လီပို့ ကုမ္ပဏီကို အများပိုင်အဖြစ်ပြောင်းလဲမည်ဟု ကြောခဲ့သည့်နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တို့အစုရှယ်ယာများကို ကုမ္ပဏီမှထုတ်ယူသွားမည်ဟု ပြောဆိုခဲ့ပြီး ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကုမ္ပဏီအတွင်း၌ ဆက်လက်ထားရှိတော့မည်ဟုကြေညာခဲ့သည်။



မြင့်ကျော်လှိုင်

လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ရပ်ဆိုင်း

လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ရပ်ဆိုင်း၊ လာမည့်ဘဏ္ဍာနှစ်မှသာ ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ဆုံဖြတ်

နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်ရန် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ 

နိုဝင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လာရောက်ရှင်းလင်းခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒခံယူခဲ့ရာ ကန့်ကွက်သူမရှိဘဲ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

MomentCam v2.3.4 Apk 20MB


ဒီ App ကိုတော့ နာမည်ကြီးဘဲဗျာ ဒီနေ့အပ်ဒိတ်လေးပါ 
အခုဗားရှင်းမှာ အင်္ဂလိပ်စာတွေနဲ့ဖြစ်သွားပြီး 
ပုံကို Save လုပ်တဲ့အခါ တစ်ခါတည်း ဓာတ်ပုံအဖြစ်မြင်ရပါတယ် 
သူကိုအသုံးပြုတဲ့ အခါ အင်တာနက်ဖွင့်ထားမယ်ဆိုရင် အခြားဒီဇိုင်း အလန်းတွေကိုပါ လက်ဆောင်အဖြစ်ပေးပါသေးတယ် 
တရုပ်ဗာရှင်းတွေအသုံးတဲ့သူငယ်ချင်းအတွက် 
En ဗာရှင်း အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်ခင်ဗျာ

Download Link -http://www.mirrorcreator.com/files/0UYCNMS7/
http://d-h.st/yan


From - http://friendszone75.blogspot.com/2013/11/momentcam-v234-apk-20mb.html

3D ပရင်တာဖြင့် သေနတ်အစစ် ထုတ်နိုင်ပြီ

ကယ်လီဖိုးနီးယား အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုက 3D ပရင်တာဖြင့် သေနတ်အစစ်ကို ထုတ်နိုင်ခဲ့ပြီး စမ်းသပ် ပစ်ခတ်ခဲ့သည့် အခါတွင်လည်း ပစ်မှတ်ကို ကွက်တိ ထိမှန်ကြောင်း ဖော်ပြသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်လာသည်။ 

ဗီဒီယိုဖိုင် တွင် ယခုစမ်းသပ် ထုတ်လုပ်သူများက သူတို့၏ သေနတ်ကို ကိုက်၃၀အကွာမှ အချက်၅၀ ပစ်ခတ် စမ်းသပ်ခဲ့ရာ အောင်မြင်မှု အပြည့်အ၀ ရှိသည်ကိုတွေ့ရကြောင်း ပြောကြားထားသည်။

ယခု သေနတ်သည် 3D ပရင်တာဖြင့် ထုတ်သော သီးခြားအစိတ်အပိုင်း ၃၀ကျော် ပေါင်းစပ်ထားသည်။ 

အထူးသဖြင့် အဓိက အစိတ်အပိုင်းများကို သံမဏိနှင့် အခြားသတ္တုများဖြင့် ထုတ်လုပ်ထားသည်။ 


Solid Concepts ဟု အမည်ရသည့် ကုမ္ပဏီသည် 3D ပရင်တာနှင့်ထုတ်သော ပစ္စည်းများတွင် ကမ္ဘာ့ပထမဆုံး ၀န်ဆောင် မှုပေးနေသော အဖွဲ့ဖြစ်သည်။ သူတို့က ၁၉၁၁ လက်ကိုင်သေနတ်သည် ဈေးချိုမည် မဟုတ်ဟု ဆို၏။ 

ကုမ္ပဏီမှ ဒုတိယဥက္ကဌ ကန့်ဖိုင်းယားစတုန်းက 3D ပရင်တာထုတ် ပစ္စည်းများ လက်တွေ့ဆန်ပြီး အသုံးချနိုင်စွမ်းမြင့်ရန် ကြိုးပမ်းနေကြောင်း၊ သူတို့၏ ထုတ်လုပ်မှုအတွက် လူထု၏ အမြင်များ ပြောင်းလဲလာအောင် ကြိုးပမ်းရဦးမည် ဖြစ်ကြောင်း ဆိုသည်။

ဖိုင်းယားစတုန်းက သူတို့၏ အင်ဂျင်နီယာများသည် 3D ပရင်တာ နည်းပညာတွင် ကျွမ်းကျင်သူများဖြစ်ပြီး၊ ယခုကဲ့သို့ သော လုပ်ငန်းများနှင့် အသင့်တော်ဆုံး သူများဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် 3D ပရင်တာဖြင့် ထုတ်သော သေနတ်များ ထွက်နေသော်လည်း သတ္တုဖြစ်ပစ္စည်းများ မဟုတ်သလို အသုံးပြုခွင့်၊ ရောင်းချခွင့်များ ပိတ်ထားကြောင်း သူက ဆိုသည်။ 

ယခုနှစ် နှစ်ဆန်းပိုင်းက လူတိုင်း ကိုယ်တိုင် ထုတ်လုပ်နိုင်သည့် တစ်ချက်ပစ် သေနတ်လုပ်နည်း ကွန်ပျူတာဖိုင်များကို Defence Distributed ၀က်ဘ်ဆိုက် Open-source အဖြစ် တင်ခဲ့ရာ download ချသည့် အကြိမ်အရေအတွက် တစ်သိန်း ကျော်ခဲ့ရှိခဲ့သည်။

ပြီးခဲ့သည့် မေလတွင် ပြည်ထဲရေးဝန်ကြီးက သေနတ်ထုတ်သည့် အသေးစိတ်ပုံစံကို အင်တာနက်မှ ဖယ်ရှားခဲ့သော်လည်း သုံးစွဲသူများက အခြားသော ဖိုင်ဝေမျှသည့် ဆိုက်များမှ တင်နိုင်သေးသည်ဟု တုန့်ပြန်ထား ကြသည်။

ယခု Solid Concepts ကုမ္ပဏီကမူ သူတို့၏ စနစ်သည် တရားဝင်ဖြစ်ကြောင်း၊ သူတို့သည် 3D ပရင်တာ ၀န်ဆောင်မှု ပေးနိုင်သော ဗဟိုစစ်လက်နက်လိုင်စင် ကိုင်ထားသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ကြောင်း ဆိုသည်။


From - http://friendszone75.blogspot.com/2013/11/3d.html#

11/11/13

ကျွန်တော်၊ Huawei G610S နှင့် Safemode ပြဿနာ


ပို့စ်ရေးသားသူ- ကိုစိုးမြတ်သူ


Huawei G610S တလုံး လာပြင်ပါတယ်
Display Screen ရဲ့ အလယ်လောက်မှာ new:risk , old:risk ဆိုတဲ့
စာတန်းအဖြုလေး နှစ်ကြောင်းထဲ ပေါ်နေပါတယ်
ဖြစ်ကြောင်းကို မေးကြည့်တော့ အားသွင်းထားရင်း သုံးလိုက်တာ
စာတန်းတွေ တက်လာပီး ပြန်ပွင့်လာတော့ အဲဒီ စာနှစ်ကြောင်းပဲ
ပေါ်လာတာတဲ့ … ဘာမှ ထပ်ပေါ်မလာတော့ပါဘူး တဲ့
……………………………………………………………..
စမ်းကြည့်လိုက်တော့ safe mode မှာပဲ ရပ်နေတယ်
firmware (G610-U00 B138 ) တင်ပါတယ်
OK ပြပီး Restart ကျသွားပါတယ် …
ပြန်ပွင့်လာတော့ safe mode ပါပဲ
သုံးကြိမ်ထိအောင် firmware တင်စမ်းပါတယ် ဒီအတိုင်းပါပဲ …
……………………………………………………………..
နောက်တခု ထူးခြားတာ တွေ့မိတာက Vol Down Key ပါ
သံသယရှိလို့ သူ့ကို လွှတ်ထားပီး Firmware တင်တဲ့အခါ Vol Up နဲ့ Power
နှစ်ခုတွဲနှိပ်တာတောင် အလုပ်လုပ်နေပါတယ်
Hardware Error ဖြစ်နိုင်မယ်ထင်လို့ ဖြုတ်စစ်လိုက်ပါတယ် …
နှိပ်တဲ့ Key အတွဲ (Power, Vol Up, Vol down) ကို အရင်စစ်တော့
Vol down key က နဲနဲ ကျွံဝင်နေပါတယ် ကျန်တဲ့နှစ်ခုက ကောင်းပါတယ်
ကျွံနေတဲ့ Vol down ကို ပြန်ခွါပီး သေချာ တိတ်နဲ့ထိန်းပီး ပြန်ကပ်ပေးလိုက်ပါတယ်
အဲဒါနဲ့ အဲဒီ Key တွေ လမ်းကြောင်းအတိုင်း ဆားကစ်ပြားကို ဆက်စစ်ပါတယ်
ပုံထဲမှာ ပြထားတဲ့အတိုင်း ကော်နက်တာ လေးခုက အစဉ်လိုက်အတိုင်းဆိုရင်
1.Power , 2.Ground , 3.Vol Up , 4.Vol down တို့ပါ
Ground ကို အနက်တံထားပီး ကျန်တဲ့ သုံးငုတ်ကို မီတာ ×10 မှာထားပီးတိုင်းပါတယ်
အားလုံး နဲနဲစီပဲ ပြပါတယ် …
နောက်တခါ Ground ကို အနီတံထားပီး ကျန်တဲ့ သုံးငုတ်ကို ဆက်တိုင်းပါတယ်
Vol down နဲနဲပြနေတာက လွဲလို့ ကျန်တဲ့နှစ်ခုက လုံးဝ မပြပါဘူး
အဲဆိုရင်တော့ Vol down မှာ Error ရှိလောက်မယ်ထင်လို့ သူ့လိုင်းကို လိုက်ကြည့်ပါတယ်
Key အားလုံးက ဒိုင်အုတ်နဲ့ ကွန်ဒင်ဆာ အပြိုင်ဆက်ပီး
Ground ချထားတာပါ … အဲဒီထဲကမှ Vol down နဲ့ Ground နဲ့ ဆက်ထားတဲ့ ဒိုင်အုတ်ကို
မီတာ တိုင်းကြည့်လိုက်တော့ အပြန်အလှန် ပြနေတာပါ …
လဲစမ်းစရာ မရှိတာနဲ့ ဖြုတ်ချလိုက်ပါတယ် ဒိုင်အုတ်က သေးလွန်းတော့
ခဲဂေါက်မှာ ကပ်ပါသွားတာဗျာ ကျွန်တော့် မျက်လုံးမကောင်းတော့ ရှာလို့ကို မတွေ့တော့ဘူး
အားလုံး ပြန်တတ်စမ်းပါတယ် … safe mode ပါပဲ
ဒါနဲ့ မထူးပါဘူးဆိုပီး Vol up နဲ့ Vol down လမ်းကြောင်းမှာရှိတဲ့ ဒိုင်အုတ်နဲ့ ကွန်ဒင်ဆာတွေ
အားလုံး ဖြုတ်ချလိုက်ပါတယ် …ပြန်တတ်စမ်းတယ် …
Logo တက်လာပီး Boot Animation ဆက်တက်လာတယ်
ပီးတော့ ပုံမှန် ဖန်းဝဲ တက်လာပါတယ်
ပုံမှန် ပွင့်နေတဲ့ အချိန်မှာ Vol up နဲ့ Vol down စမ်းကြည့်တယ် … အလုပ်မလုပ်တော့ပါ
အားလုံး အဆင်ပြေလောက်ပီထင်လို့ ပစ္စည်းစုံတပ်ပီး စမ်းကြည့်တယ်
ပြန်တက်လာတော့ safe mode
ကျွန်တော်လဲ မျက်ရိုးတွေ ကိုက်လှပီ ခေါင်းလဲ နောက်နေပီ components တွေက
အရမ်းသေးလွန်းတော့ မျက်မှန် နဲ့ မှန်ဘီလူး နှစ်ခုပေါင်းကြည့်မှ မြင်ရတာ
ဒါနဲ့ပဲ ပစ်ထားလိုက်တယ် …
…………………………………………………………………..
နောက်ထပ် သုံးရက်လောက်နေတော့ သတိရလို့ စမ်းကြည့်လိုက်တယ်
ပုံမှန် ပွင့်နေသဗျ … အိုကေပီပေါ့
ဓါတ်ခဲ ဖြုတ်ပီး ပြန်တတ်စမ်းတယ် safe mode ….
အဲဒါနဲ့ ပစ်ထားလိုက်တယ် နောက်တရက် ထပ်စမ်းတယ် ရပြန်တယ်
ဓါတ်ခဲ ဖြုတ်ပီး ပြန်တတ်လိုက်ရင်ပဲ ထုံးစံအတိုင်း safe mode …
ကျွန်တော်လဲ G610S တလုံးနဲ့ကို ရူးချင်သလိုလို ဖြစ်လာပါတယ်
အဖြေ မတွေ့သေးလေ သိချင်လေ ရှာလေ တိုင်ပတ်လေ ဖြစ်နေတယ်
………………………………………………………………………………..
ဒါနဲ့ ပိုင်ရှင်ကို မေးကြည့်လိုက်တော့
ဘုရားဖူးခရီးစဉ်တခုမှာ အဲဖုန်းနဲ့ တယောက်တလှည့်စီ ဓါတ်ပုံရိုက်ကြသတဲ့
ဖုန်းက လူတကာ လက်ထဲ ရောက်နေတာ အကိုင်များနေတယ်
ချောင်းသာ တည်းခိုခန်းမှာ အားသွင်းရင်း
ဖေါက်သွားတာ ဆိုတော့ …. ရေငွေ့ကို သတိရသွားတယ်
အဲဒါနဲ့ ပေါင်းစက်နဲ့ 30M (50W) ထားပီး ပေါင်းကြည့်တယ်
ပေါင်းပီးတော့ ပြန်တတ်စမ်းတယ် ပုံမှန် ပြန်ပွင့်လာပါတယ်
ဓါတ်ခဲ ဖြုတ် ပြန်တတ် အကြိမ်ကြိမ် စမ်းပါတယ် ပုံမှန် အတိုင်းပါပဲ
Vol up နဲ့ Vol down ခိုင်းမရတော့ပါ
ဖြုတ်ထားတဲ့ ပစ္စည်းတွေ အစားထိုး ပြန်တတ်စမ်းပီး
Vol up နဲ့ Vol down ပြန်စမ်းမလို့ပါပဲ
ပိုင်ရှင်ကလဲ ပြန်လိုချင်နေလို့ အဲဒီ အခြေအနေအတိုင်းပဲ ပြန်ပေးလိုက်ပါတယ်
ကျွန်တော်ဖြုတ်တာ နဲနဲ လွန်သွားတယ်ဗျ သတိထားနိုင်ဖို့ပါ
………………………………………………………………………………….
ဒါဟာ သေချာတဲ့ Solution မဟုတ်ပေမယ့် ကျွန်တော် ပြင်ထားတဲ့အတိုင်း
ပြန်ပြောပြတာပါ … Error တခုထဲပေမယ့် Solution တူနိုင်မှာ မဟုတ်ပါဘူး
ကြုံလာတဲ့အခါ ထည့်သွင်း စဉ်းစားလို့ရအောင် ပြောပြပေးတာပါဗျာ ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကိုစိုးမြတ်သူ

Credit By - Myanmar Mobilt Application Store