သတင်းနှင့်နည်းပညာများ

10/18/13

"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ"

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကျောင်းသား/ ကျောင်းသူတွေကို 
မေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။ 




အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊ မိုးယုစံကိုလည်း လက်ထပ်ထားတယ်ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။ 

ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း နေ့ချင်း 
ပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။ 

UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာ အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊ 

၎င်း၏ စာ အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် - 

 " ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအပေါင်းတို့ခင်ဗျာ... - 

ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏ အစွမ်းကုန်ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူး
ရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။ 

မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလိုသည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင် ရှင်းလင်းဖော်ပြအပ်ပါသည်။ 

- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်က ရရှိသည့် ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကို 
ဖြေကြားလိုပါသည်။

ဤပြိုင်ပွဲ၏ကုန်ကျ စရိတ်စုစုပေါင်းမှာ သိန်း(၃၀၀) နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်
နေ့စဉ် Video ရိုက်ကူးခတို့ဖြစ်ကြပါသည်။

ဘောလုံးကွင်း၊ ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊ အားကစားဝန်ကြီးဌာန နှင့် ရန်ကုန် ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။ 

ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်ကြီးများက အချိုးကျပါဝင်လှူဒါန်းပါသည်။ 

ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲ ဝင်ကြေး ကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များ သို့လှူဒါန်းစေခဲ့ပြီြး
 ဖြစ်ပါသည်။ 

- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြလိုပါသည်။ ယင်းဒိုင်လူကြီးများ အားလုံးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် အသိအမှတ်ပြု ထားပြီး နိုင်ငံတကာ ဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍ စေတနာဖြင့် လာရောက် ကူညီပေးနေသူများဖြစ်ကြပါသည်။ 

ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်းလည်းမရှိသကဲ့သို့ ဘက်လိုက်
ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်မည်မဟုတ်ပါ။ 

ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကိုရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခုစဉ်းစားစေလိုပါသည်။ 

မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ ဆိုးသွမ်းနေသူ 
ဖြစ်ပါက မည်သည့် ဝန်ကြီး၊ ဒုဝန်ကြီးက မိမိနှင့် လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း?? 

မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း?? 

မည်သည့်ကျောင်းသား၊ ကျောင်းသူ များနှင့်မိဘများက မိမိနှင့်ပူးပေါင်းဆောင်ရွက်မည်နည်း?? 

မည်သည့် မီဒီယာက မိမိဘက်မှ ရပ်တည်ဖြေရှင်းပေးမည်နည်း?? 

မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်လည်း ကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာချိတ် ပါသည်)၊ 

မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက် စားခြင်းမပြုပါ)၊ 

ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင် ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊ 

မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊ မည်သည့် ယာဉ်ထိန်းရဲ ကိုမှ လည်း ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ၊ဘာသက်သေအထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော ၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ် အပျက် ကိုနားလည်သဘောပေါက်ပါသည်)။ 

မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများ မမှန်ကန်ကြောင်းသိရှိသောအခါ မည်သည့်ဖြေရှင်းချက်မျှ လည်း မပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာ တစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။

ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲ တွင် ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိက ကားတံခါးနားသို့ဆင်းကြိုသည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ - 

မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍ အမြင်စောင်းနေသူ အချို့လဲရှိနိုင် သည့်) ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်းပခြင်းဖြစ်ပါသည်။ 

မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာ တက္ကသိုလ် မှကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီးအဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။ 

မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီ 
ဖြစ် ၍ မိမိနှင့် ရည်ရွယ်ချက်ချင်းတူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ် ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝရှိပါသည်။ 

 - သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိစ္စ တစ်စုံ တခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း ဝေဖန်တိုက်ခိုက်ခြင်းမျိုး မပြုဘဲ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊

 နိုင်ငံတော်အဆင့် တာဝန်ရှိသူ လူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်းသားများ၏ စည်းလုံး၊ ညီညွတ်မှု စွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။ 

ဖိုးလပြည့်ရဲ့ စာပါအကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။  


အိမ့်သံစဉ် ~
From - The Irrawaddy's Blog

ကျေးကျွန်ပြုမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်



ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၁၃

မြန်မာနိုင်ငံသည် ကျေးကျွန်ပြုမှု အဆိုးဝါးဆုံး အာရှ ၁၀ နိုင်ငံစာရင်းတွင် အမှတ်စဉ် ၉ တွင် ပါဝင်နေပြီး ကျေးကျွန်ပြုမှု ဖြစ်ပွားရခြင်းမှာ ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ အုပ်ချုပ်ရေးပိုင်း အကျင့်ပျက်ခြားစားခြင်း၊ ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခများ ဖြစ်ပွား ခြင်းများ နှင့်လည်း ဆက်စပ်နေကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Walk Free Foundation မှ သုတေသီ Kevin Bales ပြုစုသော စာမျက်နှာ ၁၃၆ မျက်နှာပါ The Global Slavery Index 2013 စစ်တမ်းတွင် ဖော်ပြထားသည်။

The Irrawaddy (Burmese Version)

KNU တပ်မဟာ ၅ ရဲ့ အရေးကြီးတဲ့ကြေညာချက်

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မြို့ပေါ် ဗုံးခွဲမှုတချို့မှာ တာဝန်ရှိတယ်လို့ သံသယဖြစ်ခံရသူတယောက်ဟာ  KNU ရဲ့ ဖာပွန်ဒေသ တပ်ဖွဲ့ဝင်ဖြစ်ဖူးကြောင်း သတင်းတချို့ထွက်လာပါတယ်။
ဒီသတင်းထွက်အပြီးမှာ   KNU ရဲ့ ဖာပွန်ခရိုင်/တပ်မဟာ ၅ က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။  
 


ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်
 (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

ကြာသပတေးနေ့ရက်စွဲနဲ့ ထွက်လာတဲ့ ဒီကြေညာချက်မှာ 

"ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစုံတရာ နှောင့်ယှက် ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံးဝ ဆန့်ကျင်ကန့်ကွက်သည်"
လို့ ဖော်ပြထားပါတယ်။
တိတိကျကျ တိုက်ရိုက် စွပ်စွဲထားတာ မဟုတ်တဲ့အတွက် ကြေညာချက်ထဲမှာလည်း  ဗုံးခွဲမှု ဆိုတဲ့ စကားလုံးကို ထည့်ထားခြင်း မရှိဘူးလို့ ယူဆရပါတယ်။
တပ်မဟာ ၅ ရဲ့ ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ ဗိုလ်မှူးစောကလယ်ဒို့ကလည်း ကရင်သတင်းဌာန (KIC) ကို ကြာသပတေးနေ့က အခုလို ပြောပါတယ်။  “ကျနော်တို့ တပ်မဟာ(၅)ဟာ ခေါင်းမာတယ်။ သီးသန့် ရပ်တည်လိုတယ်လို့ သတင်းထွက်ပေါ်နေတာ ကြားနေရတယ်။ ဒါ လုံးဝ မဟုတ်သလို လက်ရှိ အစိုးရတို့နှင့် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဗဟိုရဲ့ ဦးဆောင်မှုအတိုင်း ကျနော်တို့ လိုက်နာပြီး သွားနေတာပါ”

ပြီးခဲ့တဲ့ရက်ပိုင်း မြန်မာပြည်နေရာတချို့မှာ ပေါ်ပေါက်ခဲ့တဲ့  ဗုံးခွဲမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တို့က ဆက်လက် စုံစမ်းနေဆဲပါ။

 KNU  ဖာပွန်ခရိုင်/တပ်မဟာ ၅ ရဲ့ ထုတ်ပြန် ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။  
 


From - http://blog.irrawaddy.org/2013/10/knu.html

ဂျပန်အစိုးရက ကန်ဒေါ်လာငါးသိန်းဖြင့် အခြေခံပညာကျောင်း များ ဆောက်လုပ်မည်


ဂျပန်အစိုးရက ကန်ဒေါ်လာငါးသိန်းဖြင့် အခြေခံပညာကျောင်း များ ဆောက်လုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၇

ဂျပန်နိုင်ငံအစိုးရ၏ အသေးစား စီမံကိန်း ထောက်ပံ့ရေး အစီအစဉ် (GGP) အရ မြန်မာနိုင်ငံရှိ အခြေခံပညာစာသင် ကျောင်း ရှစ်ကျောင်းကို အမေရိကန်ဒေါ်လာ ၄၇၀,၇၉၉ အသုံးပြု ဆောက်လုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဆောက်လုပ်မည့် ကျောင်းများမှာ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် ချင်းပြည်နယ်တွင် အခြေခံပညာ မူလတန်းကျောင်း ငါးကျောင်းတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ကျောင်းများကို ဆောက်လုပ်ရေးကုမ္ပဏီ သုံးခုဖြင့် တစ်နှစ်အတွင်း အပြီးဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ အခြေခံ မူလတန်းကျောင်း ငါးကျောင်းကို တစ်ထပ်ဆောင် ဆောက်လုပ်မည် ဖြစ်ပြီး ကျန်သုံးကျောင်းကို နှစ်ထပ်ဆောင် သံကူ ကွန်ကရစ်ဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းကျောင်းဆောင်များသည် အသစ်ပြန်လည် တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ဂျပန်သံရုံးမှ GGP အစီအစဉ် တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါကျောင်း ရှစ်ကျောင်းကို ဆောက်လုပ်ပြီးစီး သွားပါက ကျောင်းသားပေါင်း ၂၈၆၀ ဦးသည် ကောင်းမွန် သန့်ရှင်းသော ပတ်ဝန်းကျင်တွင် စာသင်ကြားနိုင်မည် ဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ GGP အစီအစဉ်ဖြင့် မြန်မာနိုင်ငံရှိ ကျောင်းပေါင်း ၂၇၁ ကျောင်းကို အဆင့်မြှင့်တင်ပေးပြီး ဖြစ်ကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
From - The Voice Weekly

မြန်မာ့စီးပွားရေးဘဏ် သီးသန့်ငွေလွှဲကောင်တာဖွင့်


မြန်မာ့စီးပွားရေးဘဏ် သီးသန့်ငွေလွှဲကောင်တာဖွင့်

ရန်ကုန်၊ အောက်တိုဘာ ၁၇

ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေးဘဏ်က ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင် အပါအဝင် မန္တလေးမြို့နှင့် အောင်ပန်းမြို့တို့၌ ပထမဆုံး သီးသန့် ငွေလွှဲကောင်တာများကို စတင်ဖွင့်လှစ် လိုက်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သီးသန့်ငွေလွှဲ ကောင်တာများတွင် ငွေလွှဲပို့ခြင်းနှင့် လွှဲငွေလက်ခံခြင်း လုပ်ငန်းများသာ လုပ်ကိုင်မည် ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။

သီးသန့် ငွေလွှဲကောင်တာကို ဘုရင့်နောင် ကုန်စည်ဒိုင်အနီးတွင် လာရောက် ဖွင့်လှစ်ခြင်းဖြင့် ပုဂ္ဂလိကဘဏ် မရှိသော ဒေသများသို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေလာနိုင်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် ထွန်းဆန်ပွဲရုံ လုပ်ငန်းရှင် ဦးတင်ဦးက ပြောကြာသည်။
“ဖွင့်တာကောင်းတယ်။ ပုဂ္ဂလိက ဘဏ်မရှိတဲ့ မြို့တွေကို ငွေလွှဲရင် အစိုးရဘဏ်ရှိတဲ့ နေရာတွေသွားလွှဲရတယ်” ဟု ၎င်းကဆိုသည်။

ယခုလက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်ကို ၁၉၅၄ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။
From - The Voice Weekly

စက်မှုဇုန် မီးရရှိရေး ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံမည်

စက်မှုဇုန် မီးရရှိရေး ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံမည်

မန္တလေး၊ အောက်တိုဘာ ၁၇

မန္တလေး စက်မှုဇုန်တွင် နွေရာသီကာလ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံ၍ ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်ရန် အများပိုင်ကုမ္ပဏီ တစ်ခုတည်ထောင်မည် ဖြစ်ကြောင်း ယင်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

အဆိုပါ အများပိုင်ကုမ္ပဏီ တည်ထောင်ရေးကို နိုဝင်ဘာလတွင် စတင်မည် ဖြစ်ပြီး လာမည့် နွေရာသီတွင် မီးသုံးစွဲနိုင်ရန် စက်ရုံ အပြီးတည်ဆောက်မည် ဖြစ်ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။
“အင်ဂျင်စက်နဲ့ ထုတ်မှာပါ။ ဂက်စ်၊ ဒီဇယ်၊ ကျောက်မီးသွေး ဘယ်ဟာနဲ့ ထုတ်ဖြစ်မယ်တော့ မသိဘူး။ ကုန်ကျစရိတ် အနည်းဆုံးဟာနဲ့ ထုတ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ ဇုန်အတွင်းမှာရှိတဲ့ စက်ရုံတွေရဲ့ သုံးအားနဲ့ ညီမျှတဲ့ ၅၀ မဂ္ဂါဝပ် ဂျင်နရေတာ တစ်လုံးကို လျှပ်စစ်ထုတ်လုပ် ရောင်းချတဲ့ ပုဂ္ဂလိက ကုမ္ပဏီရယ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရယ်၊ ဇုန်အတွင်းရှိ လုပ်ငန်းရှင်တွေရယ် ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီ တည်ထောင် သွားမှာပါ” ဟု ဦးမောင်မောင်ဦးက ဆိုသည်။

ယင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀ ထုတ်လုပ်ရန်အတွက် နိုဝင်ဘာလတွင် တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း အနည်းဆုံး ကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်သည့် ကုမ္ပဏီကို ရွေးချယ်ပြီး တင်ဒါအောင်ကုမ္ပဏီနှင့် ပူးပေါင်းကာ အများပိုင် ကုမ္ပဏီတည် ထောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျွန်တော်တို့က လျှပ်စစ်အမြဲလိုတာ မဟုတ်ဘူး။ နွေရာသီမှာသာ လိုတယ်။ ဒါကြောင့် ကုမ္ပဏီတစ်ခုတည်းကို ဓာတ်အား ဖြန့်ဖြူးပေးဖို့ တာဝန်ပေးလိုက်ရင် ကုမ္ပဏီရဲ့စရိတ်က ကျွန်တော်တို့ကို လာထောင်းမယ်။ ဒါကြောင့် အများပိုင်လုပ်ပြီး လိုအပ်တဲ့အခါ ဂျင်နရေတာက လျှပ်စစ်ကိုသုံးမယ်။ မလိုအပ်တဲ့အခါ မသုံးဘူး” ဟု အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်ခိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ကို အဓိကထား အသုံးပြုနေရပြီး နွေရာသီ ရေခန်းချိန်ရောက်လျှင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် စက်မှုဇုန်များတွင် လျှပ်စစ် မပေးနိုင်သဖြင့် လုပ်ငန်းများ ထုတ်လုပ်မှု ရပ်နားခဲ့ရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀ သုံးစွဲလျက် ရှိပြီး မိုးရေကျန်ရှိနေသေးသည့် ကာလဖြစ်သည့် အတွက် ရေအားလျှပ်စစ်များမှ ဓာတ်အားလုံလောက်စွာ ထုတ်လုပ် နိုင်သေးသော်လည်း နွေရာသီကာလတွင် ဓာတ်အား လုံလောက်စွာ မထုတ်နိုင်သောကြောင့် စက်မှုဇုန်များသို့ ဓာတ်အား လုံလောက်စွာ မဖြန့်ဖြူးနိုင်ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူး ဒေါ်အေးအေးမင်းက ထည့်သွင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံ စက်မှုဇုန် ဓာတ်အားသုံးစွဲမှုမှာ ၁ ဒသမ ၂ မဂ္ဂါဝပ်၊ မိတ္ထီလာ စက်မှုဇုန် ၄ ဒသမ ၅ မဂ္ဂါဝပ် သုံးစွဲလျက် ရှိကြောင်း၊ မန္တလေးစက်မှုဇုန် အတွင်းတွင် မဂ္ဂါဝပ် ၄၀ ခန့် သုံးစွဲပြီး အဆိုပါ စက်မှုဇုန်တွင် ဓာတ်အားခွဲရုံ နှစ်ခု၊ ထရန်စဖော်မာ ၅၆၀ လုံး၊ အများသုံး ထရန်စဖော်မာ ၃၁ လုံး၊ ပါဝါမီတာ ၁၇၆၃ လုံး၊ အိမ်သုံးမီတာ ၂၀,၅၇၄ လုံး တပ်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီးတိုင်း လျှပ်စစ် အင်ဂျင်နီယာမှူးရုံးထံမှ သိရသည်။

From - The Voice Weekly