သတင်းနှင့်နည်းပညာများ

9/5/14

ရှမ်းပြည်နယ် မိုင်းလားမှာ ကြီးထွားနေတဲ့ ပြည့်တန်ဆာ လုပ်ငန်း


သတင်း

ရှမ်းပြည်နယ် မိုင်းလားမှာ ကြီးထွားနေတဲ့ ပြည့်တန်ဆာ လုပ်ငန်း

Hits:14,587
မိုင်းလား  , ပြည့်တန်ဆာ , တရုတ်နိုင်ငံ, နယ်စပ်မြို့တော်, ရှမ်းပြည်နယ်, အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်, NDAA
မိုင်းလား မြို့လယ်ကောင်မှ ပြည့်တန်ဆာများ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
မြန်မာနိုင်ငံရှိ ဥပဒေများအရ  ပြည့်တန်ဆာ လုပ်ငန်းသည် တရားဝင်လုပ်ငန်း မဟုတ်သော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မိုင်းလားတွင် ပြည့်တန်ဆာလုပ်ငန်းက တရားဝင် အလွယ် တကူ  ထိတွေ့ လုပ်ကိုင်နိုင်သော လုပ်ငန်းတခု ဖြစ်နေသည်။
မိုင်းလားမြို့လယ်ကောင် တံတား ၂ ခု တွင် ဒါဇင်နှင့်ချီသော တရုတ် ပြည့်တန်ဆာများရှိနေပြီး အဝတ်အစား မလုံ့တလုံ ဝတ်ထားသည့် အမျိုးသမီး များက သူတို့၏ ကိုယ်ခန္ဓာအလှအပ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များဖော်ပြ ထားသည့် လိပ်စာကတ်များကို သူတို့အနီးအနားမှ ဖြတ်သန်းသွားလာသူ မှန်သမျှကို  လိုက်လံဝေငှပေးနေ သည်။
အလုပ်ဖြစ်နိုင်သည့် ဖောက်သည် အမျိုးသား များ ရောက်လာပြီဆိုလျှင် သူတို့က စတင်ဈေးညှိကြ သည်။ များသောအားဖြင့် အပြန်အလှန် ပြောဆိုမှု အတွက် ဒေသခံအများစုသုံးစွဲကြသည့် တရုတ်ဘာသာ စကားကို အဓိကအသုံးပြုကြသည်။ ဈေးတည့်သွား ပြီဆိုလျှင်တော့ မိုင်းလားမြို့ရှိ ဟိုတယ်တခုဆီသို့ ရောက်ရှိသွား ကြသည်။ မိုင်းလားမြို့သည် မြန်မာ နိုင်ငံ အရှေ့ပိုင်းမှ အထူးဒေသ (၄) ဟု သိကြသည့်  အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အုပ်ချုပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့တော်ဖြစ်သည်။
ပြည့်တန်ဆာလုပ်ငန်းသည် အိမ်နီးချင်း ထိုင်း နိုင်ငံ၊ ဥရောပမှ နယ်သာလန်နိုင်ငံ အစရှိသည့် ကမ္ဘာ့နေရာ အချို့တွင် တရားဝင် လုပ်ကိုင်ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ တရားမဝင် လုပ်ငန်းအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။
မိုင်းလားတွင် လောင်းကစားနှင့် တိရစ္ဆာန်များ ကုန်သွယ်ခြင်းနှင့်အတူ ပြည့်တန်ဆာလုပ်ငန်းသည် လည်း ကြီးထွားရှင်သန်နေသည်။ တရုတ်နိုင်ငံဘက်မှ ရောက်လာကြသည့် ဧည့်သည်များကြောင့် ပြည့်တန် ဆာ လုပ်ငန်းက ပိုမိုကြီးထွားလာခဲ့ပြီး ကိုယ်ခန္ဓာကို အရင်းအနှီးပြု၍ စီးပွားရှာဖွေသူ ပြည့်တန်ဆာ အမျိုးသမီး အမြောက်အမြား ရှိလာ သည်။
မြန်မာနိုင်ငံမှ  လူကုန်ကူးခံရ သည့် သားကောင်များသည် တရုတ် နိုင်ငံသို့ ရောက်ရှိသွားသည်က များ သော် လည်း  မိုင်းလားမှာတော့ ပြောင်းပြန် ဖြစ်နေသည်။ တရုတ် အမျိုးသမီး ပြည့်တန်ဆာများသည် မိုင်းလား မြို့သို့ ဝင်ရောက်၍ စီးပွား ရှာဖွေကြသည်။
၂၀ဝ၈ ခုနှစ် စီချွမ်ငလျင်သည် တရုတ် အမျိုးသမီးများကို မိုင်းလားတွင် လိင် အလုပ်သမအဖြစ် အသက်မွေးရန် တွန်းပို့စေခဲ့သော အကြောင်းအရင်းတရပ် ဖြစ်သည်ဟု မိုင်းလား ဒေသခံ ရွှေကုန်သည် ရှမ်းတိုင်းရင်းသူ အမျိုး သမီး တဦးက ပြောသည်။
မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် အမျိုးသမီး အမြောက်အမြား စားဝတ်နေရေး ကျပ် တည်း ဘဝ ပျက်၍  ပြည့်တန်ဆာလုပ်ငန်းအတွင်းသို့ ရောက်ရှိခဲ့ရသည့် နည်းတူပင် စီချွမ်ငလျင်ကြောင့် ဒုက္ခဖြစ်၍ ကျန်ရစ် ခဲ့သော ခိုကိုးရာမဲ့ တရုတ်အမျိုး သမီးများ ပြည့်တန်ဆာလုပ်ငန်းအတွင်းသို့ ရောက်ရှိ ခဲ့သည်။
တရုတ်လုပ်ငန်းရှင်များသည် တရုတ်အမျိုးသမီး များကို မိုင်းလားတွင် အလုပ်အကိုင် ရရှိနိုင်မည်ဟု ဆွဲဆောင် သိမ်းသွင်းပြီး နယ်စပ်ကို ဖြတ်ကျော်ခေါ် ဆောင်လာခဲ့ရင်း မိုင်းလားရောက်ရှိချိန်တွင် ပြည့် တန်ဆာများအဖြစ် အသွင်ပြောင်းခံရမှုများရှိသည်။
“သူတို့ကို ၁ လလောက် အလုပ်ထဲကို မသွင်း သေးဘူး။ သူတို့ကို အလှပြင်ဆိုင်တွေမှာ နေခိုင်း တယ်။ အလှပြင်ပေးပြီး နောက်ဆုံးမှာတော့ ပြည့် တန်ဆာလုပ်ဖို့ သူတို့ သဘောတူလိုက်ရတယ်” ဟု ဒေသခံ ရှမ်း အမျိုးသမီးတဦးက ပြောသည်။
မိုင်းလားဒေသ အာဏာပိုင်များကလည်း တရုတ်လူမျိုးများ နေ့စဉ် တရားမဝင် လာရောက်နေ သည်ကို အရေး မယူဘဲ ကြည့်နေခဲ့သဖြင့် တရုတ် အမျိုးသမီးများ ဗီဇာမရှိဘဲ မိုင်းလားဒေသသို့ ဝင် ရောက်လာပြီး ပြည့်တန်ဆာ လုပ်နေကြသည်။
“သူတို့က လူမြင်ကွင်းမှာပဲ ဆွယ်နေကြတာ။ ဒါပေမယ့် သူတို့ဘာမှမဖြစ်ဘူး။ အရေးမယူဘူး။ တရားမဝင် နေတာတောင်မှ လွတ်လွတ်လပ်လပ် နေလို့ရတယ်” ဟု မိုင်းလားဒေသခံတဦးဖြစ်သော ကိုမင်းသူက ပြော သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ ၄ ကိုအုပ်ချုပ်နေသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မှ ကိုယ်စားလှယ်တဦးကို တွေ့ဆုံ မေးမြန်းခွင့်ရရန် ဧရာဝတီက မေတ္တာရပ်ခံခဲ့သော် လည်း ငြင်းပယ်ခံခဲ့ရသည်။
ပြည့်တန်ဆာများက မိုင်းလား မြို့လယ်ကောင် လမ်းမများပေါ်တွင်သာ ဖောက်သည်ရှာကြသည် မဟုတ်ဘဲ မိုင်းလား မြို့ရှိ ဟိုတယ်ခန်းများတွင်လည်း ပြည့်တန်ဆာများ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များပါဝင်သည့် လိပ်စာ ကတ် များ လာရောက်ပစ်ချပေးခြင်းဖြင့် လည်း ဖောက်သည်ရှာကြသည်။ မိုင်းလားမြို့ရှိ တချို့ ဟိုတယ်များက ပြည့်တန်ဆာ များ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များကို ဟိုတယ်ခန်းများတွင် ကြော်ငြာပုံစံ ချိတ်ဆွဲဖော်ပြပေးထားပြီး ယင်းသို့ ဖော်ပြမှုအတွက် ပြည့်တန်ဆာများထံမှ ပိုက်ဆံယူလေ့ရှိသည်ဟု သိရှိရသည်။
ပြည့်တန်ဆာ အများစုသည် တရုတ်အမျိုးသမီး များဖြစ်သော်လည်း မိုင်းလားတွင် မြန်မာပြည့်တန်ဆာ အမျိုး သမီး များလည်း ရှိနေပါသည်။ မြန်မာအမျိုးသမီး ပြည့်တန်ဆာများကမူ တရုတ်ပြည့်တန်ဆာများကဲ့သို့ မဟုတ် ဘဲ အအေးဆိုင်ဟု အမည်တပ်ထားသည့် ဆိုင်များအတွင်းတွင် ဖောက်သည်များကိုစောင့်ဆိုင်း နေတတ် ကြ သည်။ သူတို့၏ ဖောက်သည်အများစုမှာ တရုတ်လူမျိုးများ ဖြစ်သည့်အတွက် ဈေးနှုန်းညှိနှိုင်း ရာတွင် ဘာသာ စကား အခက်အခဲနှင့် ကြုံတွေ့ရလေ့ ရှိသည်ဟု သိရှိရသည်။ သို့သော်လည်း သူတို့၏ ဝင်ငွေ သည်လည်း နည်းပါး ခြင်းမရှိဟု ပြည့်တန်ဆာ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောပြသည်။
မြန်မာအမျိုးသမီး ပြည့်တန်ဆာ အများစုသည် ရန်ကုန်မှ လာရောက်သူများဖြစ်ကြပြီး  ရန်ကုန်ထက် ပို၍ ငွေရှာနိုင် ခြင်းကြောင့် မိုင်းလားသို့ လာရောက် အလုပ်လုပ်ကြခြင်းဖြစ်သည်။ မိုင်းလားတွင် တလ လျှင် ယွမ်ငွေ ၂၅၀ဝ (မြန်မာငွေ ကျပ် ၄၀ဝ၀ဝ၀ ခန့်) မှ ယွမ် ၄၀ဝ၀ (မြန်မာငွေ ကျပ် ၆၄၀ဝ၀ဝ ခန့်) အထိ ရရှိနိုင်သည်ဟု မြန်မာ အမျိုးသမီး လိင် အလုပ်သမတဦးဖြစ်သူ မခိုင်က ပြောပြသည်။
“ပြီးခဲ့တဲ့ ၂ လလောက်ကမှ ကျမရောက်လာ တာ၊ ဒီမှာက ရန်ကုန်မှာထက် ပိုက်ဆံပိုရှာလို့ ရတယ်” ဟု ရန်ကုန်သူ မခိုင်က ပြောဆိုသည်။

http://burma.irrawaddy.org/news/2014/09/04/64109.html

မေမြတ်နိုးအား သရဖူပြန်သိမ်းခဲ့သည့် Organization ၏ လုပ်ရပ်သည် တရားမျှတမှု မရှိသဖြင့် ဒေါသထွက်ခဲ့ရဟု ကိုရီးယားအမေရိကန် မင်းသမီး အာဒမ်ချို ပြောကြား


မေမြတ်နိုးအား သရဖူပြန်သိမ်းခဲ့သည့် Organization ၏ လုပ်ရပ်သည်
တရားမျှတမှု မရှိသဖြင့် ဒေါသထွက်ခဲ့ရဟု ကိုရီးယားအမေရိကန် မင်းသမီး
အာဒမ်ချို ပြောကြား
===================================================
ရန်ကုန်၊
အလှမယ် မေမြတ်နိုးအား သရဖူပြန်သိမ်းခဲ့ ခြင်းနှင့် ပတ်သက်၍ Miss Asia Pacific World အဖွဲ့၏ လုပ်ရပ်သည် တရားမျှတမှုမရှိကြောင်း ကိုရီးယား အမေရိကန်မင်းသမီး အာဒမ်ချိုက သူမ၏ လူမှုစာမျက်နှာ တွင် ရေးသား ဖော်ပြခဲ့သည်။
''ဒီကိစ္စကို ကျွန်မ မကျေနပ်ပါ ဘူး။ ပလတ်စတစ်ဆာဂျရီလုပ်ဖို့နဲ့ စီးပွားရေးသမားတွေရဲ့ စောင့်ရှောက် ခြင်းကို ငြင်းဆန်တဲ့အတွက် သူတို့ က မေမြတ်နိုးဆီက သရဖူကို ပြန် သိမ်းခဲ့ပါတယ်။ ကျွန်မမေမြတ်နိုးရဲ့ လုပ်ရပ်တွေအတွက် သူမကို လေး စားပါတယ်။ မေမြတ်နိုးထံက သရဖူ အသိမ်းမခံရသင့်ပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသိမ်းခံရမယ့် အနေအထားမှာဖြစ်နေပါတယ်။ ဒီ အဖွဲ့အစည်းဟာယုတ်မာပြီး တရား မျှတမှုမရှိတဲ့ အဖွဲ့ပါပဲ။ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျော နိုင်ခဲ့တဲ့ ကျွန်မလဲ အလုပ်ပြုတ်ခဲ့ရ ပါတယ်'' ဟု 2004 Miss Korea (Chicago) က ရေးသားထားသည်။
Miss Asia Pacific 2014 သ ရဖူရရှိခဲ့သည့် အလှမယ်မေမြတ်နိုး သည် အမေရိကန်ဒေါ်လာ ၁သိန်း တန်ဖိုးရှိသည့် သရဖူကို ရယူပြီး တိမ်းရှောင်နေကြောင်းနှင့် အဆိုပါ သရဖူကို ပြန်သိမ်းမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ၏ မူလအဖွဲ့အစည်း ဖြစ်သည့် Miss Asia Pacific World Organization က သြဂုတ် ၂၇ရက်နေ့ ညနေပိုင်းက သတင်းထုတ် ပြန်ထားသည်။
ယင်းနှင့်ပတ်သက်၍ အလှ မယ်မေမြတ်နိုးက စက်တင်ဘာ ၂ ရက်ကပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ပလတ်စတစ်ဆာဂျရီ လုပ်ပေးမည်ဖြစ်ကြောင်းနှင့် ကိုရီး ယားနိုင်ငံ၏ နေထိုင်စရိတ်များအ တွက် လိုအပ်သောငွေများအတွက် စပွန်ဆာရှာရန် Organization အဖွဲ့ က တိုက်တွန်းခဲ့ကြောင်း၊ သူမ၏အဖြစ်အပျက်သည် အလှမယ် ရွေး ချယ်ခံရပြီး လူကုန်ကူးခံရသလိုဖြစ် ကြောင်း၊ မြန်မာအမျိုးသမီးတစ် ယောက်၏ ဂုဏ်သိက္ခာကို ရိုက်ချိုး ပြီး မြန်မာနိုင်ငံကို စော်ကားသည့် Organization ကပေးသည့် သရဖူ ကို မလိုချင်ကြောင်း၊ လူကြီးများ ရှေ့တွင် တရားဝင်တောင်းပန်မှသာ သရဖူကို ပြန်ပေးမည်ဖြစ်ကြောင်း ပြော ကြားထားသည်။
KM

ကမ္ဘာတစ်ဝန်းတွင် ခက်ခဲပင်ပန်းစွာဖြင့် ပညာသင်ယူနေရသည့် ကျောင်းသူကျောင်းသားလေးများ


ကမ္ဘာတစ်ဝန်းတွင် ခက်ခဲပင်ပန်းစွာဖြင့် ပညာသင်ယူနေရသည့် ကျောင်းသူကျောင်းသားလေးများ

ပညာရေး ကဏ္ဍသည် လူ့အဖွဲ့အစည်း တိုးတက်မှု၏ အခြေခံ အကျဆုံး လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ပညာရေးကဏ္ဍကို မြှင့်တင်ရန် အခြေခံ အကျဆုံး လိုအပ်ချက်မှာမူ စာသင်ကျောင်းလေးများ ဖြစ်ကြသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျောင်းနေအရွယ် ကလေးငယ်များသည် မိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းလေးများတွင် သွားရောက် ပညာသင်ကြားကြသည်။ ယင်းတို့အနက်မှ အချို့သော ဒေသများရှိ ကလေးငယ်များသည် ပညာသင်ယူရန်အတွက် စာသင်ကျောင်းသို့ ခက်ခက်ခဲခဲ စွန့်စား သွားလာရသည်များလည်း ရှိတတ်သည်။
ပညာသင်ကြားမှုတွင် သက်တောင့်သက်သာ လိုလေသေးမရှိ အရာရာ ပြည့်စုံစွာဖြင့် လေ့လာဆည်းပူးနိုင်သူများ ရှိသလို နေ့စဉ်နေ့တိုင်း ခက်ခဲပင်ပန်းစွာ စွန့်စားသွားလာရင်း ပညာယူရရှာသည့် ကလေးငယ်များ ရှိနေကြောင်းကို UNESCO က ဖော်ပြခဲ့သည်။ အချိန်မရွေး ရေကြီးနိုင်သည့်၊ တောင်ပြိုနိုင်သည့် လမ်းကြောင်းများတွင် သွားလာရင်း နေ့စဉ် ကျောင်းတက်နေရသည့် ကလေးငယ်များကို ကမ္ဘာ့နေရာ အနှံ့အပြားတွင် တွေ့မြင်နိုင်မည် ဖြစ်သည်။
လမ်း၊ တံတားများ ဆောက်လုပ်ပေးခြင်း၊ ကျောင်းကားများ စီစဉ်ပေးခြင်း အစရှိသည့် အခြေခံလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သည့် အချို့သော နယ်ပယ်ဒေသများတွင် နေ့စဉ် ခက်ခက်ခဲခဲ ကျောင်းတက် သွားလာနေရသည့် ကလေးငယ်များ၏ ပုံရိပ်အချို့ကို ယခုကဲ့သို့ စုစည်းဖော်ပြအပ်ပါသည်။
၁။ တရုတ်နိုင်ငံ၊ ဂူလူအရပ်ရှိ တောင်ပေါ်ဒေသတွင် ဖွင့်လှစ်ထားသည့် ကျောင်းကလေးကို ကမ္ဘာပေါ်တွင် လူသူအရောက်အပေါက် အနည်းပါးဆုံး ကျောင်းလေးတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ကျောင်းသူ ကျောင်းသားများသည် အသွားအပြန် (၅)နာရီမျှ ခရီးကို တောင်ပတ် လမ်းကျဉ်းလေးအတိုင်း ခြေလျင် လျှောက်၍ သွားလာရသည်။ လမ်းကျဉ်းလေးသည် အချို့သော နေရာများတွင် အကျယ်(၁)ပေမျှသာ ရှိလောက်အောင် ကျဉ်းမြောင်းပြီး အလွန် အန္တရာယ်များသည့် အခြေအနေမျိုး ဖြစ်သည်။
၂။ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဇန်ရှီဝမ် ရွာကလေးတွင် တောင်စောင်းတစ်ခုပေါ်၌ ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားသည်။
ကျောင်းတက်မည့် ကလေးငယ်များသည် နံဘေးတွင် အကာအကွယ် တစ်စုံတစ်ရာမျှ မရှိသည့် နံရံကပ် လှေကားများကို ကုပ်တွယ်ပြီး အတက်အဆင်း ပြုလုပ်ရသည်။
ပေပေါင်းများစွာ မြင့်မားသည့် နေရာသို့ ယင်းကဲ့သို့ အတက်အဆင်း ပြုလုပ်ရခြင်းကြောင့် အနည်းငယ်မျှ ချွတ်ချော်သွားရုံဖြင့် အသက်ဘေး နီးလှသည်။
၃။ အိန္ဒိယနိုင်ငံ ဘက်ခြမ်းရှိ ဟိမဝန္တာ တောင်ခြေရွာကလေးတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းလေးသို့ ကျောင်းသားလူငယ်များ သွားရောက်နေပုံ ဖြစ်သည်။
အေးခဲလှသည့် ရာသီဥတုတွင် ရေခဲကျောက်ဆောင်များပေါ် ခြေမချော်အောင် ကြိုးစားထိန်းသိမ်း လမ်းလျှောက်သွားရင်း နေ့စဉ် ကျောင်းတက်ကြရသည်။
၎။ အင်ဒိုနီးရှားနိုင်ငံ၊ လီဘက်ရှိ ခနော်နီ ခနော်နဲ့ ကြိုးတံတားသည် ဆိုင်းကြိုးများ ပြတ်တောက်ပြီး ယိုယွင်းပျက်စီးလျက် ရှိသည်။
မည်သို့ပင်ဖြစ်စေ ဒေသခံ ကလေးငယ်များသည် ပြုပြင်ခြင်း မရှိသေးသည့် အဆိုပါ ကြိုးတံတားကိုပင် တွယ်ကပ်၍ တသွင်သွင် စီးဆင်းနေသော မြစ်ပြင်ပေါ်မှ ဖြတ်ကူးကာ ကျောင်းတက်ကြရသည်။
၅။ ကိုလံဘီယာနိုင်ငံရှိ ရီယိုနီဂရို မြစ်ပေါ်တွင် ကောင်းကင်ဆိုင်းကြိုးများ သွယ်တန်းထားသည်။
အဆိုပါ ဒေသအတွင်းမှ ကျောင်းသူကျောင်းသားများသည် မြေပြင်အထက် မီတာ(၄၀၀)အမြင့်တွင် ဆိုင်းကြိုးများကို စီးနင်းလိုက်ပါသွားပြီး မီတာ(၈၀၀)ထိ ခရီးပေါက်အောင် သွားလာရသည်။ ယင်းခရီးစဉ်သည် ၎င်းတို့၏ နေ့စဉ် ကျောင်းတက်ကျောင်းဆင်း ဖြတ်သန်းရသည့် အတွေ့အကြုံ တစ်ရပ်လည်း ဖြစ်သည်။
၆။ အင်ဒိုနီးရှား နိုင်ငံရှိ ရိုင်အူတွင် ကျောင်းသူကျောင်းသား ကလေးငယ်များသည် ကနူးလှေငယ်များကို ကိုယ်တိုင်လှော်ခတ်၍ ကျောင်းတက်လေ့ရှိသည်။
၇။ အိန္ဒိယနိုင်ငံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် သစ်မြစ်တံတားကြီး တစ်ခုသည် ကျောင်းသူကျောင်းသား လူငယ်များအတွက် ချောင်းကူးတံတားတစ်ခု ဖြစ်လာသည်။
၈။ မြန်မာနိုင်ငံတွင် လယ်ယာမြေသုံး ကျွဲတစ်ကောင်၏ ကျောပေါ်တွင် စီးနင်းလိုက်ပါရင်း ကျောင်းသွားနေသည့် မိန်းကလေးငယ် တစ်ဦး၏ ပုံရိပ်ဖြစ်သည်။
၉။ အိန္ဒိယနိုင်ငံ၊ ဘယ်လ်ဒန်ဂါတွင် သုံးဘီးတပ် ယာဉ်ငယ်လေးများပေါ် ကလေးငယ်များကို ပြွတ်သိပ်တင်ဆောင်ပြီး ကျောင်းကားသဖွယ် အသုံးပြုကြသည်။
၁၀။ တရုတ်နိုင်ငံ၊ ဆီချွမ်ဒေသရှိ ဒူဂျင်ဂျန်း အရပ်တွင် နှင်းရည်များ စိုစွတ်နေချိန်၌ တံတားပျက် တစ်ခုပေါ် သတိကြီးကြီး သွားလာပြီး ကျောင်းတက်နေရသည့် ကလေးငယ်များ ရှိနေဆဲ ဖြစ်သည်။
၁၁။ အင်ဒိုနီးရှား နိုင်ငံ၊ ပန်ဂူရူရန်တွင် လူအမြောက်အမြား တင်ဆောင်လာသည့် ကူးတို့ရေယာဉ်များ၏ ခေါင်မိုးထက်မှ လိုက်ပါရင်း နေ့စဉ် ကျောင်းတက်နေရသည့် ကလေးငယ်များကို တွေ့မြင်နိုင်မည် ဖြစ်သည်။
၁၂။ သီရိလင်္ကာနိုင်ငံတွင် (၁၆)ရာစုလက်ရာ ဂါလီခံတပ်ကြီးကို ဖြတ်သန်းပြီး ကျောင်းတက်ရသည့် လူငယ်များလည်း ရှိကြသည်။
ခံတပ်ကြီး၏ အချို့သော နေရာများတွင် ပျဉ်ချပ်ငယ်များကို လမ်းသဖွယ်ခင်းပြီး ချိတ်ဆက် သွားလာကြရသည်။
၁၃။ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်တွင် ဝန်တင်မြင်းလှည်းတစ်စီးပေါ်၌ မဆန့်မပြဲ စုရုံးလိုက်ပါရင်း ကျောင်းသွားတက်သည့် ကလေးငယ်များ၏ ပုံရိပ်ဖြစ်သည်။
၁၄။ အင်ဒိုနီးရှားနိုင်ငံ၊ ကလင်ကပ် ကျေးရွာလေးတွင် ကျောင်းသူကျောင်းသားများသည် မသေမသပ် ပြုလုပ်ထားသည့် သစ်ဖောင်လေးများပေါ် လိုက်ပါရင်း ရေစီးသန်သောမြစ်ကို ဖြတ်သန်းကာ ကျောင်းတက်ကြရသည်။
၁၅။ တရုတ်နိုင်ငံရှိ တောတောင်ထူထပ်ရာ ပီလေဒေသတွင် မိဘများက (၁၂၅)မိုင်မျှ ကွာဝေးသည့် ဒေသတွင် သားသမီးများကို ကျောင်းအိပ်ကျောင်းစား သွားရောက် အပ်နှံထားသည်။
ကျောင်းသွားအပ်သည့်အခါ ဖြတ်သန်းရသည့် နေရာတစ်ခုမှာ နက်ရှိုင်းသော ချောက်ကမ်းပါး နံဘေး၌ ခြေဖဝါး တစ်ချပ်စာသာ ချနိုင်လောက်အောင် ကျဉ်းမြောင်းသော လမ်းကြောင်းလေးအတိုင်း ကုတ်တွယ် သွားလာရခြင်း ဖြစ်သည်။
၁၆။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းရှိ ပန်ဒန်းတွင် မြစ်တစ်စင်းပေါ်၌ တံတားထိုးထားခြင်း မရှိချေ။
ထို့ကြောင့် အနီးအနားရှိ ရွာများမှ ကလေးငယ်များသည် မြစ်ကိုဖြတ်ကာ သွယ်တန်းထားသည့် ကြိုးတန်းတစ်ခုကို လက်ဖြင့်ကိုင်ပြီး ကျန်ကြိုးပေါ်တွင် နင်းလျှောက်ကာ ကျောင်းတက်ရသည်။
၁၇။ ဖိလစ်ပိုင်နိုင်ငံ၊ ရီဇဲလ် ဒေသတွင် မူလတန်းကြို ကျောင်းတစ်ကျောင်းမှ ကျောင်းသူကျောင်းသားများသည် လေထိုး တာရာများပေါ် မှီခိုလိုက်ပါရင်း မြစ်ကိုဖြတ်ကာ တစ်ဖက်ကမ်းရှိ ကျောင်းတွင် သွားရောက် ပညာသင်ယူကြရသည်။
_Ref: Xposetherealhttp://7daydaily.com/story/19867#.VAmUDURUOc8