တရုတ်နိုင်ငံသို့ တရားမ၀င် ၀င်ရောက်သည့်သစ်များ၏ ရာခိုင်နှုန်း ၉၀ ခန့်ကို မြန်မာနိုင်ငံမှ အဓိကရရှိနေကြောင်း စာတမ်းတစ်စောင်တွင် ဖော်ပြ

ဇန်န၀ါရီ ၆ ရက်က ၀ိုင်းမော်မြို့နယ်အတွင်း ဆဒုံးမြို့နှင့် ၁၂ မိုင်အကွာ တရုတ်နယ်စပ်အနီး ဖမ်းမိသော တရားမ၀င်တင်ပို့မည့်သစ်များကို ပြည်နယ်ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင် သစ်မှောင်ခိုလုပ်ငန်း အကြီးဆုံးလုပ်ဆောင်နေသော နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာခုနစ်ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေကာ အဆိုပါတရားမဝင် ဝင်ရောက်သည့် သစ်များ၏ ရာခိုင်နှုန်း ၉ဝအား မြန်မာနိုင်ငံမှ ရရှိနေကြောင်း ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးစင်တာ ( IBC) ၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သစ်တောအသင်း၏ Seminar on :Enviroment:Policies, People and Problem ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး ဦးတင်အေး၏ “What are the Major Causes of Deforestation in Myanmar” စာတမ်းအရ သိရသည်။
မြန်မာနိုင်ငံအတွင်း သစ်ခိုးထုတ်မှုများသည် တရုတ်နိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများသို့ပါ သစ်ခိုးထုတ်နေခြင်းဖြစ်ပြီး အဆိုပါသစ်ခိုးထုတ်နေသည့် လမ်းကြောင်းများအား ဖြတ်တောက်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဦးတင်အေးက ဆိုသည်။ “ကျွန်တော်တို့ဆီက သစ်ခိုးထုတ်နေတာက အိမ်နီးချင်းနိုင်ငံတွေအားလုံးကို သစ်ခိုးထုတ်နေတာပါ။ ဒီလို သစ်ခိုးထုတ်နေမှုလမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ဖို့လိုပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ သစ်ခိုးထုတ်နေမှုကို တားဆီးတဲ့အခါမှာလည်း ပြည်တွင်းမှာပဲ တားဆီးနိုင်ပြီး နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်တွေနဲ့ ဆက်စပ်နေတဲ့ သစ်ခိုးထုတ်နေမှုတွေကို တားဆီးနိုင်မှု နည်းနေပါတယ်။ အင်္ဂလန်နိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ရဲ့ ထုတ်ပြန်ချက်မှာ ၁ဝ နှစ်ကျော်ကာလအတွင်း ဒေါ်လာ ၅ ဒသမ ၇ ဘီလျံလောက် ခိုးထုတ်တယ်လို့ ပြောတယ်။ ဒီလိုပမာဏတွေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ၁ဝ နှစ်လောက်အတွင်း ကျွန်တော်တို့နိုင်ငံက တင်နေတဲ့ နိုင်ငံတကာအကြွေးတွေ ကျေသွားနိုင်ပါတယ်” ဟု ဦးတင်အေးက ဆိုသည်။
အစိုးရသစ်လက်ထက်ဘဏ္ဍာနှစ် လေးနှစ်တာကာလဖြစ်သည့် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဇန်နဝါရီအထိ တရားမဝင် သစ်ခိုးထုတ်မှုများမှ ကျွန်းနှင့်သစ်မာများအပါအဝင် သစ်တန်ချိန်ပေါင်း ၁၄ဝဝဝဝ တန်ခန့် ဖမ်းဆီးခဲ့မိပြီး အဆိုပါ သစ်ခိုးထုတ်မှုများတွင် နိုင်ငံခြားသား ၂၅ဝ ဦးခန့်နှင့် နိုင်ငံသား ၂၂၆ဝဝ ဦးကျော် ပါဝင်ဖမ်းဆီးခဲ့မိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သိရသည်။
တရားမဝင်သစ်ခိုးထုတ်မှုများကြောင့် ဖမ်းဆီးခံရသူ နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသားများ အများစုပါဝင်နေခြင်းဖြစ်ပြီး စုစုပေါင်းအရေအတွက်မှာ တရုတ်နိုင်ငံသား ၂ဝဝ ဦးကျော်အထိရှိနေကြောင်း သိရသည်။
သစ်မှောင်ခိုထုတ်လုပ်မှုအများစုမှာ တရုတ်နိုင်ငံဘက်သို့ အဓိကဦးတည်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုများပြားနေသည့်အပြင် တရုတ်နိုင်ငံသားများမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ သစ်နှင့် အခြားသယံဇာတများ ခိုးထုတ်မှုများကိုပြုလုပ်နေမှုကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသား ၁ဝဝ ခန့်ကို ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့သော်လည်း ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်မှုမရှိသောကြောင့် လက်ရှိ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း၌လည်း တရုတ်နိုင်ငံသားများက ထပ်မံဝင်ရောက်ကာ သစ်ခိုးထုတ်မှုများ ဆက်လက်လုပ်ဆောင်နေသောကြောင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း တရုတ်နိုင်ငံသား ၁ဝဝ ကျော်ပါဝင်သည့် သစ်ခိုးဂိုဏ်းအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုတွင် ကျွန်းတန်ချိန် ၇၂ဝဝ ဒသမ ဝ၁၄၃၊ သစ်မာ ၁၂၃၈၃ ဒသမ ၄၃၈၄ တန် နှင့်အခြားသစ်အမျိုးအစား ၁၁၇ဝ၁ ဒသမ ဝ၇၁၃ တန်ချိန်အထိ ဖမ်းဆီးခဲ့မိကြောင်း သစ်တောဦးစီးဌာန၏ စစ်ဆေးရေးဌာနမှ သိရသည်။ သစ်များအား တရားမဝင်ဖြန့်ဖြူး မှုများပြုလုပ်ခဲ့သည့် နိုင်ငံသား ၃၉ဝဝ ဦး ခန့်နှင့် တရုတ်နိုင်ငံသား ၁ဝဝ ကျော်ပါဝင်သည့် နိုင်ငံခြားသား ၁၃ဝ ခန့်တို့ကို အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ဆက်စပ်ဖမ်းဆီးရမိမှုများတွင် ကားအစီးရေ ၁ဝ၉၁ စီး၊ မြေကော်စက်၊ ကရိန်း၊ ထော်လာဂျီ၊ ဒိန်းဒေါင်း၊ ထွန်စက် ၁ဝ၆ စီး၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ဆိုက်တွဲယာဉ် ၁၄၆ စီး၊ ရေယာဉ်၊ စက်လှေ ၁၃ဝ စီးနှင့် သစ်စက်၊ အင်ဂျင် ၂ဝ၅ လုံးတို့ သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သော သစ်နှင့် သစ်ခိုးထုတ်မှုဆိုင်ရာပစ္စည်းများတွင် လတ်တလော ဖမ်းဆီးမိခဲ့သည့် တရုတ်နိုင်ငံသား ၁ဝဝ ကျော်၏ သစ်ခိုးဂိုဏ်းမှလည်း သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့် ယာဉ်များနှင့် စက်ကိရိယာအများအပြား ဖမ်းဆီးမိခဲ့သည်။ ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း သစ်ခိုးထုတ်နေသည့် နိုင်ငံခြားသားများ ဖမ်းဆီးရမိမှုအပေါ် သတင်းထုတ်ပြန်ရာတွင် အစိုးရမီဒီယာများက တစ်ဖက်နိုင်ငံသားဟု သုံးနှုန်းခဲ့ပြီး ပုဂ္ဂလိကမီဒီယာများတွင်မူ တရုတ်နိုင်ငံသားများဟု သုံးနှုန်းခဲ့သည်။
ဖမ်းဆီးရမိခဲ့သော သစ်အမျိုးအစားများအရ ကျွန်း၊ တမလန်းစသည့် အဖိုးတန်သစ်များကို ခိုးထုတ်မှုဈေးကွက်မှာ ကြီးမားနေဆဲ ဖြစ်သည်။ အဆိုပါ သစ်ခိုးထုတ်မှုများသည် အဓိကဝယ်လိုအားဖြစ်သည့် တရုတ်နိုင်ငံ ဘက်သို့မှောင်ခိုတင်သွင်းခြင်းဖြစ်ပြီး ကျွန်းအပါအဝင် တစ်တန်လျှင်အနိမ့်ဆုံး ကျပ်သိန်း ၆ဝ မှ ကျပ် သိန်း၁ဝဝ အကြား ပေါက်ဈေးရှိသည့် တမလန်းသစ်အမျိုးအစားများကို တရုတ်နိုင်ငံဘက်သို့ အဓိကခိုးထုတ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုများအား အစိုးရသစ်လက်ထက်တွင် အများဆုံးခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း ၃နှစ်အကြာဖြစ်သည့် ယခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ပြည်ပသို့သစ်အလုံးလိုက်တင်ပို့ခြင်း အားရပ်ဆိုင်းရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
အစိုးရသစ်လက်ထက် အများဆုံးသစ်တင်ပို့သည့်နှစ်အဖြစ် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများအပါအဝင် သစ်တောထွက်ပစ္စည်းများအား ဒေါ်လာ သန်းပေါင်း ၉၄၇ ဒသမ ၈ဝ၈ သန်းဖိုးအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင်၂ဝဝ၁ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း တရားမဝင် သစ်တင်ပို့မှု ပမာဏသည် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနှင့် ညီမျှ သည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ “အချက်အလက်ခြစားမှု” အစီရင်ခံစာအရ သိရသည်။

Credit By - http://news-eleven.com/
No comments:
Post a Comment
Note: Only a member of this blog may post a comment.