သတင်းနှင့်နည်းပညာများ

12/7/13

SEA Games အမျိုးသားဘောလုံးပြိုင်ပွဲ စတင်၊ မြန်မာနှင့် ကမ္ဘောဒီးယား ယနေ့ ယှဉ်ပြိုင်မည်


SEA Games အမျိုးသားဘောလုံးပြိုင်ပွဲ စတင်၊ မြန်မာနှင့် ကမ္ဘောဒီးယား ယနေ့ ယှဉ်ပြိုင်မည်

နေပြည်တော်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အမျိုးသား ယူ ၂၃ အသင်း ဘောလုံးပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက် စတင်ကျင်းပမည်ဖြစ်ရာ အဖွင့်ပွဲစဉ် အဖြစ် မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် အဖွင့်ပွဲစဉ်နှင့် ပတ်သက်၍ ကမ္ဘောဒီးယား အသင်းနည်းပြချုပ် ကိုရီးယားနိုင်ငံသား တေလီဟွန်းက "ပရိသတ်ရဲ့ အားနဲ့ နည်းပြချုပ် ပတ်ဆောင်ဟွာရဲ့ နည်းဗျူဟာ တွေကြောင့် ဒီပွဲက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်" ဟု မှတ်ချက်ပြုသည်။

အိမ်ရှင်အားသာချက်သည် ကစားသမားများကို ဖိအား ပိုမိုကြီးမားစေပြီး တာဝန်ပိုကြီးကြောင်း၊ SEA Games ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် သုံးလသာ ရရှိခဲ့သောကြောင့် လက်ရှိအချိန်၌ မြန်မာအသင်း မည်မျှအောင်မြင်မည်ကို မပြော နိုင်သေးကြောင်း မြန်မာယူ ၂၃ အသင်း၏ နည်းပြချုပ် ပတ်ဆောင်ဟွာက ပြောကြားသည်။

လက်မှတ်ဈေးနှုန်း အနည်းငယ် ကြီးမြင့်သော်လည်း မြန်မာအသင်း၏ ပွဲစဉ်တိုင်းကို ကြည့်ရှုမည့် ပရိသတ် များသောကြောင့် မြန်မာ ယူ ၂၃ အသင်းအနေဖြင့် ပရိသတ်အားပေးမှုနှင့် ထိုက်တန်သည့် အောင်မြင်မှု ရသင့်ကြောင်း၊ အဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် အနိုင်ရမည် ဖြစ်ကြောင်း ဝါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်ပြောဆိုသည်။

အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ (၂၀၀၈ ခုနှစ်) တွင် မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို သုံးဂိုး နှစ်ဂိုး၊၂၀၁၂ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို သုံးဂိုး ဂိုးမရှိ တို့ဖြင့် အနိုင်ရထားရာ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်လည်း မြန်မာအသင်း ကပင် ဂိုးပြတ် အနိုင်ရရှိမည် ဖြစ်ကြောင်း နာမည်ကျော် goal.com အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာယူ ၂၃ အသင်းသည် အုပ်စု (ခ) တွင် SEA Games ပြိုင်ပွဲတစ်လျှောက် အကြိမ်အများဆုံး ဗိုလ်စွဲထားသည့် ထိုင်း၊ ၂၀၁၁ SEA Games ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ခဲ့သည့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် မွေးစားနိုင်ငံသားများ ပါဝင်လာ နိုင်သည့် အရှေ့တီမောအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။

မြန်မာအသင်းသည် အဖွင့်ပွဲစဉ် အဖြစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကမ္ဘောဒီးယား၊ ၉ ရက်နေ့တွင် အရှေ့တီမော၊ ၁၁ ရက်နေ့တွင် ထိုင်း၊ ၁၃ ရက်နေ့တွင် အင်ဒိုနီးရှားအသင်း တို့နှင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးအားကစားကွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Credit By - The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.