ADB နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ပူးပေါင်း၍ ယခုနှစ်အတွင်း ကျေးရွာ အားလုံး မီးလင်းရေး ဆောင်ရွက်မည်
မန္တလေး၊ ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများအားလုံး ၂၀၁၄ ခုနှစ် အတွင်း မီးလင်းရေးအတွက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB) နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း အကောင်အထည်ဖော်ရန် အစီအစဉ် ရှိကြောင်း အဆိုပါ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က The Voice သို့ ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၂၇၈၀ ရှိသည့်အနက် ၁၉၉၆ ရွာခန့် မီးလင်းရန် ကျန်ရှိနေသေးကြောင်း၊ ကျေးရွာ ငါးရာကျော်ကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ပေးမည် ဖြစ်ပြီး ကျန်ရွာများကို ဆိုလာဖြင့် မီးပေးနိုင်ရန် ADB ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ADB အနေနှင့် ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ ဆိုလာဖြင့် မီးရရှိရေး လေ့လာခဲ့ရာ ကျေးရွာ လေးရွာတွင် ဆိုလာ မီးရရှိရေး လာမည့် ဇွန်လအပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်မြင့်က ထပ်လောင်း ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာတိုက် နယ်ဆေးရုံတွင် မြွေဆိပ် ဖြေဆေး ထားရှိရန်အတွက် ဆိုလာ မီးရရှိရေး ADB က အမေရိကန်ဒေါ်လာ ၃၂၀၀ ဖြင့် ဆောင်ရွက် ပေးမည်ဖြစ်ပြီး ကျောက်ပန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာနှင့် သာစည်မြို့နယ်ရှိ ကျေးရွာတစ်ရွာတို့ကို ဆိုလာ မီးရရှိရေး ဆောင်ရွက်ပေးရာတွင် ADB က ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်းအထိ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ADB တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ဆိုသည်။
ကျန်ရှိသည့် ကျေးရွာများကိုလည်း ADB ၏ အကူအညီဖြင့် ၂၀၁၄ ဇူလိုင်လမှ စတင် ဆောင်ရွက်သွားရန် ဆွေးနွေးထားကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ထပ်မံ ပြောကြားသည်။
“ရွာမှာ ဘယ်တုန်းကမှ မီးမလင်းခဲ့တာ ခုဆို လင်းထိန်နေပြီ။ ကျွန်တော်တို့ ရွာဆို ကျေးရွာမီးလင်းရေး ကိုယ့်အားကိုယ်ကိုး လုပ်တာ ၃၁၅ ကေဗီအေ ထရန်စဖော်မာနဲ့ မီးတိုင်တွေသွယ်တာ သိန်း ၄၅၀ လောက် ကုန်တယ်။ ရွာသားတွေ အချိုးကျ ထည့်ဝင်ငွေနဲ့ အလှူရှင်တွေရဲ့ ပိုက်ဆံနဲ့ လုပ်ရတာ။ ချေးငွေတွေ ပေးတာလည်း မသိဘူး” ဟု ဇန်နဝါရီလအတွင်းက လျှပ်စစ်မီး ရရှိခဲ့သည့် အမရပူရ မြို့နယ် မင်းရွာမှ ကျေးရွာမီးလင်းရေး ကော်မတီတွင် ပါဝင်သူ တစ်ဦးက ဆိုသည်။
မဟာဓာတ်အားလိုင်းအနီးရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ချေးငွေများ ထုတ်ချေးမှု ရှိကြောင်း ယင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment
Note: Only a member of this blog may post a comment.