သတင်းနှင့်နည်းပညာများ

1/11/14

ငါးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး မဏိပူရ ပြည်နယ်တွင် မုဒိမ်းကျင့်ခံရ၍ သေဆုံး



ငါးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး မဏိပူရ ပြည်နယ်တွင် မုဒိမ်းကျင့်ခံရ၍ သေဆုံး
Saturday, January 11, 2014

အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရပြည်နယ် ချူရာချန်ဒရာ ပူးရ်မြို့ရှိ ငသည် ကျေးရွာတွင် နေထိုင်သော မြန်မာလူမျိုး ဇနီးမောင်နှံနှစ်ဦး၏ သမီးဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ် ဇင်ဇင်မူးသည် ဇန်နဝါရီ လ ၈ ရက်နေ့က မုဒိမ်းကျင့်ခံရ၍ သေဆုံးသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်သည် ဇန်နဝါရီ လ ၇ ရက်နေ့ နံနက်ပိုင်းက အဒေါ်ဖြစ်သူ၏ အိမ်သို့ ထွက်သွားခဲ့ရာမှ နေအိမ်သို့ ပြန်လည် ရောက်မလာ၍ မိသားစုဝင်များက ရဲစခန်းသို့ တိုင်တန်းသဖြင့် ရှာဖွေရာတွင် ငသည်ရွာနှင့် မိုင်ဝက်ကျော် ကွာဝေးသော ဝါးတောအနီးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်၏ ကိုယ်ပေါ်တွင် အဝတ်အစားများ ကင်းမဲ့နေကြောင်း၊ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိသော်လည်း အထိတ်တလန့် ဖြစ်ခဲ့မှုကြောင့် နှလုံးခုန်ရပ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဆေးစစ်ချက်များအရ သိရသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သို့သော် ကလေးငယ် အခင်းဖြစ်ပွားရာ နေရာမှာ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ရာ နေရာဖြစ်ပြီး၊ ယင်းနေရာတွင် ဒေသခံ မဟုတ်သည့် သူစိမ်းများ လာရောက် အလုပ်လုပ်လေ့ ရှိကြသည်ဟု ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သိရသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ ချူရာချန်ဒရာပူးရ်ခရိုင် ကျောင်းသားများသမဂ္ဂက အပြင်းအထန် ကန့်ကွက်ဆန္ဒပြ ထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ကြရန် ခရိုင် ရဲတပ်ဖွဲ့ကို ဖိအားပေးခဲ့ကြကြောင်း ယင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.