သတင်းနှင့်နည်းပညာများ

2/24/14

ဖွဲ့စည်းပုံပြင်ဆင်ရေး NLDဦးဆောင်ကာ ရွှေတောင်တွင် ဆန္ဒထုတ်ဖော်



ဖွဲ့စည်းပုံပြင်ဆင်ရေး NLDဦးဆောင်ကာ ရွှေတောင်တွင် ဆန္ဒထုတ်ဖော်

Written by ရေခဲ(ပြည်)

ရွှေတောင်၊ မဇ္ဈိမ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးစီးကာ လူအင်အား ၄ဝဝကျော်ဖြင့် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ဖေဖော်ဝါရီလ ၂၄ရက်က နံနက် ၉နာရီက ဆန္ဒထုတ်ဖော်ခဲ့ သည်။

“ကျွန်တော်တို့ ရွှေတောင်မြို့နယ်ရဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုက အကောင်းဆုံးအနေအထားလို့ ကျွန်တော်မြင်ပါတယ်။ တစ်ကိုယ်တော်ဆန္ဒပြတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဆိုပြီး ပြတယ်။ အခုတစ်ခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီးပြတယ်”ဟု ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးညွှန့်ဝေက ပြောသည်။

ဖွဲ့စည်းပုံ ပြဌာန်းချက်ပါ ပုဒ်မ၅၉(ဃ)၊ (စ)နှင့် ပုဒ်မ(၄၃၆)တို့သည် ပြင်ဆင်ရန် ဖျက်သိမ်းရန် ခက်ခဲသည့်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကာ လူထုဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ဦးညွှန့်ဝေက ဆိုသည်။

ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖော်ဝါရီလ ၂၄ရက်၊ နံနက် ၉နာရီတွင် ရွှေတောင်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့မှ စတင်ကာ ကင်းပွန်းခြံလမ်း၊ ဆေးရုံလမ်း၊ ရန်ကုန်- ပြည်လမ်း၊ အတွင်းရှမ်းလမ်း၊ လမ်းမတော်လမ်းနှင့် ကြာနီကန်လမ်းများအတိုင်း လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒဖော်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(စ) ဖျက်သိမ်းရေး၊ ပုဒ်မ၅၉(ဃ) ဖျက်သိမ်းရေး၊ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ဟူသော စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ယင်းစာသားများကို ကြွေးကြော်ခဲ့သည်။

ရွှေတောင်မြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဖေဖော်ဝါရီ တစ်လအတွင်း ဆန္ဒထုတ်ဖော်သည်မှာ ယခုအကြိမ်သည် တတိယ အကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ရက်က ပထမအကြိမ်အဖြစ် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှု၊ ၁၉ရက်တွင် မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၆ဦးက လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သေးသည်။

Credit By - Mizzima - News in Burmese

No comments:

Post a Comment

Note: Only a member of this blog may post a comment.