သတင်းနှင့်နည်းပညာများ

8/3/14

လန်ဒန်ဆရာတော် ဦးဥတ္တရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား တရားပြန်စွဲရာတွင် ဗဟန်းမြို့နယ်အပြင် တာမွေမြို့နယ် တရားရုံးကပါ လက်မခံသောကြောင့် ခရိုင်ရုံး၌ ဆက်လက်တရားစွဲမည်


လန်ဒန်ဆရာတော် ဦးဥတ္တရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား တရားပြန်စွဲရာတွင် ဗဟန်းမြို့နယ်အပြင် တာမွေမြို့နယ် တရားရုံးကပါ လက်မခံသောကြောင့် ခရိုင်ရုံး၌ ဆက်လက်တရားစွဲမည်
လန်ဒန်ဆရာတော် ဦးဥတ္တရက မတရားဖမ်းဆီး ချုပ်နှောင်မှုနှင့် မတရားတားဆီး ကန့်ကွက်မှုတို့ဖြင့် နိုင်ငံတော်သံဃမဟာနာယကအား ရန်ကုန်တိုင်းဒေသကြီး တရားရုံး၌ ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင် တရားပြန်လည်စွဲဆိုခဲ့ရာ တာမွေတရားရုံးမှ လက်မခံသောကြောင့် ခရိုင်၊ တိုင်း အဆင့်ဆင့်တက်ကာ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
ယင်းသို့ တရားပြန်လည်စွဲဆိုမှုကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ လန်ဒန်ဆရာတော်က တရားစွဲဆိုခဲ့သော်လည်း “တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်ဖြစ်၍ ဦးတိုက်လျှောက်လွှာအား ပြန်ပေးကြောင်း” တာမွေတရားရုံးသို့သာ ဦးတိုက်လျှောက်ထားရန် ဗဟန်းမြို့နယ် တရားသူကြီးက ပြန်လည်လျှောက်ထားခဲ့သည်။
ထို့ကြောင့် တာမွေမြို့နယ် တရားရုံး၌ သြဂုတ် ၁ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအား တရားပြန်လည်စွဲဆိုရန် ဦးတိုက်လျှောက်ထားခဲ့ရာ တာမွေမြို့နယ် တရားရုံးမှလည်း စစ်ဆေးဆဲအမှု ဖြစ်သည့်အတွက် လက်မခံခဲ့ကြောင်း သိရသည်။
လန်ဒန်ဆရာတော် ဦးဥတ္တရက နိုင်ငံတော်သံဃမဟာနာယက တတိယအဖွဲ့ခွဲမှ အလှည့်ကျသံဃာ ၁၅ ပါးနှင့် တိုင်းသံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဦးဣဒ္ဓိဗလ အပါအ၀င် သံဃာအပါး ၂၀ ကို မတရားတားဆီးကန့်ကွက်မှု၊ မတရားဖမ်းဆီး ချုပ်နှောင်ထားမှု စသည့်ပုဒ်မနှစ်ခုဖြင့် တရားပြန်စွဲခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တရားစွဲဆိုမှုမှာ နိုင်ငံတော်သံဃမဟာနာယကနှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားနေသည့် သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိဘဲ သန္တိသုခကျောင်းတိုက်တွင် ဆရာတော်များ သီတင်းသုံးနေစဉ်အတွင်း နိုင်ငံတော်သံဃမဟာနာယကနှင့် တိုင်းသံဃအဖွဲ့များမှ ဆရာတော်များအား မတရားဖမ်းဆီးခဲ့သောကြောင့် ယခုကဲ့သို့ ပြန်လည်တရားစွဲဆိုခြင်းဖြစ်ကြောင်း ဆရာတော်ဦးဥတ္တရက ဆက်လက်မိန့်ကြားသည်။
“တာမွေတရားရုံးမှာ တရားပြန်စွဲတော့လည်း စစ်ဆေးဆဲအမှုဆိုပြီး လက်မခံဘူး။ ဒါပေမဲ့ ရပ်မနေပါဘူး။ ခရိုင်၊ တိုင်း အဆင့်ဆင့်တက်ပြီး ဆက်လက်ရင်ဆိုင်သွားမှာပါ” ဟု ဆရာတော်ဦးဥတ္တရက မိန့်ကြားသည်။
ယင်းသို့ ဗဟန်းမြို့နယ်နှင့် တာမွေမြို့နယ်တရားရုံးတို့မှ လက်မခံသည့်အတွက် ခရိုင်၊ တိုင်းနှင့် ဗဟိုခုံရုံးများတွင် တရားဥပဒေအရ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရဟုဆိုကာ ရန်ကုန်တိုင်းသာသနာရေးမှူး ဦးစိန်မော်က တရားလိုပြုလုပ်ပြီး ၂၀၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တာမွေတရားရုံး၌ လူဝတ်လဲရုံးထုတ်ခဲ့ကာ အင်းစိန်ထောင်သို့ ပို့ခဲ့သည်။ ဇွန် ၂၀ ရက်တွင် အာမခံဖြင့် ဆရာတော်များအား ပြန်လည်လွှတ်ပေးခဲ့ကာ သြဂုတ် ၁၅ ရက်တွင် ရုံးချိန်းပြန်ချိန်းဆိုထားကြောင်း သိရသည်။
(လန်ဒန်ဆရာတော်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားနေစဉ်)


Eleven Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.