Ooredoo ဆင်းမ်ကတ်များ ယနေ့မှစ၍ တရားဝင် စတင်ဝယ်ယူနိုင်ပြီ
=======================
=======================
Ooredoo ဆင်းကတ်များကို ယနေ့မှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ကျပ် ၁၅၀၀ ဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။ ယနေ့မှစတင်၍ Ooredoo ဆင်းမ်ကတ်များကို သြဂုတ်လ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန်အထိ Ooredoo မိုဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှုအတွက် မိနစ် ၉၀၀နှင့် စာတိုပေးပို့မှုအတွက် စာတိုစောင်ရေ ၉၀၀ ၊ Ooredoo မှ အခြားဆက်သွယ်ရေးကွန်ရက်များသို့ ဖုန်းခေါ်ဆိုချိန် မိနစ် ၉၀နှင့် စာတို အရေအတွက် ၉၀ တို့ကို အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။
Ooredoo ၏ မိုဘိုင်းအင်တာနက်ကို သြဂုတ်လ ၁၅ ရက်အထိ နေ့စဉ် 20 MBနှင့် Facebook ကို အခမဲ့အသုံးပြုခွင့်ရမည်ဖြစ်သည်။ သြဂုတ်လ ၁၅ ရက် နောက်ပိုင်းမှစတင်၍ Ooredoo ဆင်းမ်ကတ်များ အတွက် ၁,၀၀၀၊ ၃,၀၀၀၊ ၅,၀၀၀၊ ၁၀,၀၀၀၊ ၂၀,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များကို စတင်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းအချိန်မှစတင်ပြီး မိုဘိုင်းအင်တာနက်အသုံးပြုခများသည် သုံးစွဲသူသုံးသလောက်သာ ကျသင့်မည်ဖြစ်ပြီး နှုန်းထားကို 1MB လျှင် ၂၅ ကျပ်သတ်မှတ်ထားသည်။ မိုဘိုင်းအင်တာနက်သုံးစွဲခနှင့်ပတ်သတ်သည့် Package Plan များကို သြဂုတ်လ ၁၅ ရက်တွင် ထပ်မံ၍ အသေးစိတ်ထုတ်ပြန်ဦးမည်ဖြစ်ကြောင်း Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီမှ National Sales Director ဖြစ်သူ ဦမြင့်ဇော်ကပြောကြားသည်။
Ooredoo ဆင်းမ်ကတ်များကို သုံးစွဲသူများသည် မှတ်ပုံတင်ကတ်ကို အရောင်းကိုယ်စားလှယ်ဆိုင်သို့ ယူဆောင်လာပြီး စာရင်းပေးသွင်းကာ လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ထို့နောက် ၁,၅၀၀ ကျပ်ကို ပေးသွင်းပြီးသည်နှင့် Activate ပြုလုပ်ပြီး ဆင်းမ်ကတ်ကို စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် UMTS 900 နည်းပညာဖြစ်သော မိုဘိုင်းဟန်းဆက်များတွင် Ooredoo ဆင်းမ်ကတ်များကိုအသုံးပြုနိုင်မည်ဖြစ်ပြီး မိမိအသုံးပြုသော ဟန်းဆက်သည် Ooredoo ဆင်းမ်ကတ်နှင့် ကိုက်ညီမှုရှိ၊ မရှိ သိရှိလိုလျှင် ၀၉ ၉ ၇ ၀၀၀၀ ၂၃၄ သို့ ခေါ်ဆို မေးမြန်းနိုင်မည်ဖြစ်ကြောင်းသိရသည်။ UMTS 900 နည်းပညာနှင့် သုံးစွဲနိုင်သော ဟန်းဆက်များကို Apple, HTC, Huwei, LG, Nokia, Sony, Samsung စသည်တို့က ထုတ်လုပ်ထားသည်။ Ooredoo Myanmar သည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ၁,၅၀၀ ကျပ်ထက်မပိုအောင် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပြီး သတ်မှတ်ဈေးနှုန်းထက် မပိုအောင် ဖြန့်ချိရေးကုမ္ပဏီများနှင့် ဆွေးနွေးမှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ ကာတာဆက်သွယ်ရေးကုမ္ပဏီ၏ ဝန်ဆောင်မှုများသည် သြဂုတ်လ ၂ ရက်မှစတင်၍ ၂၄ နာရီ ပိတ်ရက်မရှိ အဆင်သင့်ရှိနေမည်ဖြစ်ပြီး အထက်ပါ Contect Center သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.