သတင်းနှင့်နည်းပညာများ

9/28/13

ဖိလစ်ပိုင်တောင်ပိုင်းတွင် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားနေဟု ကုလသတိပေး


ဖိလစ်ပိုင်တောင်ပိုင်းတွင် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားနေဟု ကုလသတိပေး

မနီလာ၊ စက်တင်ဘာ ၂၆

လက်နက်ကိုင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မြို့တော် ဇန်ဘိုအန်ဂါနှင့် အနီးတစ်ဝိုက်တွင် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားလျက် ရှိနေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂက သတိပေးလိုက်ကြောင်း foxnews သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်တပ်နှင့် မွတ်ဆလင် သူပုန်တို့ လူနေရပ်ကွက်များ အတွင်း ဖြစ်ပွားနေသည့် ယင်းသို့ အသေအပျောက် များလှသော ထိပ်တိုက် တိုက်ပွဲများကြောင့် လူသောင်းနှင့်ချီ အတိဒုက္ခ ရောက်ကြရသည်ဟုလည်း ယင်းသတိပေးချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ ကတည်းက သူပုန်အင်အား ၂၀၀ ခန့်က မြို့ထဲသို့ ဝင်လာခဲ့ပြီး စစ်တပ်နှင့် ရဲတို့ကလည်း ပြန်လည် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ မကြာသေးခင် နှစ်များအတွင်း ဖိလစ်ပိုင် တွင် အပြင်းထန်ဆုံးသော လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

မိုရို အမျိုးသားလွတ်မြောက်ရေး တပ်ဦး (MNLF) သူပုန်တပ်မှ လက်နက်ကိုင် ၁၀၄ ဦးနှင့်အတူ စစ်သားနှင့်ရဲ ၁၅ ဦးလည်း ယင်းတိုက်ပွဲများ အတွင်း သေဆုံးခဲ့ကြရသည်။

သူပုန် တိုက်ခိုက်ရေးသမားများ အညံ့ခံလာခြင်း၊ အဖမ်းခံရခြင်းများ ရှိနေပြီး အချို့လည်း လွတ်မြောက်နေဆဲဖြစ်ကာ အရပ်သားများကို ဓားစာခံများအဖြစ် ဖမ်းဆီးထားပြီး လူသားဒိုင်းများ အဖြစ်လည်း အစိုးရတပ်များက တိုက်ခိုက်လာမည်ကို ကာကွယ်ထားကြသည်။

အဆိုပါ တိုက်ပွဲများကြောင့် လူပေါင်း တစ်သိန်းငါးသောင်း ရှစ်ထောင်ခန့် ထိခိုက်နစ်နာမှုများ ရှိပြီး နေအိမ်ပေါင်း တစ်သောင်းခန့် ဖျက်ဆီးခံခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးရုံးက ထုတ်ပြန်ထားသည်။
“ဒီလိုအခြေအနေနဲ့ အကြမ်းဖက်မှု ဒဏ်ခံရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက် မြင့်တက်လာတာမို့ ကျွန်မတို့ ထိတ်ထိတ်ပျာပျာ ဖြစ်ရပါတယ်” ဟု ကုလသမဂ္ဂ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ လူသားချင်း စာနာမှု လုပ်ငန်းများ အကြီးအကဲ လူဇာကာဗယ်ဟိုက ပြောကြားသည်။

ထိခိုက်နိုင်ခြေ အရှိဆုံး အုပ်စုဖြစ်သည့် အမျိုးသမီးများနှင့် ကလေးများအတွက် အလွန်စိုးရိမ်မိကြောင်း အဆိုပါ ကုလအရာရှိကြီးက ပြောကြားသည်။

ယခုအခါ လူခုနှစ်သောင်းခန့်သည် ဇန်ဘိုအန်ဂါရှိ အားကစားကွင်းများ ထဲတွင် စုပြုံနေထိုင်ရလျက် ရှိပြီး ရေဆိုးစနစ်စသည့် လိုအပ်ချက်များစွာ ရှိနေကြောင်း ကုလသမဂ္ဂရုံးက ထုတ်ပြန်လိုက်သည်။

အစားအသောက်၊ သောက်ရေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ချက်ပြုတ်ရန် ပစ္စည်းပစ္စယ၊ တဲများနှင့် အခြားလိုအပ်ချက်များစွာ ရှိနေပြီး ရောဂါဘယများ ဖြစ်ပွားမည့် အန္တရာယ်လည်း ရှိနေသည်ဟု ကုလသမဂ္ဂ အရာရှိများက ဆိုသည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.