သတင်းနှင့်နည်းပညာများ

9/27/13

ဟုမ္မလင်းရဲစခန်းတွင် အချုပ်ခန်းအင်္ဂါ ညီညွတ်စေရန် အပါအဝင် အချုပ်သားများ တောင်းဆိုချက် နှစ်ရက်အတွင်းပြေလည်

ဟုမ္မလင်းရဲစခန်းတွင် အချုပ်ခန်းအင်္ဂါ ညီညွတ်စေရန် အပါအဝင် အချုပ်သားများ တောင်းဆိုချက် နှစ်ရက်အတွင်းပြေလည်

မန္တလေး၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရဲစခန်းတွင် အချုပ်သားများက စက်တင်ဘာလ ၁၁ ရက်နေ့တွင် အချက် ၁၀ ချက်ပါ တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ တောင်းဆိုချက်များကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် အတွက် နှစ်ရက်အတွင်း ပြေလည်မှုများ ရရှိခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“အချုပ်သားတွေ တောင်းဆိုတဲ့ အချက် ၁၀ ချက်ထဲက အချက်အားလုံးနီးပါး ပြေလည်ခဲ့ပါတယ်” ဟု ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ညီက The Voice သို့ အတည်ပြု ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ အချုပ်ခန်းအတွင်း ထိန်းသိမ်းထားခံရသော အချုပ်သားများက စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အချုပ်ခန်းထဲမှနေ၍ တောင်းဆိုမှုအချို့ ပြုလုပ်ခဲ့ကြောင်း၊ ယင်းတို့ တောင်းဆိုရာတွင် အချုပ်ခန်းများ ပြင်ဆင်ပေးရန်၊ အချုပ်သား တရားခံများ၏ အမှုများအား မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာ ဆောင်ရွက်ပေးရန်၊ သောက်သုံးရေ သန့်စင်စွာ ရရှိစေရန်၊ အချုပ်သားများကို စွဲဆိုထားသည့် မူးယစ်ပုဒ်မများအစား အခြားပုဒ်မများဖြင့် စွဲဆိုပေးနိုင်ရန်၊ အချုပ်ခန်းအတွင်း လျှပ်စစ်မီး ပြည့်ဝစွာရရှိရန်၊ ကျန်းမာရေး စောင့်ရှောက် မှုများ ပေးနိုင်ရန်၊ ဆေးဝါးသုံးစွဲသူများကို မဖမ်းဆီးဘဲ ပြုစုပျိုးထောင်ရေး စခန်းများသို့ ပို့ရန်၊ အချုပ်ခန်းအတွင်း အချုပ်သားများ အချုပ်ခန်းအင်္ဂါ ညီညွတ်စေရန်၊ မူးယစ်ဆေးစွဲ တရားခံများကို ဆီးစစ်ဆေးခြင်းအစား တခြားနည်းလမ်းဖြင့် စစ်ဆေးမှုများ ပြုနိုင်ရန်အတွက် လွှတ်တော်သို့တင်ပြ ပေးရန်နှင့် အချုပ်သားများ ယခုကဲ့သို့ တောင်းဆိုမှုနှင့် ပတ်သက်ပြီး မည်သည့် အရေးယူမှုမျှ မပြုလုပ်ရန်တို့ ပါဝင်ကြောင်း ယင်းအချုပ်သားများနှင့် နီးစပ်သူ ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောကြားသည်။

“၁၀ ချက်ထဲက အားလုံးနီးပါး ပြေလည်ပါတယ်။ သူတို့တောင်းတဲ့အထဲက မူးယစ်ဆေးဝါးပုဒ်မဖြင့် စွဲဆိုထားသည့် ပုဒ်မအစား အခြားပုဒ်မနှင့် ပြောင်းလဲ အရေးယူဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ညီက ပြန်လည် ပြောဆိုသည်။

အချုပ်သားများ ကျပ်တည်းစွာ နေထိုင်ရသည့်အတွက် လက်ရှိအသုံးပြုနေသော အချုပ်ခန်းအပြင် ဗြိတိသျှအစိုးရ လက်ထက်က အချုပ်ခန်း အဟောင်းကို ပြန်လည် ပြင်ဆင်ပြီး ယင်းအချုပ်ခန်းထဲသို့ အချုပ်သားအချို့ကို ပြောင်းလဲ နေထိုင်စေခဲ့ကြောင်း၊ ယခုအခါ အချုပ်ခန်းဟောင်းတွင် အချုပ်သား ၄၀ ဦး၊ အချုပ်ခန်းသစ်တွင် အချုပ်သား ၁၅ ဦး စုစုပေါင်း ၅၅ ဦး ရှိကြောင်း ဟုမ္မလင်းမြို့ ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

ယင်းအချုပ်သားများ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်း သားရေးရာဝန်ကြီး၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး၊ ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူး၊ ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်းဆိုမှုများ ပြုလုပ်သူ အချုပ်သားများနှင့် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း ခန္တီးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရသည်။

From - The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.