သတင်းနှင့်နည်းပညာများ

10/18/13

စက်မှုဇုန် မီးရရှိရေး ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံမည်

စက်မှုဇုန် မီးရရှိရေး ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံမည်

မန္တလေး၊ အောက်တိုဘာ ၁၇

မန္တလေး စက်မှုဇုန်တွင် နွေရာသီကာလ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံ၍ ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်ရန် အများပိုင်ကုမ္ပဏီ တစ်ခုတည်ထောင်မည် ဖြစ်ကြောင်း ယင်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

အဆိုပါ အများပိုင်ကုမ္ပဏီ တည်ထောင်ရေးကို နိုဝင်ဘာလတွင် စတင်မည် ဖြစ်ပြီး လာမည့် နွေရာသီတွင် မီးသုံးစွဲနိုင်ရန် စက်ရုံ အပြီးတည်ဆောက်မည် ဖြစ်ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။
“အင်ဂျင်စက်နဲ့ ထုတ်မှာပါ။ ဂက်စ်၊ ဒီဇယ်၊ ကျောက်မီးသွေး ဘယ်ဟာနဲ့ ထုတ်ဖြစ်မယ်တော့ မသိဘူး။ ကုန်ကျစရိတ် အနည်းဆုံးဟာနဲ့ ထုတ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ ဇုန်အတွင်းမှာရှိတဲ့ စက်ရုံတွေရဲ့ သုံးအားနဲ့ ညီမျှတဲ့ ၅၀ မဂ္ဂါဝပ် ဂျင်နရေတာ တစ်လုံးကို လျှပ်စစ်ထုတ်လုပ် ရောင်းချတဲ့ ပုဂ္ဂလိက ကုမ္ပဏီရယ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရယ်၊ ဇုန်အတွင်းရှိ လုပ်ငန်းရှင်တွေရယ် ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီ တည်ထောင် သွားမှာပါ” ဟု ဦးမောင်မောင်ဦးက ဆိုသည်။

ယင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀ ထုတ်လုပ်ရန်အတွက် နိုဝင်ဘာလတွင် တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း အနည်းဆုံး ကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်သည့် ကုမ္ပဏီကို ရွေးချယ်ပြီး တင်ဒါအောင်ကုမ္ပဏီနှင့် ပူးပေါင်းကာ အများပိုင် ကုမ္ပဏီတည် ထောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျွန်တော်တို့က လျှပ်စစ်အမြဲလိုတာ မဟုတ်ဘူး။ နွေရာသီမှာသာ လိုတယ်။ ဒါကြောင့် ကုမ္ပဏီတစ်ခုတည်းကို ဓာတ်အား ဖြန့်ဖြူးပေးဖို့ တာဝန်ပေးလိုက်ရင် ကုမ္ပဏီရဲ့စရိတ်က ကျွန်တော်တို့ကို လာထောင်းမယ်။ ဒါကြောင့် အများပိုင်လုပ်ပြီး လိုအပ်တဲ့အခါ ဂျင်နရေတာက လျှပ်စစ်ကိုသုံးမယ်။ မလိုအပ်တဲ့အခါ မသုံးဘူး” ဟု အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်ခိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ကို အဓိကထား အသုံးပြုနေရပြီး နွေရာသီ ရေခန်းချိန်ရောက်လျှင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် စက်မှုဇုန်များတွင် လျှပ်စစ် မပေးနိုင်သဖြင့် လုပ်ငန်းများ ထုတ်လုပ်မှု ရပ်နားခဲ့ရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀ သုံးစွဲလျက် ရှိပြီး မိုးရေကျန်ရှိနေသေးသည့် ကာလဖြစ်သည့် အတွက် ရေအားလျှပ်စစ်များမှ ဓာတ်အားလုံလောက်စွာ ထုတ်လုပ် နိုင်သေးသော်လည်း နွေရာသီကာလတွင် ဓာတ်အား လုံလောက်စွာ မထုတ်နိုင်သောကြောင့် စက်မှုဇုန်များသို့ ဓာတ်အား လုံလောက်စွာ မဖြန့်ဖြူးနိုင်ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူး ဒေါ်အေးအေးမင်းက ထည့်သွင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံ စက်မှုဇုန် ဓာတ်အားသုံးစွဲမှုမှာ ၁ ဒသမ ၂ မဂ္ဂါဝပ်၊ မိတ္ထီလာ စက်မှုဇုန် ၄ ဒသမ ၅ မဂ္ဂါဝပ် သုံးစွဲလျက် ရှိကြောင်း၊ မန္တလေးစက်မှုဇုန် အတွင်းတွင် မဂ္ဂါဝပ် ၄၀ ခန့် သုံးစွဲပြီး အဆိုပါ စက်မှုဇုန်တွင် ဓာတ်အားခွဲရုံ နှစ်ခု၊ ထရန်စဖော်မာ ၅၆၀ လုံး၊ အများသုံး ထရန်စဖော်မာ ၃၁ လုံး၊ ပါဝါမီတာ ၁၇၆၃ လုံး၊ အိမ်သုံးမီတာ ၂၀,၅၇၄ လုံး တပ်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီးတိုင်း လျှပ်စစ် အင်ဂျင်နီယာမှူးရုံးထံမှ သိရသည်။

From - The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.