ဂျပန်အစိုးရက ကန်ဒေါ်လာငါးသိန်းဖြင့် အခြေခံပညာကျောင်း များ ဆောက်လုပ်မည်
ရန်ကုန်၊ အောက်တိုဘာ ၁၇
ဂျပန်နိုင်ငံအစိုးရ၏ အသေးစား စီမံကိန်း ထောက်ပံ့ရေး အစီအစဉ် (GGP) အရ မြန်မာနိုင်ငံရှိ အခြေခံပညာစာသင် ကျောင်း ရှစ်ကျောင်းကို အမေရိကန်ဒေါ်လာ ၄၇၀,၇၉၉ အသုံးပြု ဆောက်လုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဆောက်လုပ်မည့် ကျောင်းများမှာ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် ချင်းပြည်နယ်တွင် အခြေခံပညာ မူလတန်းကျောင်း ငါးကျောင်းတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ကျောင်းများကို ဆောက်လုပ်ရေးကုမ္ပဏီ သုံးခုဖြင့် တစ်နှစ်အတွင်း အပြီးဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ အခြေခံ မူလတန်းကျောင်း ငါးကျောင်းကို တစ်ထပ်ဆောင် ဆောက်လုပ်မည် ဖြစ်ပြီး ကျန်သုံးကျောင်းကို နှစ်ထပ်ဆောင် သံကူ ကွန်ကရစ်ဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းကျောင်းဆောင်များသည် အသစ်ပြန်လည် တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ဂျပန်သံရုံးမှ GGP အစီအစဉ် တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါကျောင်း ရှစ်ကျောင်းကို ဆောက်လုပ်ပြီးစီး သွားပါက ကျောင်းသားပေါင်း ၂၈၆၀ ဦးသည် ကောင်းမွန် သန့်ရှင်းသော ပတ်ဝန်းကျင်တွင် စာသင်ကြားနိုင်မည် ဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ GGP အစီအစဉ်ဖြင့် မြန်မာနိုင်ငံရှိ ကျောင်းပေါင်း ၂၇၁ ကျောင်းကို အဆင့်မြှင့်တင်ပေးပြီး ဖြစ်ကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
From - The Voice Weekly

No comments:
Post a Comment
Note: Only a member of this blog may post a comment.