သတင်းနှင့်နည်းပညာများ

10/18/13

KNU တပ်မဟာ ၅ ရဲ့ အရေးကြီးတဲ့ကြေညာချက်

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မြို့ပေါ် ဗုံးခွဲမှုတချို့မှာ တာဝန်ရှိတယ်လို့ သံသယဖြစ်ခံရသူတယောက်ဟာ  KNU ရဲ့ ဖာပွန်ဒေသ တပ်ဖွဲ့ဝင်ဖြစ်ဖူးကြောင်း သတင်းတချို့ထွက်လာပါတယ်။
ဒီသတင်းထွက်အပြီးမှာ   KNU ရဲ့ ဖာပွန်ခရိုင်/တပ်မဟာ ၅ က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။  
 


ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်
 (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

ကြာသပတေးနေ့ရက်စွဲနဲ့ ထွက်လာတဲ့ ဒီကြေညာချက်မှာ 

"ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစုံတရာ နှောင့်ယှက် ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံးဝ ဆန့်ကျင်ကန့်ကွက်သည်"
လို့ ဖော်ပြထားပါတယ်။
တိတိကျကျ တိုက်ရိုက် စွပ်စွဲထားတာ မဟုတ်တဲ့အတွက် ကြေညာချက်ထဲမှာလည်း  ဗုံးခွဲမှု ဆိုတဲ့ စကားလုံးကို ထည့်ထားခြင်း မရှိဘူးလို့ ယူဆရပါတယ်။
တပ်မဟာ ၅ ရဲ့ ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ ဗိုလ်မှူးစောကလယ်ဒို့ကလည်း ကရင်သတင်းဌာန (KIC) ကို ကြာသပတေးနေ့က အခုလို ပြောပါတယ်။  “ကျနော်တို့ တပ်မဟာ(၅)ဟာ ခေါင်းမာတယ်။ သီးသန့် ရပ်တည်လိုတယ်လို့ သတင်းထွက်ပေါ်နေတာ ကြားနေရတယ်။ ဒါ လုံးဝ မဟုတ်သလို လက်ရှိ အစိုးရတို့နှင့် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဗဟိုရဲ့ ဦးဆောင်မှုအတိုင်း ကျနော်တို့ လိုက်နာပြီး သွားနေတာပါ”

ပြီးခဲ့တဲ့ရက်ပိုင်း မြန်မာပြည်နေရာတချို့မှာ ပေါ်ပေါက်ခဲ့တဲ့  ဗုံးခွဲမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တို့က ဆက်လက် စုံစမ်းနေဆဲပါ။

 KNU  ဖာပွန်ခရိုင်/တပ်မဟာ ၅ ရဲ့ ထုတ်ပြန် ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။  
 


From - http://blog.irrawaddy.org/2013/10/knu.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.