ဘူလ်ဂေးရီးယားမှ ထူးထူးခြားခြား ဓလေ့ထုံးစံနှင့် မင်္ဂလာအခမ်းအနားများ
သတို့သမီးသည် ဇာပဝါပါးဖြင့် ဖုံးအုပ်ထားသည့် မျက်နှာတွင် ဆေးရောင်စုံဖြင့် တောက်တောက်ပပ ထင်ထင်ရှားရှား ခြယ်သပေးခြင်းကို ခံရလေ့ရှိသည်။
မိမိ၏ သတို့သမီးကို မျက်နှာမမြင်ရသေးဘဲ ခေါင်းပေါ်တွင် လွှမ်းခြုံထားသည့် ဇာပဝါပါးလေးကို လှပ်ကြည့်ရသည့် အခိုက်အတန့်သည် သတို့သား တစ်ဦးအတွက် ကြည်နူးစိတ်လှုပ်ရှားစရာ တစ်ဒင်္ဂမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း ဘူလ်ဂေးရီးယား နိုင်ငံရှိ ကျေးရွာငယ်လေး တစ်ခုတွင် ကျင့်သုံးနေသည့် ရိုးရာဓလေ့ ထိမ်းမြားလက်ထပ်မှု အခမ်းအနားများမှ သတို့သားများအတွက်မူ ယင်းခံစားချက်မျိုး ပိုင်ဆိုင်နိုင်ဖွယ် မရှိချေ။ အဆိုပါ ဓလေ့ထုံးစံ လက်ထပ်ပွဲများတွင် သတို့သမီး၏ မျက်နှာကို ဆေးရောင်စုံဖြင့် ခြယ်သပြင်ဆင်ထားကြသည်။ အဆိုပါ လုပ်ရပ်ကို ဂီလီနာဟု ခေါ်ဝေါ်ကြောင်းလည်း သိရသည်။ ယခုအခါ ဘူလ်ဂေးရီးယားရှိ ရစ်ဘ်နိုဗို ရွာလေးတစ်ခုတွင်သာ ယင်းထူးထူးဆန်းဆန်း ဓလေ့မျိုးလေး အမြစ်တွယ် ကျန်ရှိနေခြင်း ဖြစ်သည်။ ရွာခံများ၏ အဆိုအရ ထိုသို့သော မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားများကို ပြုလုပ်လာခဲ့သည်မှာ ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဟု သိရသည်။ သတို့သမီးသည် ဇာပဝါပါးဖြင့် ဖုံးအုပ်ထားသည့် မျက်နှာတွင် ဆေးရောင်စုံဖြင့် တောက်တောက်ပပ ထင်ထင်ရှားရှား ခြယ်သပေးခြင်းကို ခံရလေ့ရှိသည်။
လက်ထပ်ပွဲကို နှစ်ရက်တာ ပြုလုပ်လေ့ရှိပြီး ဒုတိယနေ့တွင် ယင်းကဲ့သို့ ပြုလုပ်ခြင်း ဖြစ်သည်။ မျက်နှာကို ခြယ်သရာတွင်လည်း သတို့သားဘက်မှ ဆွေမျိုးမိန်းကလေးများကသာ သီးခြားပြုလုပ်ခွင့် ရှိသည်။ ဆေးခြယ်ရာတွင် ခပ်ထူထူ၊ ခပ်ပြစ်ပြစ်ဆေးတစ်မျိုးကို သုံးကြသည်။ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တစ်ဦးက မင်္ဂလာစုံတွဲကို ကောင်းချီးမပေးမချင်း သတို့သမီး၏ မျက်လုံးကို ဖွင့်မကြည့်ရချေ။ သတို့သမီးခမျာ မျက်လုံးကို ခပ်တင်းတင်း မှိတ်ထားရပြီး ပါးစပ်တစ်ဝိုက်တွင်လည်း ဆေးခြယ်ခံထားရသည်။
သူမကို ပန်းမျိုးစုံဖြင့် အလှဆင်ပေးပြီး သတို့သားထံ ခေါ်ဆောင်လာလေ့ ရှိသည်။ ဘူလ်ဂေးရီးယားသူ ဖာတမီအီနက်စ်သည် ယင်းဓလေ့ထုံးစံဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မင်္ဂလာဆောင်ခဲ့သည်။ "တော်တော် စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံပဲ"ဟု သူမက ဆိုသည်။ သူမ၏ မျက်နှာသည် အဖြူရောင်ကဲသော ဆေးမျိုးစုံဖြင့် ခြယ်သခြင်း ခံရသည်။ မင်္ဂလာစုံတွဲသည် လက်ဖွဲ့ငွေ ရရှိသည့် အခါတွင်လည်း အခါတွင်လည်း မင်္ဂလာဝတ်စုံပေါ် ငွေစက္ကူများ လာရောက် ချိတ်ဆွဲခြင်း ခံရလေ့ရှိသည်။ ရစ်ဘ်နိုဗိုသည် ဝေးလံသီခေါင်သော ရွာလေးတစ်ခုဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ဒေသခံများသည် တစ်နယ်တစ်ကျေးသို့ ထွက်ခွာကာ အလုပ်လုပ်လေ့ ရှိကြသည်။ သို့သော်လည်း ၎င်းတို့သည် ဆောင်းရာသီ ကျရောက်ချိန်တွင် နှင်းဖုံးတောင်များကြားမှ ရွာကလေးသို့ လက်ထပ်ပွဲ အခမ်းအနားအတွက် အရောက်ပြန်လာလေ့ ရှိကြသည်။
ရွာငယ်လေးတွင် မွတ်ဆလင် ဘာသာရေးခေါင်းဆောင် (၁၀)ဦးနှင့် ဗလီနှစ်လုံးရှိသည်။ ရွာထဲတွင် နေထိုင်သူပေါင်း (၃၅၀၀)ဝန်းကျင်မျှသာ ရှိကြောင်းလည်း သိရသည်။ အများစုက လက်လုပ် ခြေအိတ်လေးများ၊ ကော်ဇောများနှင့် ကြမ်းခင်းများ ရက်လုပ်ရောင်းချ၍ အသက်မွေးကြသည်။ ရွာငယ်လေး၏ မင်္ဂလာပွဲ ဓလေ့နှင့် ပတ်သက်ပြီး ဘူလ်ဂေးရီးယား သိပ္ပံအကယ်ဒမီမှ တိုင်းရင်းသားဆိုင်ရာ ပါမောက္ခ မာဂါရီတာ ကာရာမင်ဟိုဗာက "တကယ့်ကို ထူးဆန်းပြီး တီထွင်ဖန်တီးထားတဲ့ ဓလေ့ထုံးစံ တစ်ခုပါပဲ။ ပြောရရင် ဒါဟာ သူတို့တွေ ဘယ်သူဘယ်ဝါဆိုတာ တန်းပြီး ပေါ်လွင်စေမယ့် အထိမ်းအမှတ် တစ်ခုလိုတောင် ဖြစ်နေပါတယ်"ဟု မှတ်ချက်ပြုသွားခဲ့သည်။
PlanetMyanamr

No comments:
Post a Comment
Note: Only a member of this blog may post a comment.