သတင်းနှင့်နည်းပညာများ

1/25/14

ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့၏ ဟောပြောပွဲ နေပြည်တော်တွင် ခွင့်ပြုမိန့်မရ



ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့၏ ဟောပြောပွဲ နေပြည်တော်တွင် ခွင့်ပြုမိန့်မရ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

နေပြည်တော် ကောင်စီနယ်မြေ၌ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်မည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့၏ စာပေဟောပြောပွဲမှာ ခွင့်ပြုမိန့် မရရှိသဖြင့် အစီအစဉ် ဖျက်လိုက်ရကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ်ရှိ မြို့နယ်သာသနာပြု ဗိမာန်တွင် ပြုလုပ်ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ ခွင့်ပြုမိန့် လျှောက်ထားခဲ့သော်လည်း လိုအပ်သည့် ထောက်ခံစာ မပြည့်စုံခြင်းကြောင့် ခွင့်ပြုခြင်း မရှိခဲ့ကြောင်း စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်မြတ်သူက The Voice သို့ ပြောကြားသည်။

အဆိုပါဟောပြောပွဲ ကျင်းပခွင့်ပေးရန် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စာရေးဆရာအသင်းနှင့် ပွဲကျင်းပမည့် မြို့နယ်သာသနာပြု ဗိမာန် စသည်တို့၏ ထောက်ခံစာလေးခု လိုအပ်သော်လည်း နှစ်ခုသာ ရရှိခဲ့ခြင်းကြောင့်ဟောပြောပွဲ ခွင့်ပြုချက် မရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပွဲကျင်းပမယ့် သာသနာပြု ဗိမာန်ကတော့ မြို့နယ်က ခွင့်ပြုရင် သူတို့လည်း ခွင့်ပြုမယ်လို့ ပြောတယ်။ ထောက်ခံစာကတော့ အရင်ပွဲတွေမှာလည်း ပေးရိုးထုံးစံ မရှိဘူးတဲ့။ မြို့နယ် စာရေးဆရာအသင်း ဆီကလည်း မရခဲ့ဘူး” ဟု ဦးကျော်မြတ်သူက ဆိုသည်။

ဟောပြောပွဲ ခွင့်မပြုခဲ့ခြင်းမှာ လိုအပ်သည့် စာရွက်စာတမ်း၊ အထောက်အထားများ မပြည့်စုံခြင်းကြောင့်သာ ဖြစ်ကြောင်း၊ တမင်ပိတ်ပင် တားဆီးခြင်း မဟုတ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပွဲကျင်းပခွင့် ထောက်ခံစာနှင့် ပတ်သက်၍ အဆိုပါ မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဖြစ်သူကို ဆက်သွယ်မေးမြန်းရာ နေအိမ်တွင် မရှိကြောင်း မိသားစုဝင်တစ်ဦးက ပြန်လည် ဖြေဆိုခဲ့သည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဟောပြောခွင့် မရရှိခဲ့ခြင်းအတွက် စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ တင်ပြ အကြောင်းကြားထားကြောင်း၊ သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်ရာ နေပြည်တော် ကောင်စီနယ်မြေတွင် စာပေဟောပြောမှုများ တင်းကျပ်ထားခြင်းသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီက ပြောကြားသည်။
“မြို့နယ် စာရေးဆရာအသင်းကို ထောက်ခံစာ တောင်းရတယ်ဆိုတော့ သူက အာဏာပိုင် အဖွဲ့အစည်းလား၊ ဒါဟာ အဓိပ္ပာယ် မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့၏ စာပေဟောပြောပွဲကို ခွင့်မပြုခဲ့ခြင်းမှာ ယခုအကြိမ်သည် ဒုတိယမြောက် ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် မေလတွင် ပြုလုပ်ရန် စီစဉ်ခဲ့သည့် ဟောပြောပွဲကိုလည်း မိတ္ထီလာ ပဋိပက္ခကို အကြောင်းပြချက်ဖြင့် ခွင့်ပြုမိန့် မပေးခဲ့ကြောင်း ဦးကျော်မြတ်သူက ဆိုသည်။

Credit By - The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.