သတင်းနှင့်နည်းပညာများ

8/27/14

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု ဦးစံလင်းဆို


ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု ဦးစံလင်းဆို

ခေါင်းလောင်းကြီး ရှာတွေ့ပါက လက်တွေ့ပြသနိုင်ရန် လိုအပ်ပြီး ပြည်သူများအညာမခံရစေရန် အစိုးရတွင်တာဝန်ရှိဟု မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူးပြော
ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဟု သတင်းများထွက်ပေါ်နေ၍ ကမ်းစပ်တွင်စောင့်ကြည့်နေသူများကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ခေါင်းလောင်းကြီးတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောကြားလိုက်သည်။
ခေါင်းလောင်း တွေ့ရှိကြောင်း အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိအလင်းကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့သို့ ဖုန်းဆက်ကာ ပြောကြားပြီး ၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နဂါးများမှာ အကြီးဆုံးရွှေရောင်နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို အကြီးအကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့်အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်း ထုတ်ပြန်ရန် နောက်ကျနေခြင်း ဖြစ်ပါကြောင်း ဦးစံလင်းက ဖုန်းမှတစ်ဆင့် ပြန်ကြားရေးအဖွဲ့သို့ ပြောသည်။
‘‘တွေ့တယ်ဆို ဘယ်လိုတွေ့လဲ၊ ပြနိုင်လား။ ပြည်သူလူထုကို လှည့်စားရင်တော့ မကောင်းဘူး။ ပြည်သူတွေ အညာမခံရဖို့ လိုတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်’’ဟု မွန်သမိုင်း သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ဆိုသည်။
မွန်ဓမ္မစေတီခေါင်းလောင်း နှင့် နဂါးမင်း မပတ်သက်နိုင်ဘဲ နဂါးမင်း ပူဇော်သည်ဆိုသည်ကို အယုံအကြည်မရှိကြောင်း၊ မွန်ရိုးရာနတ်များတွင်လည်း နဂါးမရှိကြောင်း၊ ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူနိုင်ခဲ့လျှင်လည်း ဦးစံလင်းသည် ယခင်က အကြိမ်ကြိမ် ဆယ်ယူခဲ့သူဖြစ်သဖြင့် တည်နေရာကို သိရှိနေခြင်းကြောင့်သာ ဖြစ်နိုင်ကြောင်း ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ လေ့လာသုံးသပ်သူအချို့က ဆိုသည်။
‘‘ခေါင်းလောင်းအသေးတစ်လုံးတွေ့ရင်တော့ ဇာတ်ကွက်ပဲ၊ သမိုင်းစာအုပ်တွေထဲမှာ ခေါင်းလောင်းအသေးတစ်လုံးမြုပ်တယ် ဆိုတာ မရှိဘူး။ ပုရပိုက်သေတ္တာ တွေ့တယ်ဆိုရင်လည်း လှည့်စားမှုသက်သက်ပဲ’’ဟု မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ဆိုသည်။
ခေါင်းလောင်း ရှာဖွေရေးအတွက် စေတနာထားကြသော ရဟန်းရှင်လူပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပြီး သတင်းထုတ်ပြန်ရန် နောက်ကျခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ခေါင်းလောင်းကြီးကို မကြာမီ ကုန်းပေါ်သို့ အရောက်ဆောင်ရွက်သွားမည်ဟု ဦးစံလင်းက ဆိုသည်။
ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကို ကုန်းပေါ်သို့တင်မည်ဟု ပြောထားသော နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၂၆ ရက်တွင် ခေါင်းလောင်း ရှာဖွေနေမှုကို လာရောက်ကြည့်ရှုသူ များပြားခဲ့သည်။ ထိုနေ့၌ပင် ဦးစံလင်းက တွေ့ရှိပြီဟု အတိအလင်း ပြောကြားလိုက်ခြင်းကြောင့် နောက်ရက်များ၌ ကမ်းစပ်တွင် လူပိုမိုများလာနိုင်ပြီး လာရောက်ကြည့်ရှုသူများ အန္တရာယ်မဖြစ်ရန် အုပ်ချုပ်ရေးပိုင်းက ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်။
ခေါင်းလောင်း ရှာဖွေရေးအဖွဲ့ နေထိုင်သည့် သုံးထပ်သင်္ဘောနှင့် လုပ်ငန်းခွင်ဝင်နေသော သောင်တူးသင်္ဘောတို့ ပိုမို နီးကပ်လာသည်ကို တွေ့ရပြီး သင်္ဘောနှစ်စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သောကြောင့်ဟု လာရောက်ကြည့်သူများက ထင်မြင်နေကြသည်။
သြဂုတ် ၂၆ ရက်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေ သော သောင်တူးစက်အနားသို့ စက်သမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများကို အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားကြောင်း သိရသည်။
http://www.7daydaily.com/story/19255#.U_2WRERUOc8

No comments:

Post a Comment

Note: Only a member of this blog may post a comment.