သတင်းနှင့်နည်းပညာများ

8/27/14

အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ


အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ


Photo - Dailymail
အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်ခဲ့သည့် IS စစ်သွေးကြွ အဖွဲ့ဝင်သည် ဗြိတိန်ဖွား Rap ဂီတ အဆိုတော်တစ်ဦးအဖြစ် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများက အလေးအနက် ယူဆထားကြောင်း သတင်းရရှိသည်။
အနောက်နိုင်ငံတစ်ခုမှ ထိပ်တန်းအဆင့် ထောက်လှမ်းရေး အရာရှိတစ်ဦးက အသက်(၂၃)နှစ် အရွယ်ရှိ အက်ဘ်ဒဲလ် မာဂျက် အက်ဘ်ဒဲလ် ဘာရီသည် IS အဖွဲ့က အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့် ဗီဒီယိုထဲတွင် ဖိုလေကို ခေါင်းဖြတ်ခဲ့သူဟု ယူဆနိုင်စရာ အထောက်အထားများ ရှိနေကြောင်း Fox News သို့ ပြောကြားခဲ့သည်။ ဗီဒီယိုထဲတွင် ဖိုလေကို သတ်ဖြတ်သူသည် မျက်နှာကို အဝတ်နက်များဖြင့် လွှမ်းခြုံဖုံးအုပ်ထားပြီး စကားပြောရာတွင် ဗြိတိသျှ လေယူလေသိမ်း ပီပီသသဖြင့် ပြောဆိုခဲ့သည်။
ဆီးရီးယားတွင် အစိုးရကို တော်လှန်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာချိန်တွင် ဗြိတိန်ရှိ အစ္စလာမ် လူငယ်အချို့သည် သူပုန်တပ်များထံ သွားရောက်ပူးပေါင်းခဲ့ပြီး ထို့နောက်တွင် IS တို့နှင့် ချိတ်ဆက်မိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ယခင်က ISIS ဟု လူသိများခဲ့သည့် စစ်သွေးကြွအဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေ အများအပြားကို သိမ်းယူကာ အစ္စလာမ်မစ် နိုင်ငံတော် (IS)ဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဘာရီသည် ဆီးရီးယားတွင် တော်လှန်ရေး တိုက်ပွဲဝင်ရန်အတွက် ပြီးခဲ့သည့်နှစ်က ဗြိတိန်မှ ထွက်ခွာသွားသူ ဖြစ်ကြောင်းလည်း သတင်းရင်းမြစ် အချို့၏ အဆိုကို ကိုးကားပြီး Fox News က ဖော်ပြခဲ့သည်။ IS အဖွဲ့တွင် ဗြိတိန်နိုင်ငံသား သုံးဦးထက်မနည်း ပါဝင်သည့် အဖွဲ့ခွဲတစ်ခု ရှိနေပြီး ယင်းတို့ကို The Beatles ဟု ခေါ်ဝေါ်ကြကြောင်း၊ ဘာရီသည် ၎င်းတို့အနက် တစ်ဦးဖြစ်ကြောင်း Sunday Times နှင့် Sunday People သတင်းစာများက ဖော်ပြခဲ့သည်။
ဗြိတိန်ထောက်လှမ်းရေးဌာန MI5 နှင့် MI6 တို့ အနေဖြင့်မူ ဘာရီသည် ဖိုလေကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူအဖြစ် အခိုင်အမာ လက်ခံထားသော်လည်း လူသိရှင်ကြား မှတ်ချက်မျိုး မပေးသေးဟု ဆိုသည်။ ဖိုလေသည် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလက ဆီးရီးယား မြောက်ပိုင်းတွင် ပြန်ပေးဆွဲ ခံရပြီး ပျောက်ကွယ်သွားကာ ပြီးခဲ့သည့် သီတင်းပတ်တွင်မှ ၎င်းကို သတ်ဖြတ်သည့် ဗီဒီယို အင်တာနက်ပေါ် ရောက်ရှိလာခြင်း ဖြစ်သည်။
ဗြိတိန်ထောက်လှမ်းရေး အဖွဲ့အစည်းများက ဘာရီနှင့်အတူ လှုပ်ရှားနေသည့် IS အဖွဲ့ဝင်များအဖြစ် ဘာမင်ဂမ်မှ အသက်(၂၀)အရွယ် အဘူဟူစိန်အယ်လ် ဘရစ်တာနီ၊ ဟမ့်ရှိုင်းယားမှ အသက်(၂၃)နှစ်အရွယ် အဘူ အက်ဘ်ဒူလာ အယ်လ် ဘရစ်တာနီတို့ကိုလည်း ဖော်ထုတ် သိရှိထားကြောင်း သိရသည်။ Daily Mail က IS တို့ကြားတွင် ၎င်းတို့ကို ဂျွန်၊ ဂျော့ဂ်ျနှင့် ရင်ဂိုဆိုသော အမည်ဝှက်များဖြင့် လူသိများကြောင်းလည်း ဖော်ပြခဲ့သည်။
Daily Mail ၏ အဆိုအရ Beatles တို့သည် ဥရောပ နိုင်ငံများထံမှ ပေးချေခဲ့သည့် ပြန်ပေးငွေ အမြောက်အမြား ရှိနေပြီးနောက် ကူဝိတ်၊ သို့မဟုတ် ကာတာ တစ်နိုင်ငံတွင် အခြေချ အနားယူနိုင်လောက်အောင် ကြွယ်ဝနေပြီဟု ကြွားဝါလေ့ ရှိကြောင်းလည်း သိရသည်။ ဗြိတိန်နှင့် အမေရိကန်တို့တွင် အကြမ်းဖက် အဖွဲ့အစည်းများ တောင်းဆိုသည့် ငွေကြေးကို ပေးချေသည့် မူဝါဒမျိုး မရှိသော်လည်း အခြားဥရောပ နိုင်ငံများတွင် ယင်းသတ်မှတ်ချက်မျိုး ပြဋ္ဌာန်း မထားချေ။
IS တို့သည် ဖိုလေအပြင် အခြား အမေရိကန် ဓားစာခံ သုံးဦးမျှကို ဖမ်းဆီးထားသည်ဟု ယူဆရပြီး ယင်းတို့အနက် တစ်ဦးသည် စတီဗန် ဆော့လော့ဖ်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဂျွန်ဟု အမည်ဝှက် ပေးထားသည့် စစ်သွေးကြွက ဖိုလေကို ခေါင်းဖြတ် သတ်ဖြတ်သည့် ဗီဒီယိုအတွင်း ဖော့လော့ဖ်၏ ပုံရိပ်ကို ဖော်ပြခဲ့ပြီး အမေရိကန်၏ အပြုအမူများအပေါ် မူတည်က ဆော့လော့ဖ်၏ ကံကြမ္မာကို ဆုံးဖြတ်သွားမည်ဟု ခြိမ်းခြောက်သွားခဲ့သည်။
_Ref: Fox News
http://7daydaily.com/story/19153#.U_3G6ERUOc8

No comments:

Post a Comment

Note: Only a member of this blog may post a comment.