သတင်းနှင့်နည်းပညာများ

12/14/13

မြန်မာ-ထိုင်း ဘောလုံးပွဲလက်မှတ်တစ်စောင် ကျပ်လေးသောင်းခွဲပေါက်



မြန်မာ-ထိုင်း ဘောလုံးပွဲလက်မှတ်တစ်စောင် ကျပ်လေးသောင်းခွဲပေါက်
----------------------

ရန်ကုန်- မြန်မာ-ထိုင်းဘောလုံးပွဲစဉ်လက်မှတ်များမှာ မှောင်ခိုဈေးကွက်တွင် အထူးတန်းတစ်စောင်လျှင် ကျပ်လေးသောင်းခွဲထိ ဈေးပေါက်နေပြီး မှောင်ခိုဈေးကွက်အပေါ် ဘောလုံးအဖွဲ့ချုပ်က ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် မြန်မာနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပြိုင်ပွဲလက်မှတ်များကို ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိနေရာ လေးနေရာတွင် ရောင်းချခဲ့ရာ တစ်နာရီကျော်မှာပင် လက်မှတ်များကုန်သွားခဲ့သည်။

ထို့ကြောင့် သတ်မှတ်ထားသည့်လက်မှတ်စောင်ရေတစ်သောင်းထက် စောင်ရေလေးထောင်ခန့် ထပ်မံရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ ဒါရိုက်တာဦးရဲမျိုးဟိန်းကပြောသည်။ သို့သော် အဆိုပါလက်မှတ်များမှာ ပြင်ပမှောင်ခိုသမားအများစုထံ ရောက်ရှိသွားပြီး လက်မှတ်တစ်စောင်လျှင် ပုံမှန်ရောင်းချသော ဈေးထက် ၁၁ ဆ မြင့်တက်သွားခဲ့သည်။ ဘောလုံးပွဲအထူးတန်းလက်မှတ်တစ်စောင်လျှင် လေးထောင်ကျပ်၊ ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် နှစ်ထောင်ကျပ် သတ်မှတ်ထားသည်။

“မနက် ၁၀ နာရီ ရောင်းမယ်ဆိုလို့ လက်မှတ်လာဝယ်ပါတယ်။ တန်းစီမယ်မကြံသေးဘူး လက်မှတ်ကုန်ပြီတဲ့။ အဲဒါနဲ့ မှောင်ခိုသမားဆီက တစ်စောင်တစ်သောင်းနဲ့ ၀ယ်လာခဲ့ရတယ်”ဟု သုဝဏ္ဏအားကစားရုံသို့ ရိုးရိုးတန်းလက်မှတ် လာရောက်ဝယ်ယူသူတစ်ဦးကပြောသည်။

“မှောင်ခိုဆိုတဲ့ဟာမရှိအောင် လက်မှတ်တွေကို မှတ်ပုံတင်တစ်ခုကို နှစ်စောင်နှုန်းပဲ ရောင်းတာပဲ။ အဲဒီထက်လည်း ပိုရောင်းခဲ့တာမရှိပါဘူး။ သုံးလေးယောက်လောက်တန်းစီပြီး လာဝယ်ရင်တော့ ကျွန်တော်တို့လည်းမတတ်နိုင်ဘူး”ဟု ဦးရဲမျိုးဟိန်းကပြောသည်။

အဆိုပါမှောင်ခိုလက်မှတ်နှုန်းများမှာ စတင်ရောင်းချသည့်အချိန်တွင် ပုံမှန်လက်မှတ်ခနှုန်းထားနှင့် ကွာဟမှုမရှိသော်လည်း ပွဲစဉ်လက်မှတ်များ ထပ်မံရောင်းချရန်မရှိတော့ဘဲ ကုန်ဆုံးသွားပြီဟု ကောလာဟလများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဈေးနှုန်းများအဆမတန်မြင့်တက်ကာ ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် ကျပ်လေးသောင်းနှင့် အထူးတန်းလက်မှတ်တစ်စောင်လျှင် ကျပ်ငါးသောင်းထိရှိခဲ့ကြောင်း မှောင်ခိုဈေးကွက်များထံမှ သိရသည်။

မှောင်ခိုဈေးကွက်တွင် လက်မှတ်ဝယ်ခဲ့သူတစ်ဦးက “ကိုယ်ကတန်းစီဝယ်ဖို့ အချိန်မပေးနိုင်လို့ မှောင်ခိုမှာသွားဝယ်တော့ အထူးတန်းကို လေးသောင်းခွဲတဲ့။ ကိုယ့်မြန်မာအသင်းကို အားပေးချင်လို့သာ ၀ယ်ခဲ့ရတယ်။ မတန်လိုက်တာ၊ တာဝန်ရှိသူတွေအနေနဲ့ တကယ့်ပရိသတ်တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ရအောင် စီစဉ်ပေးသင့်တယ်”ဟု ပြောသည်။

အဆိုပါမှောင်ခိုဈေးကွက် ဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ကျန်ရှိနေသည့် လက်မှတ်စောင်ရေ ၆၀၀၀ ကို မှတ်ပုံတင်တစ်ခုလျှင် လက်မှတ်တစ်စောင်နှုန်းဖြင့် ပြန်လည်ပြင်ဆင်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ရောင်းချခဲ့သော ပွဲစဉ်လက်မှတ်များကို ရန်ကုန်မြို့ရှိ နေရာလေးနေရာတွင် ခွဲဝေရောင်းချခဲ့ပြီး လက်မှတ်အရောင်းဌာနတစ်ခုလျှင် ပျမ်းမျှလူဦးရေနှစ်သောင်းခန့် လာရောက်ဝယ်ယူခဲ့သော်လည်း လက်မှတ်အရေအတွက် စုစုပေါင်း ၁၄၀၀၀ ခန့်သာ ရောင်းချပေးနိုင်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.