ဥက္ကံပဋိပက္ခတွင် ပါဝင်ခဲ့သူရှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ်စီ အမိန့်ချ
ဥက္ကံ၊ မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် လွန်ခဲ့သော ၁၁ လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ပနီပင် ကျေးရွာအုပ်စု ကျွဲပုန်းလေး ကျေးရွာမှ အမျိုးသား ခုနစ်ဦးကို တိုက်ကြီး မြို့နယ်တရားရုံးက မတ်လ ၁၃ နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
အမိန့်ချခံရသူများမှာ ပနီပင်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူ ကိုသန်းအောင်၊ အသက် ၂၇ နှစ်အရွယ် ကိုသက်ဇော်ထွန်း၊ အသက် ၃၀ အရွယ် ကိုဇော်ထိုက်၊ အသက် ၃၅ နှစ်အရွယ် ကိုရန်နိုင်စိုး၊ အသက် ၄၀ အရွယ် ကိုဝင်းဇော်နှင့် ကိုလင်းသူအောင်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀/၁၄၉ အရ ထောင်ဒဏ်ငါးနှစ် ကျခံစေရန်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၁၄၉ အရ ခုနစ်နှစ်ဖြင့် အဆိုပါပုဒ်မ နှစ်ရက်ပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
“ထောင်ချခံရသူတချို့ ပဋိပက္ခမှာ မပါမှန်းသိလျက်နဲ့ ထောင်ချခံရတာမျိုးက နစ်နာပါတယ်။ ဘာပဲဖြစ်ဖြစ် တရားကို နတ်စောင့်တယ်” ဟု ထောင်ဒဏ်ခုနစ်နှစ် ကျခံရသူ ကိုသန်းအောင်၏ဖခင် ပနီပင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ပြောကြားသည်။
အဆိုပါ ပဋိပက္ခနှင့် ပတ်သက်၍ ပနီပင် ကျေးရွာနေသူ ရှစ်ဦး၊ ဗန္ဓုလ ရပ်ကွက်တွင် နေသူနှစ်ဦး၊ ဥယျာဉ်ကြီး ကျေးရွာနေသူ နှစ်ဦး၊ မီးနင်းကံကုန်း ကျေးရွာတွင် သုံးဦးနှင့် ယခု ကျွဲပုန်းလေးကျေးရွာမှ ခုနစ်ဦး အပါအဝင် စုစုပေါင်း ၂၂ ဦးကို အမိန့်ချမှတ်ခဲ့ပြီး ဥက္ကံမြို့တွင် နေထိုင်သူ ၆၃ ဦးကို တရားရုံးက ဖမ်းဝရမ်း ထုတ်ထားကြောင်း တိုက်ကြီးမြို့နယ် တရားရုံးထံမှ သိရှိရသည်။
ဥက္ကံမြို့တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကိုရင်လေးနှင့် အမျိုးသမီးတို့ တိုက်မိပြီး ဆွမ်းသပိတ်ကျကာ အဖုံးကွဲရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မီးလောင်ဖျက်ဆီးမှု များကြောင့် နေအိမ် ၈၁ လုံး၊ ဗလီတစ်လုံး၊ စာသင်ကျောင်းတစ်ခုနှင့် ဥက္ကံမြို့ပေါ် ဆိုင်ခန်း ၅၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပြီး လူတစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
The Voice Weekly
No comments:
Post a Comment
Note: Only a member of this blog may post a comment.