သတင်းနှင့်နည်းပညာများ

2/19/14

အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့်

အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့် 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့မှုကြောင့် တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးနှင့် အမျိုးသားကြီး တစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အမျိုးသမီးငယ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တစ်ရပ်ကွက်တည်းနေသူ အသက် ၂၀ အရွယ် မသဲသဲက အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဆိုကာ အတူတူ အလုပ်လုပ်ရန် ပြောဆိုပြီး ဗိုလ်တထောင်ဘုရားသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ခေါ်ဆောင်သူ အမျိုးသမီးက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အသက် ၄၀ အရွယ် ဦးဝင်းနိုင် မောင်းလာသော မော်တော်ယာဉ်ဖြင့် ၎င်းတို့နှင့်အတူ လိုက်ပါခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခုရှိ ရှစ်ထပ်တိုက်၊ ငါးလွှာသို့ ရောက်ရှိကာ အခန်းတံခါး သော့ပိတ်ခံရကြောင်း အဆိုပါ အမျိုးသမီးငယ်က ၎င်း၏ မိခင်ကို ပြောပြချက်များအရ သိရှိရသည်။

ယင်းနောက် ၎င်းသည် ရက် ၂၀ ခန့်က ပျောက်ဆုံးနေသော အသက် ၁၇ နှစ်အရွယ် ၎င်း၏ ညီမဝမ်းကွဲကို ပြန်လည် တွေ့ရှိပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်း ခံနေရသည်ကိုပါ တွေ့ရှိရကြောင်း၊ ဦးဝင်းနိုင် ဆိုသူက ၎င်း၏ယာဉ်ဖြင့် တည်းခိုခန်း၊ ဟိုတယ်ခန်းများသို့ လိုက်လံ ပို့ဆောင်ကြောင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသည်ကို အမျိုးသမီးငယ်က ငြင်းဆန်ကာ အခန်း၏ အရေးပေါ်လှေကား ထွက်ပေါက်မှ ထွက်ပြေး လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ ၎င်း၏မိခင်က ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့မရဲစခန်းထံ တိုင်ကြားခဲ့သည်။
“ကောင်မလေးကို ခေါ်သွားတဲ့ နေရာတွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ စုံစမ်းနေပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွင် တာဝန် ထမ်းဆောင်နေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အမျိုးသမီးငယ်ကို ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်း၍ အခန်းတွင်း ပိတ်လှောင် ချုပ်နှောင်ခဲ့သူ မသဲသဲနှင့် ဦးဝင်းနိုင်တို့ကို (ပ) ၅၆/၁၄၊ ပုဒ်မ ၃၇၂/၃၄၁/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.