Apple ဝန်ထမ်းဟောင်းများ တည်ထောင်ခဲ့သော အကောင်းဆုံး ကုမ္ပဏီ (၉) ခု
Submitted by ij_editor on
ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီသည် iPhone နှင့် iPad ကဲ့သို့သော နာမည်ကျော် ထုတ်ကုန်များနှင့် အောင်မြင်မှု ရရှိနေသလို ကုမ္ပဏီမှ ထွက်ခွာသွားခဲ့သည့် Apple ဝန်ထမ်းဟောင်းများကလည်း ၎င်းတို့၏ တီထွင်ဆန်းသစ်သော စိတ်ကူးသစ်များဖြင့် ကုမ္ပဏီများ တည်ထောင်ခဲ့ကြသည်။ ထို့ကြောင့် Apple ဝန်ထမ်းဟောင်းများ တည်ထောင်ခဲ့သော အကောင်းဆုံး ကုမ္ပဏီ (၉) ခုကို ဖော်ပြလိုက်ပါသည်။
Stir Kinetic desk
iPod Engineering အဖွဲ့၏ အစောဆုံး အဖွဲ့ဝင်ဖြစ်သူ ဂျေပီလာဘရိုစီ တည်ထောင်ခဲ့သော Stir Works ကုမ္ပဏီက ထုတ်လုပ်သော တီထွင်ဆန်းသစ်သည့် ကွန်ပျူတာသုံး စားပွဲဖြစ်သည်။ မော်တာဖြင့် အသုံးပြုနိုင် သည့် အဆိုပါ စားပွဲသည် touch screen တစ်ခုဖြင့် စားပွဲ အနိမ့်အမြင့်ကို ချိန်ညှိနိုင်သည်။ ထို့အပြင် အဆိုပါ စားပွဲမှတစ်ဆင့် iPhone, iPad တို့ကိုလည်း အားသွင်းနိုင်သည်။ စားပွဲတွင် ထိုင်ပြီးအသုံးပြုသည့် အချိန်နှင့် မတ်တပ်ရပ်ပြီး အသုံးပြုသည့် အချိန်များကိုလည်း ခြေရာခံပေးနိုင်သည်။ ဒီဇိုင်းမှာ နှစ်သက်စဖွယ်ဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃,၈၉၀ ဖြစ်သည်။
SITU
SITU သည် အစားအသောက်နှင့် ပတ်သက်၍ အဆီ၊ ကယ်လိုရီ စသည်တို့ကို တိုင်းတာပေးနိုင်သော ထုတ်ကုန်ဖြစ်သည်။ ၎င်းသည် တိုင်းတာထားသော အစားအသောက် အချက်အလက်ကို Bluetooth မှတစ်ဆင့် iPad ထံ ပေးပို့သည်။ ၎င်းအကြံဉာဏ်ကို Apple ဝန်ထမ်းဟောင်း မိုက်ကယ်ဂရော့သပ်စ်က ကုမ္ပဏီ၏ Macs ကော်ဖီဆိုင်တွင် နေ့လည်စာစားရင် ရရှိခဲ့ရာမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၎င်းထုတ်ကုန်သည် Kickstarter တွင် အောင်မြင်မှု ရရှိခဲ့ပြီးနောက် အမှာစာများ လက်ခံနေပြီဖြစ်သည်။
Path
Path သည် Apple ၏ ဈေးကွက်ရှာဖွေရေးဌာနမှ ဒေ့ဗ်မိုရင်ဆိုသူက တည်ထောင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ အဆိုပါ ကုမ္ပဏီ၏ Patch ဓာတ်ပုံဝေမျှခြင်းနှင့် messaging app ကို မိုဘိုင်းထုတ်ကုန်များအတွက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ဖြန့်ချိခဲ့သည်။ သို့သော်လည်း သုံးစွဲသူများ မသိရှိဘဲ ဖုန်းနံပါတ်များကို ရယူခဲ့သောကြောင့် အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က တောင်းပန်မှုများ ပြုလုပ်ခဲ့ကာ လုပ်ငန်းစဉ်များကို ပြောင်းလဲခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပါ ဖြစ်ရပ်အတွက် FTC က ဒဏ်ကြေး ဒေါ်လာ ၈၀၀,၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ Path သည် ဒီဇိုင်းကောင်းမွန်ပြီး contact ၁၅၀ အထိ ထည့်သွင်းကာ အခြား လူမှုရေးကွန်ရက်များထံ ဝေမျှနိုင်သည့် app ဖြစ်သည်။
CENTR
ဆန်ဖရန်စစ္စကို အခြေစိုက် CENTR ကုမ္ပဏီကို Apple ၏ camera engineering ကို ဦးဆောင်သူ ပေါလ်အေလီယိုရှင်းနှင့် Apple ဝန်ထမ်းဟောင်း ဘီလ်ဘန်တာတို့က တည်ထောင်ခဲ့သည်။ ၎င်းကုမ္ပဏီက ထုတ်လုပ်သည့် CENTR ကင်မရာသည် သေးငယ်သော panoramic ဗီဒီယိုကင်မရာတစ်ခု ဖြစ်သည်။ Kickstarter တွင် ဒေါ်လာ ၉၀၀,၀၀၀ ရရန် မျှော်မှန်းချက် အခက်ရှိနေသော်လည်း ပရောဂျက်ကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ကုမ္ပဏီက ပြောကြားထားသည်။
Inkling
iPad ကို မိတ်မဆက်မီ ၂၀၀၉ ခုနှစ်က စိတ်ကူးခဲ့သည့် ကျောင်းသုံးစာအုပ်များ ပြောင်းလဲပစ်ရေး အကြံအစည်ကို Apple ဝန်ထမ်းဟောင်း မတ်မက်ခ်အင်းနစ်က အကောင်အထည်ဖော်ခဲ့သည်။ ၎င်းသည် ၂၀၁၄ ခုနှစ်တွင် တီထွင်ဆန်းသစ်မှု အရှိဆုံး ကုမ္ပဏီများစာရင်းတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ ထို့အပြင် Inkling Android ဗားရှင်းကို ၂၀၁၄ ခုနှစ် ဧပြီလတွင် ဖြန့်ချိပေးခဲ့သည်။
Nest Labs
iPod ကို ဖန်တီးသူများအနက်မှ တစ်ဦးဖြစ်သော တိုနီဖက်ဒယ်က လှပပြီး နှစ်လိုဖွယ်ကောင်းသော အိမ်သုံး စမတ်ထုတ်ကုန်တစ်မျိုးဖြစ်သည့် Nest ကို ဖန်တီးခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် Nest Labs ကို Google က အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။ သို့သော်လည်း Nest Labs သည် ဆက်လက် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ဝန်ထမ်းဦးရေ ၄၆၀ ကျော် ရှိလာခဲ့သည်။
Flipboard
Flipboard ကုမ္ပဏီကို Apple iPhone အင်ဂျင်နီယာဟောင်း အီဗန်ဒေါလ်နှင့် မိုက်ခ်မက်ကူးတို့က ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Android, Windows 8, BlackBerry 10, iOS operating system တို့တွင် ဘာသာစကား ၂၀ ဖြင့် အသုံးပြုနိုင်သည့် Flipboard app သည် လူမှုရေးမီဒီယာနှင့် အခြားသော ဝက်ဘ်ဆိုက်များမှ content များကို စုဆောင်းပြီး မဂ္ဂဇင်းပုံစံဖြင့် ဖော်ပြပေးသည်။
Cooliris
ရင်းမြစ်အများအပြားဆီမှ ဓာတ်ပုံများကို ရှာဖွေခြင်း၊ ကြည့်ရှုခြင်း၊ ဝေမျှခြင်းတို့ကို ပြုလုပ်ပေးနိုင်သည့် မိုဘိုင်း app ဖြစ်သည်။ iPhoto ကို ဖန်တီးခဲ့သူ အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် အော်စတင်ရှုးမေကာက ၂၀၀၆ ခုနှစ် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် Google က Cooliris ကို Android operating system အသုံးပြု စမတ်ဖုန်း သန်း ၄၀ ကျော်တွင် native photo application အဖြစ် အသုံးပြုထားသော Android Gallery တွင် ထည့်သွင်းခဲ့သည်။
Loop Pulse
Apple နှင့် ၆ နှစ်ကြာ လက်တွဲခဲ့သည့် သောမက်စ်ပွန်ဆိုသူက ClioneLabs ဟူသော ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ကုမ္ပဏီ၏ ပထမဦးဆုံး ထုတ်ကုန်ဖြစ်သော Loop Pulse သည် အရောင်းဆိုင်များ က ဈေးဝယ်လာသူ အရေအတွက်၊ ရောင်းချမှုနှုန်း၊ ဈေးဝယ်သူတို့၏ အပြုအမူများ စသည်တို့ကို စုဆောင်းကာ လေ့လာဆန်းစစ်ပြီး ဖော်ပြပေးနိုင်သည်။ ၎င်းကို ဆန်ဖရန်စစ္စကိုရှိ နည်းပညာ ကုမ္ပဏီများနှင့် ဟောင်ကောင်ရှိ ဈေးအရောင်းဆိုင်များက နှစ်ခြိုက်စွာ အသုံးပြုကြသည်။
http://internetjournal.com.mm/content/14050
http://internetjournal.com.mm/content/14050
No comments:
Post a Comment
Note: Only a member of this blog may post a comment.