သတင်းနှင့်နည်းပညာများ

12/23/13

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ မြန်မာနှင့် ဖိလစ်ပိုင် အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည်

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ မြန်မာနှင့် ဖိလစ်ပိုင် အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အာရှ ဘောလုံးအဖွဲ့ချုပ် (AFF) က ဦးဆောင်၍ ၂ နှစ်တစ်ကြိမ် ကျင်းပသည့် ၂၀၁၆ ခုနှစ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲ (ခြေစစ်ပွဲစဉ်များမှအပ ကျန်ပွဲစဉ်) များကို မြန်မာနှင့် ဖိလစ်ပိုင်တို့က အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၂ ရက်နေ့ကသတင်းထုတ်ပြန်လိုက်သည်။

ယင်းပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် အိမ်ရှင် နိုင်ငံအဖြစ် ရွေးချယ် သတ်မှတ်ရန် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က လျှောက်ထား ခဲ့ပြီး မြန်မာနိုင်ငံက ကိုးမဲ၊ ဖိလစ်ပိုင်က ခြောက်မဲ၊ အင်ဒိုနီးရှားက လေးမဲ ရရှိခဲ့သောကြောင့် မဲအများဆုံးရသည့် မြန်မာနှင့် ဖိလစ်ပိုင်တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆူဇူကီးဖလား၏ ပထမအဆင့် ခြေစစ်ပွဲစဉ်များကို ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပမည်ဖြစ်၍ မြန်မာနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ဘောလုံးအသင်းများမှ လွဲ၍ သြစတြေးလျနိုင်ငံ အပါအဝင် ကျန်အာဆီယံ နိုင်ငံများက ဘောလုံး အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊ မြန်မာနှင့် ဖိလစ်ပိုင် အသင်းများမှာ အုပ်စုပွဲစဉ်များမှ စတင်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှားနှင့် ထိုင်းနိုင်ငံတို့က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၁၂ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲကို မြန်မာအသင်း ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အသင်းတိုနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး သရေတစ်ပွဲသာ ရရှိခဲ့၍ အုပ်စုအဆင့်ကပင် ထွက်ခွာခဲ့ရပြီး စင်ကာပူအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ ရရှိခဲ့သည်။

စင်ကာပူနှင့် ဗီယက်နမ်တို့က အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားသော ၂၀၁၄ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲကို မြန်မာအသင်း ပါဝင်ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.