ဆီးဂိမ်း ဘိလိယက် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင်
စင်ကာပူနိုင်ငံသားကမ်္ဘာ့ချန်ပီယံ Peter Edward ကို ရှုံးနိမ့်ခဲ့သော်လည်း သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့သောကြောင့်
ယင်းအရှုံးအား လက်ခံနိုင်ကြောင်း၊
မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦးက ပြောသည်။
“...နိုင်မယ်လို့တော့မမျှော်လင့်ထားပါဘူး။ ၅၀ - ၅၀ပဲ။
သူကလည်း ကိုယ့်ထက်အတွေ့ကြုံအများကြီးရှိ တဲ့သူပါ။ ဒီနှစ်အောက်တိုဘာကမှ ကမ္ဘာ့ချန်ပီယံဖြစ်ထားတာ။
သူကစားလာတဲ့ပွဲတွေအားလုံးကို ပွဲပြတ်တွေပဲထိုးသွားတယ်။ ကျွန်တော်နဲ့ကစားတော့၂-၁ နဲ့ ဦးဆောင်ထိုးနေတဲ့အချိန်မှာ
နိုင်ပြီလို့ထင်ခဲ့တယ်။
ပြန်ရှုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။
အကောင်းဆုံး ယှဉ်ပြိုင်နိုင်တဲ့အတွက်ဝမ်းသာပါတယ်။
ပြိုင်ပွဲတစ်ခုမှာ အနိုင်အရှုံးကတော့ ရှိမှာပဲလေ။
ဒါပေမယ့်...ကိုယ့်လက်ရည်ကို အဆင့်အတန်းကိုပြနိုင် တဲ့အတွက် ဂုဏ်ယူပါတယ်...” ဟု
နေသွေးဦးက ဆိုသည်။
ရွှေဆုရမည်ဟုမျှော်မှန်းထားသော
ဘိလိယက် တစ်ဦးချင်းနောက်ဆုံးပြိုင်ပွဲများကို ဒီဇင်ဘာ၂၀ရက်ကကျင်းပခဲ့ရာ
မြန်မာမှ အောင်ဆန်းဦးသည်..
ကွာတားတွင် ဗီယက်နန်ကို ၃-၁ နှင့်နိုင်ပြီး၊
စင်ကာပူမှ Peter Edward ကို ၃-၀ ဖြင့် ဆီမီးတွင် ရှုံးနိမ့်သဖြင့်
ဖိုင်နယ်မတက်နိုင်သော်လည်း၊
နေသွေးဦးသည် အင်ဒိုနီးရှား နှင့် ထိုင်းမှ Praput ကို ပွဲပြတ် ကစား၍ ဖိုင်နယ်တွင် ယခုနှစ်ကမ္ဘာ့ချန်ပီယံ Peter Edward ကို ၂-၃ ရလဒ်ဖြင့် ရှုံးခဲ့သောကြောင့် ငွေဆုနှင့်သာ ကျေနပ်လိုက်ရသည်။
၂၇ ကြိမ်မြောက်ဆီးဂိမ်း၌ ဘိလိယက်ကစားနည်း တစ်မျိုးတည်း တွင်
နေသွေးဦးကရွှေ ၁၊ ငွေ ၃ ရယူပေးနိုင်ခဲ့သည်။
သီးခြားဆုကြေးချီးမြှင့်မှုနှင့် ပတ်သက်၍
“Gold Camp ကိုစရောက်ပြီးကတည်းက အား/ကာကပဲ အားလုံး
စီစဉ်ပေးပါတယ်။ အဖွဲ့ချုပ်က ထောက်ပံ့ပေး မှုအပိုင်းကတော့၊ ကျွန်တော်တို့နဲ့ အနေဝေးသွားပြီး ပုံမှန်ရတဲ့ ဘိလိယက် ကစားသမားဆို
ခြောက် သောင်း၊ စနူကာသမားဆိုငါးသောင်းပေးတဲ့
ထောက်ပံ့ကြေးတွေတော့ ပုံမှန်ရပါတယ်။
အဖွဲ့ချုပ် က နေပြည်တော်လာတဲ့အခါ လူငယ်ကစားသမားတွေကလည်း
မေးကြတယ်။ကျွန်တော်တို့လည်း ကြိုးစားချင်တော့မေးတယ်ဗျာ။ ကစားသမားတွေအားရှိအောင် အခြားကစား နည်းတွေက
ရွှေ ရရင်၂၀၀၊ ၃၀၀ ပေးကြတယ်ဆိုတော့ ကျွန်တော်တို့လည်း မေးခဲ့တယ်ဗျာ။
အဲ့ဒီအပေါ် အဖွဲ့ချုပ်က ကစားသမားတွေ ဖိအားများမှာကြောင့်လို့ထင်တယ်။ မပြောခဲ့ဘူး။ နောက်ပိုင်း ရွှေရရင်သိန်း ၅၀ ထက်မနည်း ဆုပေးမယ်လို့ ပြောခဲ့တယ်။
ပြီးခဲ့တဲ့ ဘိလိယက်အဖွဲ့လိုက်မှာ ရွှေစရတော့ ..
ဥက္ကဋ္ဌက တစ်ယောက် တစ်သိန်းချီးမြှင့်တယ်။
အဲ့ဒီလိုပဲ၊ ရွှေရခဲ့တဲ့ ဘိလိယက်အဖွဲ့ကို
၂၆ ကြိမ်မြောက်တုန်း က စနူကာနည်းပြအနေနဲ့လိုက်ပါဆောင်ရွက်ပေးဖူးတဲ့
ကိုကျော်နိုင်ဦးက ၁၀သိန်းနဲ့ မေဟွားရဲ့ ဘိလိယက်ကလပ် ဥက္ကဋ္ဌ
ဆရာဦးသိန်းဇော်က ၁၀ သိန်း ဆုချပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်ငွေထဲက ကျွန်တော်တို့ကိုစေတနာရှိသလောက်ဆုချတယ်ဆိုတော့ ကျေးဇူးတင်ပါတယ်
အခွင့်ရေးရှိရင်တော့ အဆင်ပြေရင်တော့
နိုင်ငံတော်အတွက်လည်း ဆုတွေယူပေးချင်ပါတယ်။
အဆင်မပြေရင်တော့ ဆက် မကစားဘူးပေါ့ဗျာ။
ရွှေလေးခုပေးခဲ့တဲ့အပေါ် တစ်ခုပဲယူပေးနိုင်ခဲ့တာတော့ ကိုယ့်ကိုယ်ကိုနည်းတယ် လို့ထင်တယ်။ ဒါပေမယ့် ကမ္ဘာ့ချန်ပီယံကို သူတင်ကိုယ်တင်ကစားပြီးရှုံးသွားတာကိုတော့ လက်ခံပါ တယ်”ဟု ဆိုသည်။
ဘိလိယက်ကစားနည်း အောင်မြင်စေရန်
အားကစားဝန်ကြီးဋ္ဌာနက ကမ္ဘာ့အကောင်းဆုံးဟုဆိုနိုင်သည့်
အင်္ဂလန်မှ မက်ရာဆယ်နှင့်
မြန်မာဘိလိယက်ကို ရွှေရအောင်သင်ပြပေးနိုင်ခဲ့သည်ဟုဆိုနိုင်သော
အိန်္ဒိယမှ နုစကိုသာရီ လာရောက်သင်ပေးခဲ့ဖူးသည်။
Mizzima News

No comments:
Post a Comment
Note: Only a member of this blog may post a comment.