သတင်းနှင့်နည်းပညာများ

12/23/13

မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျူးကျော်သည်ဟုဆိုကာ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းကာ အိန္ဒိယအစိုးရကို ဆန္ဒပြမည်

မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျူးကျော်သည်ဟုဆိုကာ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းကာ အိန္ဒိယအစိုးရကို ဆန္ဒပြမည်

23.12.2013

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် တမူးခရိုင်၊တမူးမြို့နယ်နှင့် အန္ဒိယနိုင်ငံ၊ချန်တွယ်ခရိုင်၊မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့အကြားရှိ နှစ်နိုင်ငံနယ်နိမိတ်မပြီးပြတ်သေးသော မှတ်တိုင်ကိုးခုအနီးတွင် အိန္ဒိယအစိုးရဘက်မှနယ်မြေကျူးကျော်လျက် အဆောက်အဦများ ဆောက်လုပ်နေသည်ဟုဆိုကာ တမူးလူငယ်ကွန်ယက်နှင့်အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်တို့ပူးပေါင်း၍ ဒီဇင်ဘာ(၂၄)ရက်နေ့တွင် အိန္ဒိယအစိုးရကို ဆန္ဒပြမည်ဖြစ်ကြောင်းသိရသည်။

” BP 77 နှင့် BP 79 မှတ်တိုင်ကြားမှာ အိုင်စီပီ (Integrated Check Post) ရုံးဆောက်ဖို့ဆိုပြီး မြေတွေတူးဖော်သယ်ဖို့လုပ်နေကြပါတယ်။ အိန္ဒိယ ဗဟိုအစိုးရရဲ့ ညွှန်ကြားမှုနဲ့လုပ်ပါတယ်ဆိုပြီး အိန္ဒိယစစ်တပ်ဖက်က အာသံရိုင်ဖယ်တပ်ရင်း(၉) တပ်ရင်းမှူးကပြောပါတယ်။ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေက ကန့်ကွက်မှု အကြိမ်ကြိမ်ပြုလုပ်ပေမယ့် အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမယ့်အပြုအမူတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ဒါကြောင့် ကျွန်တော်တို့ အထက် ချင်းတွင်း ဒေသလူငယ်များကွန်ယက်၊ တမူးလူငယ်ကွန်ယက်နှင့် အရပ်ဘက် အဖွဲ့အစည်းတွေပူးပေါင်းပြီး အိန္ဒိယဘက်က ကျုးကျော်မှု ရပ်တန့်တဲ့အထိ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်ပါတယ် ” ဟု အထက်ချင်းတွင်း ဒေသလူငယ်များကွန်ယက်မှ ကိုကျော်သက်ဝင်းကပြောသည်။

” မြန်မာနိုင်ငံနယ်နိမိတ်အတွင်းကို ကျူးကျော်တာဟုတ်၊ မဟုတ်ဆိုတာကို ကျွန်တော်တို့ သေသေချာချာလေ့လာပြီးပါပြီ။ ကျူးကျော်တာ သေချာပါတယ်။ ဒီလိုပဲ မြန်မာ့မြေကို တတိတိခိုးနေတာ တမူးမြို့မှာနေထိုင်တဲ့ ကျွန်တော်တို့ အဘိုးအဘွားတွေကပိုသိပါတယ်။ ကျွန်တော်တို့လက်ထက်မှာမှ မတားနိုင်ရင် နောင်ဆို တမူးခရိုင်ဟာ မိုးရေးခရိုင်ဖြစ်သွားလိမ့်မယ်” ဟု တမူးလူငယ် ကွန်ယက်မှ ကိုယဉ်ကိုဦးကပြောသည်။ ဆန္ဒဖော်ထုတ်ပွဲကို လူအင်အား(၁၅၀)ခန့်ဖြင့် တမူးမြို့၊ နန်းဖာလုံဈေးမှ တမူးမြို့လယ်ထိလမ်းလျှောက် ချီတက်ကြမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရဘက်မှ မရပ်တန့်ပါက ဒီဇင်ဘာ(၂၇)ရက်နေ့၌ ကလေးမြို့တွင်လည်းကောင်း၊ မင်းကင်းမြို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးရှေ့ထိ သွားရောက်ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း အထက်ချင်းတွင်းလူငယ်များကွန်ယက်မှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာ-အိန္ဒိယနယ်စပ်အခြေအနေအား ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကလေးမြို့သို့ရောက်ရှိစဉ် အထက်ချင်းတွင်းဒေသ လူငယ်များကွန်ယက်မှ တင်ပြထားပြီး ဖြစ်ကြောင်းလည်းသိရသည်။ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရထားပြီးဖြစ်ကြောင်း၊အိန္ဒိယအစိုးရသည် အိုင်စီပီရုံးအဆောက်အဦ ဆောက်လုပ်မှုကို ၂၀၁၃၊ဒီဇင်ဘာ(၇)ရက်မှ စတင်ဆောက်လုပ်နေကြောင်း၊ မြန်မာအစိုးရဘက်မှ ကန့်ကွက်သဖြင့် (၉.၁၂.၂၀၁၃)ရက်နေ့ တွင်ခေတ္တရပ်ဆိုင်း ခဲ့သော်လည်း ဒီဇင်ဘာ(၁၂)ရက်နေ့မှပြန်လည် စတင်လုပ်ကိုင်နေကြောင်းသိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

No comments:

Post a Comment

Note: Only a member of this blog may post a comment.