လူပေါင်း ၁၁၀ ကျော်လိုက်ပါလာသည့် အယ်ဂျီးရီးယားလေယာဉ် မာလီနိုင်ငံပေါ်၌ ပျောက်ဆုံး
စပိန်နှင့် ပြင်သစ်နိုင်ငံသားများအပါအဝင် လူပေါင်း ၁၁ဝ ကျော်လိုက်ပါလာသည့် အယ်ဂျီးရီးယားလေကြောင်းလိုင်းလေယာဉ်သည် ဘာကီနာဖာဆိုမှ အယ်ဂျီးရီးယားသို့ ပျံသန်းလာစဉ် ဇူလိုင် ၂၄ တွင်ပျောက်ဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များ ကပြောကြားခဲ့သည်။
အဆိုပါလေယာဉ်သည် မာလီနိုင်ငံ မြောက်ပိုင်း ဝေဟင်တွင် ပျံသန်းနေစဉ် ရေဒါမှပျောက်ကွယ်သွားကြောင်းနှင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသော ခရီးသည် ၁၁၆ဦးထဲ၌ ပြင်သစ်နိုင်ငံသား ၅၁ ဦးနှင့် ဘာကီနာဖာဆိုနိုင်ငံသား ၂၆ ဦး ပါဝင်ကြောင်း အယ်ဂျီးရီးယားရေဒီယိုက ကြေညာခဲ့သည်။ အယ်ဂျီးရီးယားနိုင်ငံသား ခုနစ်ဦးအပြင် ကနေဒါ၊ ယူကရိန်း နှင့် လူဇင်ဘတ်နိုင်ငံသားများလည်း ပါဝင်သည်ဟုဆိုသည်။ လက်ဘနွန်ရေဒီယိုကလည်း လေယာဉ်ပေါ်တွင် ၎င်းတို့၏နိုင်ငံသား ၂ဝ ဦးထက်မနည်း ပါသွားပြီး ယင်းတို့ထဲ၌ ဇနီးမောင်နှံ သုံးတွဲနှင့် ကလေး ၁ဝဦး ပါဝင်သည်ဟု ဆိုသည်။
လေကြောင်းကြီးကြပ်ရေးအဖွဲ့က ပျောက်ဆုံးသွားသောလေယာဉ်သည် စပိန်ကုမ္ပဏီ Swiftair က အငှါးချထားသည့် McDonnell Douglas MD-83 အမျိုးအစားဖြစ်ကြောင်း ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင်ပါရှိသည့် လေယာဉ်ဝန်ထမ်း ခြောက်ဦးစလုံးသည် စပိန်နိုင်ငံသားများဖြစ်ကြောင်း စပိန်လေကြောင်းလိုင်း လေယာဉ်မှူးများသမဂ္ဂက ပြောကြားခဲ့သည်။
Swiftair ကုမ္ပဏီက လေယာဉ်သည် အွာဂါဒူဂူးမှ ပျံတက်ပြီး တစ်နာရီမကြာမီ၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ပြင်သစ်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖရက်ဒရစ်ကူဗယ်လာက ထိပ်တန်းအရပ်ဘက် လေကြောင်းအာဏာပိုင်များသည် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပပြီး အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ပြောကြားခဲ့သည်။
လေယာဉ်သည် အယ်ဂျီးရီးယားနယ်စပ်မှ မိုင် ၃ဝဝ အကွာ မာလီနိုင်ငံရှိ ဂေါင်မြို့အထက်ကောင်းကင်တွင် ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်းနှင့် လေယာဉ်ပေါ်၌ နိုင်ငံပေါင်းများစွာမှလူများ လိုက်ပါသွားကြောင်း အယ်ဂျီးရီးယားဝန်ကြီးချုပ် အဗ္ဗဒယ်မာလက်စီလောက ပြောကြားခဲ့သည်။ လေယာဉ်သည် မာလီနိုင်ငံမြောက်ပိုင်းရှိ ဂေါင်မြို့အထက်၌ ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်းနှင့် ယင်းဒေသတွင် မုန်တိုင်းများပြင်းထန်စွာ ကျရောက်နေကြောင်းလည်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
မာလီနိုင်ငံမြောက်ပိုင်းကို ၂ဝ၁၂ခုနှစ်အတွင်းက လပေါင်းများစွာကြာအောင် ဂျီဟတ်ဝါဒီ စစ်သွေးကြွများ သိမ်းပိုက်ထားခဲ့ပြီး ပြင်သစ်တပ်များဦးဆောင်လျက် ပြန်လည်တိုက်ထုတ်နိုင်ခဲ့သော်လည်း ယခုတိုင် တည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်းသိရသည်။
မာလီနိုင်ငံမြောက်ပိုင်းကို ၂ဝ၁၂ခုနှစ်အတွင်းက လပေါင်းများစွာကြာအောင် ဂျီဟတ်ဝါဒီ စစ်သွေးကြွများ သိမ်းပိုက်ထားခဲ့ပြီး ပြင်သစ်တပ်များဦးဆောင်လျက် ပြန်လည်တိုက်ထုတ်နိုင်ခဲ့သော်လည်း ယခုတိုင် တည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်းသိရသည်။
(Ref:AFP , Photo: AFP)
Eleven Media Group
Eleven Media Group
No comments:
Post a Comment
Note: Only a member of this blog may post a comment.