MH 17 မှ ရလာသည့် မျက်တောင်ခြယ်ဆေးကို ယူကရိန်း အမျိုးသမီးသူပုန်တစ်ဦး ကြွားဝါပြသ

ယူကရိန်း သူပုန်တပ်များမှ အမျိုးသမီး တပ်ဖွဲ့ဝင်တစ်ဦးက MH 17 လေယာဉ်ပျက်မှ ရရှိလာသည့် မျက်တောင်ခြယ်ဆေးကို Social Media ပေါ်တွင် ဂုဏ်ယူစွာ ပြသခဲ့သည့်နောက် လေယာဉ်ပျက်နှင့် ပတ်သက်သည့် သက်သေခံပစ္စည်းများကို ယူကရိန်းသူပုန်များ သိမ်းဆည်းရယူသွားကြောင်း စွပ်စွဲချက်များ ပိုမို ခိုင်မာလာခဲ့သည်။
အစောပိုင်းက မလေးရှား လေကြောင်းလိုင်းပိုင် MH 17 လေယာဉ် ပျက်ကျစဉ်က အသက်ဆုံးရှုံးခဲ့သူတစ်ဦး၏ မိုဘိုင်းဖုန်းကို ဆွေမျိုးသားချင်းတစ်ဦးက ဆက်သွယ်ကြည့်သောအခါ အရှေ့ဥရောပသံဝဲဝဲနှင့် လူစိမ်းတစ်ဦးက တုံ့ပြန် ဖြေဆိုခဲ့ကြောင်း CNN က သတင်း ဖော်ပြခဲ့သည်။ ထို့အပြင် ခွဲထွက်ရေး ပြောက်ကျားတစ်ဦးက သေဆုံးသူတစ်ဦး၏လက်မှ လက်စွပ်ကို ချွတ်ယူနေသည်ဟု ယူဆရသော ဓာတ်ပုံတစ်ပုံလည်း ထွက်ပေါ်လာခဲ့ဖူးသည်။
ယခုအခါ ရုရှားလိုလားသည့် ခွဲထွက်ရေး ပြောက်ကျားတပ်များမှ အမျိုးသမီး တစ်ဦးက MH 17 လေယာဉ်ပျက်မှ သူမ ရရှိလာသည့် မျက်တောင်ခြယ်ဆေး (Mascara)ကို Instagram Account ပေါ်တွင် ကြွားဝါ ပြသလာခဲ့သည်။ တိုရက်ဇ်မြို့ခံတစ်ဦးဖြစ်ပြီး အက်ကာတာရီနာ ပါခိုမန်ကိုဟု အမည်ရသည့် အမျိုးသမီးက အဆိုပါ မျက်တောင်ခြယ်ဆေးကို iPhone တစ်လုံးဖြင့် ဓာတ်ပုံရိုက်ပြီး Instagram ပေါ် တင်ထားခြင်း ဖြစ်သည်။ သူမက “အမ်စတာဒမ်က မျက်တောင်ခြယ်ဆေးလေ။ ဒါမှမဟုတ်လည်း ကွင်းပြင်ထဲမှာ ဒီအတိုင်း တွေ့လာတယ်လို့ မှတ်ပေါ့။ ဒီလောက်ဆို ရှင်တို့ နားလည်မှာပါ”ဟု ပုံညွှန်းစာ ရေးသားထားသည်။
သူငယ်ချင်းများက သူမသည် အဆိုပါ မျက်တောင်ခြယ်ဆေးကို မည်သို့ရလာကြောင်း ရှင်းရှင်းလင်းလင်း ဖြေကြားရန် တောင်းဆိုသည့်အခါ ပါခိုမန်ကိုက “အသိတစ်ယောက်ဆီက တစ်ဆင့်ရတာပါ။ သူက ယူလာတာ။ ပြီးတော့ ကျွန်မကို လက်ဆောင်ပေးတယ်လေ”ဟု တုံ့ပြန်ခဲ့သည်။ အဆိုပါ အမျိုးသမီး၏ အသက်အရွယ်ကို တိတိကျကျ မသိရသော်လည်း သူမကိုယ်သူမ ခွဲထွက်ရေးသမားတစ်ဦးဟု ကြေညာထားပြီး ယူကရိန်းနှင့် ပတ်သက်သမျှ အရာအားလုံးကို အော့နှလုံးနာကြောင်း သူမ၏ Account တွင် ဖော်ပြထားသည်။
http://www.7daydaily.com/story/16828#.U9OH30Tkt5E
http://www.7daydaily.com/story/16828#.U9OH30Tkt5E
No comments:
Post a Comment
Note: Only a member of this blog may post a comment.