သတင်းနှင့်နည်းပညာများ

7/22/14

ဗြိတိန်တွင် ရဲဘက်သုံးခွေး တိုက်ခိုက်မှုကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံး


ဗြိတိန်တွင် ရဲဘက်သုံးခွေး တိုက်ခိုက်မှုကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံး



ရဲတပ်ဖွဲ့က လေ့ကျင့်ပေးထားသည့် ဂျာမန်သိုးထိန်းခွေး တစ်ကောင်ကို တွေ့ရစဉ် (Photo - Pets4homes)
ဗြိတိန်နိုင်ငံတွင် အသက်(၇၃)နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးမှာ ရဲဘက်သုံး ခွေးတစ်ကောင် ကိုက်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း သိရှိရသည်။
မစ်ဒယ်လ်ဘရော့တွင် နေထိုင်သည့် အီရီနာကောလင်းသည် ရဲများ ခေါ်ဆောင်လာသည့် ဂျာမန်သိုးထိန်းခွေး တစ်ကောင် ကိုက်ခဲ့သော ဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ရဲများသည် သံသယတရားခံတစ်ဦး ပုန်းခိုနေသည်ဟု ယူဆရသော အခြေအနေကြောင့် ကောလင်း၏ ခြံဝင်းထဲ ဝင်ရောက် ရှာဖွေခဲ့သည်။
ထို့နောက်တွင် ကလိဗ်လန်း ရဲတပ်ဖွဲ့က လေ့ကျင့်ပေးထားသည့် သိုးထိန်းခွေးက ကောလင်းကို လူမှား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးကြီးသည် ခွေးကိုက်ဒဏ်ရာ အတော်များများ ရရှိခဲ့ပြီးနောက် သူမကို ဂျိမ်းစ်ကွတ်ခ် တက္ကသိုလ် ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်။ သို့သော်လည်း ဇူလိုင်(၂၀)ရက်တွင်မူ အဆိုပါ ဒဏ်ရာများဖြင့်ပင် သူမ ကွယ်လွန်သွားခဲ့သည်။
ရဲတပ်ဖွဲ့နှင့် စပ်လျဉ်းသည့် တိုင်ကြားမှုများဆိုင်ရာ လွတ်လပ်သော ကော်မရှင် (IPCC) အနေဖြင့် အဆိုပါ လူသေမှုနှင့် ပတ်သက်ပြီး မည်သို့မည်ပုံ အရေးယူ ကိုင်တွယ်သင့်သည်ကို စဉ်းစားရတော့မည် ဖြစ်သည်။
“မိသားစု၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေနဲ့ထပ်တူ ကောလင်းအတွက် ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ကလိဗ်လန်း ရဲတပ်ဖွဲ့ဝင် အားလုံးဟာ ဒီသတင်းဆိုးအတွက် ကြေကွဲနေခဲ့ရပါတယ်။ မိသားစုကို အလေးအနက်
စာနာမိကြောင်း ပြောချင်ပါတယ်။ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့သုံး ခွေးကိုတော့ Operationတွေမှာ အသုံးပြုနေရာကနေ တာဝန် ရပ်ဆိုင်းလိုက်ပါပြီ။ ခွေးကို ထိန်းသိမ်း တာဝန်ယူရတဲ့ အရာရှိကိုလည်း မေးမြန်းစုံစမ်းနေဆဲ ဖြစ်ပါတယ်”ဟု ရဲအရာရှိ ရှောင်ဝှိုက်က ဆိုသည်။
ရဲများသည် ကားတစ်စီးကို တားဆီးပြီး စစ်ဆေးရာ မူးယစ်ဆေးနှင့် ငွေများ တွေ့ရှိသဖြင့် လူတစ်ဦးကို ဖမ်းဆီးခဲ့သည်။ အခြားလူ တစ်ဦးမှာ ကားပေါ်မှ ခုန်ဆင်း ထွက်ပြေးသွားပြီး ကောလင်း၏ ခြံဘက်သို့ ဦးတည်ခဲ့သဖြင့် ရဲများက ကောလင်းထံ သွားရောက် ခြံထဲတွင် ရှာဖွေခွင့် တောင်းခဲ့သည်။ အမျိုးသမီးကြီးက ဥယျာဉ်ထဲတွင် ရဲများ ဝင်ရောက်ရှာဖွေရန် ခွင့်ပြုပေးခဲ့ပြီး မကြာမီ ခွေးက သူမကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
_Ref:BBC

No comments:

Post a Comment

Note: Only a member of this blog may post a comment.