ခရီးသည်တစ်ဦး သောင်းကျန်းမှုကြောင့် ကနေဒါ လေယာဉ်ကို တိုက်လေယာဉ်များ စောင့်ရှောက်ပျံသန်းခဲ့ရ

လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ခြိမ်းခြောက် ရန်လိုမှုကြောင့် ကနေဒါ ခရီးသည်တင် လေယာဉ်တစ်စီးကို လေတပ် တိုက်လေယာဉ်များက ခြံရံစောင့်ရှောက်ခဲ့ရကြောင်း သိရှိရသည်။
Sunwing လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ် အမှတ်(၇၇၂)သည် တိုရန်တိုမြို့မှ ပနားမားနိုင်ငံသို့ ဇူလိုင်(၂၅)ရက်နေ့က ဦးတည်ပျံသန်းခဲ့သော်လည်း ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသည့် ခရီးသည် တစ်ဦးကြောင့် တိုရန်တိုသို့ ပြန်လှည့်လာကာ ဆင်းသက်ခဲ့ရသည်။ လေယာဉ်ပျံတက်သွားပြီး (၄၅)မိနစ်မျှ အကြာတွင် လေယာဉ်မှူးက ထိန်းသိမ်းရေး မျှော်စင်သို့ အခြေအနေကို အကြောင်းကြားခဲ့သည့်နောက် F16 ဂျက်တိုက်လေယာဉ် နှစ်စီးက ခရီးသည် (၁၈၁)ဦးနှင့် အမှုထမ်း(၆)ဦး ပါရှိသည့် လေယာဉ်ကို ဘေးတစ်ဖက်တစ်ချက်မှ ခြံရံပြီး လေဆိပ်သို့ ဆင်းသက်ချိန်အထိ လိုက်ပါ စောင့်ရှောက်ခဲ့ရသည်။
လေယာဉ်ပေါ် ပါရှိသူ အများစုသည် ပနားမားသို့ အပန်းဖြေ ခရီးထွက်ကြမည့် ကနေဒါ နိုင်ငံသားများ ဖြစ်ကြသည်။ လေဆိပ်သို့ လေယာဉ်ပြန်လည် ဆိုက်ကပ်လာသည်နှင့် ရဲများက လေယာဉ်ပေါ် တက်လာကာ သောင်းကျန်းနေသည့် ခရီးသည်ကို ဖမ်းဆီးခဲ့ကြသည်။ လေယာဉ်ပေါ် လိုက်ပါလာသူများက လက်နက်ကိရိယာ အပြည့်အစုံနှင့် လုံခြုံရေး အရာရှိများက လေယာဉ်ပေါ် တက်လာပြီး ထိုသူကို ဖမ်းဆီးခဲ့ပုံကို မိုဘိုင်းဖုန်းများဖြင့် မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး Social Media များပေါ် လွှင့်တင်ခဲ့ကြသည်။
အသက်(၂၅)နှစ်ရှိ အလီရှာဟီသည် အနှောင့်အယှက်ပေးမှု၊ ခြိမ်းခြောက်မှု၊ လေယာဉ်လုံခြုံရေးကို ထိပါးမှုတို့ဖြင့် စွဲချက်တင်ခံထားရသည်။ Sunwing လေကြောင်းလိုင်းက ယခုဖြစ်ရပ်ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမှလွဲ၍ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်းနှင့် ညနေပိုင်းတွင် အဆိုပါလေယာဉ်သည် ပနားမားသို့ မူလအစီအစဉ်အတိုင်း ပြန်လည် ထွက်ခွာခဲ့ကြောင်း ကြေညာခဲ့သည်။
http://www.7daydaily.com/story/16841#.U9OX7ETkt5E
http://www.7daydaily.com/story/16841#.U9OX7ETkt5E
No comments:
Post a Comment
Note: Only a member of this blog may post a comment.