သတင်းနှင့်နည်းပညာများ

10/1/13

ဆက်သွယ်ရေးဥပဒေ သမ္မတပြင်ဆင်ချက်အားလုံး ဥပဒေကြမ်းကော်မတီ သဘောတူ

ဆက်သွယ်ရေးဥပဒေ သမ္မတပြင်ဆင်ချက်အားလုံး ဥပဒေကြမ်းကော်မတီ သဘောတူ

ရန်ကုန်၊ စက်တင်ဘာ ၃၀

ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့သော ဆက်သွယ်ရေး ဥပဒေကြမ်း ပြင်ဆင်ချက် အားလုံးကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက ပြင်ဆင်ချက် ငါးခုဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ထားပြီး ယင်းပြင်ဆင်ချက်များကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက လက်ခံခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“ပြင်ဆင်ချက် ငါးချက်ကို ပေးပို့လာတာပါ။ ကော်မတီက အားလုံးသဘောတူပါတယ်။ လာမယ့် ၃ ရက်နေ့ လွှတ်တော်မှာ ပြန်အတည်ပြုမယ်” ဟု ဦးစောလှထွန်းက ရှင်းပြသည်။

သမ္မတ၏ သဘောထား မှတ်ချက်များကို လွှတ်တော်က ကနဦးသဘောထားပြီး ဖြစ်သော်လည်း မည်သည့် ပြင်ဆင်ချက်များ ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆို၍ မရကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး များကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည် စတင်မည် ဖြစ်ပြီး ယင်းမတိုင်မီ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ကြိုတင်ညှိနှိုင်း သဘောတူခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

သမ္မတ၏ ပြင်ဆင်ချက်များကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူထားပြီး ဖြစ်၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထပ်မံအတည်ပြု ပြီးပါက နိုင်ငံတော်သမ္မတထံ ပြန်လည် ပေးပို့ရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတက ယင်းဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုရမည် ဖြစ်ပြီး လက်မှတ်ရေးထိုးခြင်း မပြုပါကလည်း ၁၄ ရက်အကြာတွင် ဥပဒေအဖြစ် အလိုအလျောက် အတည်ဖြစ်မည် ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစတင်ရန် အရေးတကြီး လိုအပ်နေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပြီးဆုံးရန် ရက်အနည်းငယ် အလိုတွင် လွှတ်တော်က အတည်ပြု ပေးခဲ့သော်လည်း နိုင်ငံတော်သမ္မတက သဘောမတူသည့် အချက်များ ရှိနေ၍ လက်မှတ်ရေးထိုးခြင်းမရှိဘဲ သဘောထား မှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ထားသဖြင့် အချိန်ထပ်မံ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

From - The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.