သတင်းနှင့်နည်းပညာများ

10/2/13

အမေရိကတွင် အစိုးရအဖွဲ့လုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေနှင့် ကြုံတွေ့


အမေရိကတွင် အစိုးရအဖွဲ့လုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေနှင့် ကြုံတွေ့

ဝါရှင်တန်၊ စက်တင်ဘာ ၃၀

အမေရိကန်ပြည်ထောင်စုတွင် အစိုးရအဖွဲ့၏ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကြား သဘောတူညီမှု မရရှိခြင်းကြောင့် အစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်တာများကို ရပ်ဆိုင်းထားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း VOA သတင်းဌာနတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပ ပြုလုပ်လျက်ရှိသည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် တွေ့ဆုံ ဆွေးနွေးပွဲ ပြီးဆုံးသည့် အချိန်အထိ အစိုးရ အဖွဲ့၏ ဘဏ္ဍာငွေကြေး သုံးစွဲမှုနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ်အကြား သဘောတူညီမှု မရရှိပါက အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရတော့မည် ဖြစ်သည်။

ကျန်းမာရေး အာမခံ မထားရှိနိုင်သော အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ် ရေးဆွဲထားသည့် သမ္မတအိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေပါ အဓိကအချက်များကို နှောင့်နှေးစေမည့် ဘတ်ဂျက် သုံးစွဲမှု ဥပဒေမူကြမ်း တစ်ခုကို အောက်လွှတ်တော်က ပြီးခဲ့သော စနေနေ့က အတည်ပြုခဲ့သည်။

သို့သော် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဟယ်ရီရိဒ်က အောက်လွှတ်တော်မှ အတည်ပြုလိုက်သော အဆိုပါ ဥပဒေမူကြမ်းကို အထက်လွှတ်တော်တွင် အတည်ပြုခွင့် ပေးမည်မဟုတ်ဟု ကတိပြု ပြောကြားထားသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ ရီပတ်ဘလစ်ကန်ပါတီနှင့် ဒီမိုကရက်တစ် ပါတီကြားတွင် သဘောထား ကွဲရာမှ ယခုကဲ့သို့ အစိုးရအဖွဲ့ ရပ်ဆိုင်းရနိုင်သည့် အခြေအနေအထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရက်တစ် ပါတီဝင်များက အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေအရ ဝင်ငွေ နည်းပါးပြီး ကျန်းမာရေး အာမခံ မထားရှိနိုင်သော အမေရိကန် နိုင်ငံသားများသည် ပြည်ထောင်စုအစိုးရက ထောက်ပံ့ကြေး ပေးအပ်မည့် ကျန်းမာရေး အာမခံ ပေါ်လစီကို ဝယ်ယူနိုင်မည် ဖြစ်ပြီး ကျန်းမာရေး ဆိုးဆိုးရွားရွား ချို့ယွင်းမှုနှင့် ရင်ဆိုင်ရသည့်တိုင် ငွေကြေး ကျပ်တည်းမှုနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ဟု ပြောကြားသည်။

သို့သော် ရီပတ်ဘလစ်ကန် ပါတီဝင်များကမူ အိုဘားမား၏ အစီအစဉ်မှာ ရှုပ်ထွေးလွန်းပြီး စတင်ရန် အသင့်မဖြစ်သေးသည့်အပြင် ထိုဥပဒေအရ အခွန်ပိုမို ကောက်ခံခြင်းနှင့် စီးပွားရေးလုပ်ငန်း ငယ်များအား ၎င်းတို့၏ အလုပ်သမားများကို ထောက်ပံ့ရန် တွန်းအားပေးခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်သဖြင့် တိုင်းပြည် စီးပွားရေးကို ထိခိုက်နိုင်သည်ဟု ပြောကြားသည်။

ထို့ပြင် သမ္မတအိုဘားမားကလည်း သူ၏ဥပဒေပါ အဓိက အချက်များကို မည်သည့်နည်းနှင့်မျှ အထိခိုက်ခံမည် မဟုတ်ဟု ပြောကြားထားသည်။

အကယ်၍ စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံ အချိန်အထိ လွှတ်တော် နှစ်ရပ်အကြား သဘောတူညီမှု မရရှိခဲ့ပါက အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရမည် ဖြစ်သည်။

ထိုကဲ့သို့ အစိုးရအဖွဲ့ လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းထားရပါက ထိုကာလအတွင်း အမေရိကန်ပြည်သူများ အနေဖြင့် အစိုးရဝန်ထမ်းများ လစာမရရှိခြင်း၊ အမျိုးသား ဥယျာဉ်များနှင့် ပြတိုက်များ ပိတ်ထားခြင်း၊ အရေးကြီးသော လုပ်ငန်းဆောင်တာများမှ လွဲ၍ ရဲ၊ မီးသတ်၊ မိုးလေ ဝသနှင့် အခြား အစိုးရဌာနများ၏ လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းသွားခြင်း စသည့် အခြေအနေများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် အစိုးရအဖွဲ့လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်းခဲ့ရသည့် နောက်ဆုံးအကြိမ်မှာ ၁၉၉၆ ခုနှစ်က ဖြစ်ပြီး ၂၁ ရက် ကြာမြင့်ခဲ့ကာ ကုန်ကျစရိတ် အနေနှင့် ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့် ရှိခဲ့သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.