သတင်းနှင့်နည်းပညာများ

10/2/13

(အောက်တိုဘာလ ၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)


(အောက်တိုဘာလ ၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)

ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ

ယနေ့ မြန်မာ့နိုင်ငံရေးတွင် မပါမပြီး ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စသည် အရေးကြီးလှသဖြင့် အနည်းဆုံးအားဖြင့် အောက်ပါ အချက်ခုနစ်ချက်ကို သတိပြုရန် လိုသည်။

၁။ အခြေခံဥပဒေသည် လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသေးသမျှ စာရွက်တစ်ရွက် သို့မဟုတ် စာအုပ်တစ်အုပ်သာ ဖြစ်သည်။ မိုးပျံအောင်ကောင်းသော အခြေခံဥပဒေတစ်ခု ရေးဆွဲ ပြဋ္ဌာန်းထားနိုင်ပါစေ အကောင်အထည် မဖော်နိုင်လျှင် အရောင်ပြာသည်ဖြစ်စေ၊ ဝါသည်ဖြစ်စေ စာအုပ်အဖြစ်သာ တည်ရှိနေမည်။ ဥပမာ- ဆိုဗီယက်ပြည်ထောင်စု၏ အခြေခံဥပဒေသည် စာရွက်ပေါ်တွင် အလွန်ကောင်းသော အခြေခံဥပဒေ ဖြစ်သော်လည်း လက်တွေ့တွင် မည်သို့ဆိုသည်ကို မြင်ခဲ့ရပြီး ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အခြေခံဥပဒေတွင် စစ်တပ်က အာဏာသိမ်းရန် ရေးသားထားခြင်းရှိ မရှိ မသေချာသော်လည်း ဆယ့်ရှစ်ကြိမ် အာဏာသိမ်းခဲ့ပြီး ဖြစ်သည်။

၂။ အခြေခံဥပဒေမရှိဘဲ နေလာခဲ့သည်မှာ ဆယ်စုနှစ်ချီ ကြာခဲ့သဖြင့် အခြေခံဥပဒေနှင့်အညီ နေတတ်ရန်ပင် ကြိုးစားရဦးမည်။ အာဏာကြီး သြဇာကြီး ပုဂ္ဂိုလ်တို့ပင် အခြေခံဥပဒေ ဆိုသည်ကို နားလည်အောင် ရုန်းကန်နေရကြောင်း သူတို့၏ စကားများ၊ လုပ်ရပ်များက သက်သေခံသည်။

၃။ ကမ္ဘာပေါ်ရှိ မည်သည့် အခြေခံဥပဒေ မှန်သမျှ ပြီးပြည့်စုံသည် မရှိပါ။ထို့ကြောင့် ပြင်ရန်ဆင်ရန် အမြဲလိုအပ်နေလိမ့်မည်။

၎။ အမှတ်စဉ် ၃ အရ စိတ်တိုင်းကျ ပြင်ဆင်လိုက်သော အခြေခံဥပဒေသည်လည်း ဟာကွက်၊ ယိုကွက်များ ရှိနေဦးမည် ဖြစ်သည်။

၅။ လက်ရှိအခြေခံဥပဒေ သို့မဟုတ် စိတ်တိုင်းကျ ပြင်ဆင်လိုက်သော အခြေခံဥပဒေသည် နိုင်ငံတွင်းရှိ Power Relations အာဏာအချိုးအဆကို မထင်ဟပ်လျှင် ကြာရှည်ခံမည် မဟုတ်ပါ။ ယခုအချက်ကို အမှတ်စဉ် ၁ နှင့် ပူးတွဲ ဖတ်ရှုရပေမည်။ ထိုင်းနိုင်ငံတွင် အခြေခံဥပဒေ ဆယ့်ရှစ်ခု ရှိခဲ့ပြီးပြီ။

၆။ အခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ တည်နေရာ၊ ယဉ်ကျေးမှု၊ လူတို့၏စရိုက်၊ ပညာရေးရေချိန်၊ စီးပွားရေး အခြေအနေတို့နှင့် လိုက်လျောညီထွေ ဖြစ်ရမည်။

၇။ နိုင်ငံတစ်နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ခြင်းကို အခြေခံဥပဒေနှင့် တိုင်းတာမရပါ။ကမ္ဘာပေါ်တွင် အဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံများသည် အကောင်းဆုံးသော အခြေခံဥပဒေများ ပိုင်ဆိုင်ထားသည်ဟု မပြောနိုင်ပါ။ ဖွံ့ဖြိုး တိုးတက်ခြင်းကို ဆုံးဖြတ်သည့် ပေတံများတွင် ထိုနိုင်ငံ၏ အခြေခံဥပဒေ ပါဝင်လျှင်ပင် တည်နေရာ၊ သဘာဝ အရင်းအမြစ်၊ လူသားအရင်းအမြစ်၊ ခေတ်အခါ စသော ပေတံများစွာ အနက်မှ တစ်ချောင်းသာ ဖြစ်ပေလိမ့်မည်။ အမှတ်စဉ် ၁ ပါ ဆိုဗီယက်ပြည်ထောင်စု အခြေခံဥပဒေကိုလည်း ထည့်သွင်း စဉ်းစားနိုင်သည်။

အယ်ဒီတာ (၃၀.၉ .၂၀၁၃)

No comments:

Post a Comment

Note: Only a member of this blog may post a comment.