သတင်းနှင့်နည်းပညာများ

10/1/13

RCSS/SSA နှင့် မြန်မာတပ်မတော် ကျောက်မဲတွင် စစ်ရေးအခြေအနေ တင်းမာ

RCSS/SSA နှင့် မြန်မာတပ်မတော် ကျောက်မဲတွင် စစ်ရေးအခြေအနေ တင်းမာ 

ရန်ကုန်၊ စက်တင်လဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းနန်း ကျေးရွာအုပ်စု နမ့်မွန်ကျေးရွာ အနီးတွင် အစိုးရတပ်မတော်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေးအခြေအနေ တင်းမာမှုများ ရှိနေကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက ပြောကြားသည်။

အဆိုပါ နမ့်မွန်ကျေးရွာအတွင်း စက်တင်ဘာ ၂၆ ရက်နေ နံနက် ၄ နာရီတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ကျောက်မဲမြို့ ခမရ ၅၀၁၊ ၅၀၂ တပ်မှ လာရောက်ခဲ့ပြီး နှစ်ဖက်တပ်များ ထိပ်တိုက် တွေ့ဆုံကာ တင်းမာမှုများ ဖြစ်ပွားလျက် ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း RCSS/SSA က လုပ်ဆောင်ခြင်းဟု အစိုးရတပ်မတော်က ယူဆကာ နမ့်မွန်ရွာ အနီးတွင် ပစ်ခတ်မှုများ ရှိနေကြောင်း ကျောက်မဲမြို့ခံတစ်ဦးက ပြောကြားသည်။
“အစိုးရတပ်ဘက်ကနေ လက်နက်ကြီးနဲ့တစ်ခါ လှမ်းပစ်တယ်” ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ အတွင်းတွင် တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့များအကြား တိုက်ပွဲ ၁၀ ကြိမ်ခန့် ဖြစ်ပွားထားကြောင်း ဦးစိုင်းဦးက ပြောကြားသည်။
“စစ်ရေးအရ မရှင်းသင့်ဘူး။ ဆက်ဆံရေးရုံးတွေက အလကား ဖွင့်ထားတာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

RCSS/SSA အဖွဲ့သည် ၂၀၁၂ ခုနှစ်အတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားပြီး နိုင်ငံဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးမှုတွင် လက်မှတ်ထိုးရန် အစိုးရနှင့် ကြိုတင် သဘောတူညီမှု ရရှိထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ ငြိမ်းချမ်းရေးစင်တာကို ဆက်သွယ် မေးမြန်းရာ ယင်းသတင်းကို မသိရကြောင်း ယင်းစင်တာမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဇွန်လ အတွင်းတွင် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စဝ်ရွက်ဆစ်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ပြီး နှစ်ဖက် စစ်ရေးတင်းမာမှု လျော့ကျရေးအတွက် ဒေသခံများ ပါဝင်သော စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် သဘောတူညီမှု ရှိထားသည်။

၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း တပ်မတော်နှင့် RCSS/SSA အဖွဲ့တို့သည် တိုက်ပွဲ ၄၀ နီးပါး ဖြစ်ပွားထားကြောင်း RCSS/SSA ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

From - The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.