10/7/13
ဆိုမာလီယာနိုင်ငံ ဘာရာဝီမြို့အတွင်း နိုင်ငံခြား တပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်
ဆိုမာလီယာနိုင်ငံ ဘာရာဝီမြို့အတွင်း နိုင်ငံခြား တပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်
မိုဂါဒစ်ရှူး၊ အောက်တိုဘာ ၎
အမည်မသိ နိုင်ငံခြား တပ်ဖွဲ့ဝင်များက ဆိုမာလီယာ တောင်ပိုင်းရှိ အယ်ရှာဘတ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဘာရာဝီမြို့ကို ညအချိန်၌ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
စီးနင်းတိုက်ခိုက်မှု၌ အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း အဆိုပါအဖွဲ့က Reuters သတင်းဌာနကို ပြောကြားသည်။
ကင်ညာနိုင်ငံတွင်းရှိ ဈေးဝယ်စင်တာ တစ်ခုကို အယ်ရှာဘတ် စစ်သွေးကြွများ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၆၇ ဦး သေဆုံး ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ယခုကဲ့သို့သော စီးနင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နိုင်ငံခြားသားများကို ပစ်မှတ်ထားပြီး ညအချိန် ဝင်ရောက် စီးနင်းသည့် စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုမာလီယာ ထောက်လှမ်းရေး အရာရှိတစ်ဦးက AP သတင်းကို ပြောကြားလိုက်ပြီး မည်သည့် နိုင်ငံက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြာခဲ့ခြင်း မရှိပေ။
အစ္စလာမ္မစ် စစ်သွေးကြွများ ပုန်ကန် ထကြွနေသည့် ဆိုမာလီယာ ကမ်းရိုးတန်း ဒေသရှိ ပစ်မှတ်များကို ပြီးခဲ့သည့်နှစ်များ အတွင်းကလည်း အမေရိကန်နှင့် ပြင်သစ် အထူးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ကြသည်။
အယ်ရှာဘတ်များ သိမ်းပိုက်ထားသည့်မြို့ကို တိုက်ခိုက်သည့် စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နှစ်စင်း ပါဝင်ကြောင်း ဆိုမာလီယာ သတင်းဝက်ဘ်ဆိုက် Midnimo တွင် ရေးသားဖော်ပြထားသည်။
“ရော်ဘာဝီကမ်းခြေက ကျွန်တော်တို့စခန်းကို အနောက်တိုင်းသားတွေ လှေတွေနဲ့ လာရောက် တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျပါတယ်” ဟု အယ်ရှာဘတ် ပြောရေးဆိုခွင့်ရှိသူ အဘူမူဆတ်က Reuters သတင်းကို ပြောကြားခဲ့သည်။
အနောက်တိုင်း စစ်သားများကို ဖမ်းဆီးနိုင်ရန် တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်းသို့ စစ်သွေးကြွများ ဝင်ရောက် ရှာဖွေခဲ့ ကြသော်လည်း အောင်မြင်မှု မရခဲ့ကြောင်း ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။
ဆိုမာလီယာနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြုထားသော ပင်လယ်ဓားပြများ သောင်းကျန်းလျက် ရှိခြင်းကြောင့် အနောက်တိုင်း ရေတပ်များက ဆိုမာလီ ကမ်းလွန်းဒေသတွင် ကင်းလှည့်မှုများ အဆက်မပြတ် ပြုလုပ်နေရပြီး အယ်ရှာဘတ် စစ်သွေးကြွများကို နှိမ်နင်းနိုင်ရန် အမေရိကန်က မောင်းသူမဲ့ လေယာဉ်များ စေလွှတ် တိုက်ခိုက်ခိုင်းလျက် ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကလည်း အယ်ရှာဘတ် စစ်သွေးကြွများ ဖမ်းဆီးထားသော ပြင်သစ် ထောက်လှမ်းရေး အေးဂျင့်တစ်ဦးကို ကယ်ထုတ်နိုင်ရန် ပြင်သစ် ကွန်မန်ဒိုများက ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိဘဲ ပြင်သစ်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ထောက်လှမ်းရေး အေးဂျင့်လည်း အသတ်ခံခဲ့ရသည်။
ဆိုမာလီယာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာနေပြီ ဖြစ်ပြီး ခိုင်မာအားကောင်းသည့် ဗဟိုအစိုးရအဖွဲ့ ကင်းမဲ့လျက်ရှိကာ စစ်သွေးကြွ အုပ်စုအသီးသီးက ထကြွသောင်းကျန်းလျက် ရှိသည်။
From - The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.