• "သမီးတစ်ကောင် နွားတစ်ထောင်"

    ကျုပ်မှာ သမီးလေးတစ်ယောက်ရှိတယ်
    မိတဆိုးလေးဆိုတော့ အစစအလိုလိုက်ထားရတာ
    အရွယ်ငယ်တုန်းကတော့ လိမ္မာရေးခြားရှိရှာပါတယ်
    ဒါပေမယ့်...
    အသက်လေးက ၁၈နှစ်ပြည့်ပြီးသွားတဲ့ နောက်ပိုင်းတော့ ပြောလို့ဆိုလို့ တယ်မရချင်ဘူး

    ခုလည်းကြည့်လေ သူ့ရည်းစားကောင်လေးနဲ့ လျှောက်လည်မယ်ဆိုပြီး ထွက်သွားလိုက်တာ မိုးတော်တော်ချုပ်နေပြီ ပြန်မလာသေးဘူး
    ကျုပ်မှာ စိတ်ပူလို့ သေတော့မယ်
    ဟော...အိမ်ရှေ့က ဆိုင်ကယ်သံကြားတယ်၊ ပြန်လာကြပြီထင်ပါရဲ့

    အိမ်ထဲကနေ အပြင်ကို အသာခြောင်းကြည့်မိတယ်... ...
    သမီးက ဆိုင်ကယ်နောက်ကနေ ဆင်းလာပြီး အိမ်ဘက်ကို ဇောင့်ဇောင့်နဲ့လျှောက်လာတယ်
    သူ့ကောင်လေးက နောက်ကနေလိုက်လာပြီး အတင်းလိုက်ဆွဲနေတာကို မြင်နေရတယ်
    သမီးက လာဆွဲတဲ့လက်ကို ပြန်ပုတ်ချတယ်
    အင်း... ဘာများ ဖြစ်လာကြတယ် မသိဘူး

    ဧည့်ခန်းထဲဝင်လာကြလို့ မမြင်ကွယ်ရာကပဲ ဆက်ပြီးခြောင်းကြည့်နေလိုက်တယ်
    ဆိုဖာခုံပေါ်ကို သမီးက ပစ်ထိုင်လိုက်တယ်
    ကောင်လေးက နောက်ကနေ လာဖက်တာရင်း ပြောသံကြားလိုက်တယ်... ...
    "မောင့်ကို ခွင့်လွတ်ပါ ချစ်ရယ်၊ ချစ်လွန်းလို့ ဖြစ်သွားတာပါ"
    အမလေး ဘုရား ဘုရား...
    ကိုယ်ကျိုးတွေတော့ နည်းကုန်ပြီ ထင်ပါရဲ့...
    သမီးရဲ့ ပြန်အော်သံကို ကြားရပြန်တယ်... ...
    "သွား... ဘာမှမကြားချင်ဘူး၊ ဘာမှ လာပြောမနေနဲ့"
    "မဟုတ်ပါဘူး ချစ်ရယ်၊ မောင်ကတိပေးပါတယ်၊ နောက်ကို မဖြစ်စေရဘူးနော်"
    "မသိဘူး မသိဘူး ရှင့်ကို ကျမမုန်းတယ် မုန်းတယ် လူယုတ်မာကြီး"
    အင်း... ဒီကောင်နဲ့ ကျုပ်နဲ့ ရှင်းမှ ရတော့မှာ

    ကျုပ် ကွယ်ပြီးကြည့်နေရာကနေ ထွက်လိုက်တယ်... ...
    "သမီးလေး ဒီကောင် သမီးကို ဘာလုပ်လိုက်တာလဲ ပြောစမ်း"
    "ဟင့် ... ဟင့်... သမီးရှက်တယ် ဖေဖေ၊ သမီးကို ပန်းခြံထဲမှာ ပန်းခြံထဲမှာ အီး ဟီး သူ့ကိုသာ မေးပါတော့"
    အော်... ဒါဆိုရင်တော့ ငါထင်တာ ဟုတ်နေပါပြီ ဒီကောင်တော့ သေပြီသာမှတ်တော့
    "ဟေ့ကောင်... ငါ့သမီးကို ဘာမတော်မတရားလုပ်လိုက်တာလဲ၊ မင်း မိကောင်းဖခင် သားသမီးမဟုတ်ဘူးလား မင်းကို ငါသတ်မယ်"
    "ဟာ... ဦး မလုပ်ပါနဲ့ ကျနော် ရှင်းပြပါရစေ"
    "ရှင်းစမ်း မြန်မြန်ရှင်း"
    "သူက အချိုနဲ့မတည့်ဘူး ဆိုတာ ဦးသိတယ်နော်"
    "သိတယ် သူ့မှာ ဆီးချိုရောဂါရှိတယ်"
    "အဲဒါ သူက ပန်းခြံထဲမှာ ရေခဲမုန့်တွေ ဝယ်စားနေလို့၊ သူစားနေတဲ့ ရေခဲမုန့်ကို ကျနော်က ပုတ်ချလိုက်မိတယ်၊ လူတွေက ဝိုင်းကြည့်နေတော့ သူရှက်ပြီး ... "
    "ဟင်... တေနာမ"


    သန်၎ကို-ပေါက်ကရရေးသည်
    https://www.facebook.com/thanlayko