ကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားခဲ့သော
အားကစားကွင်းနေရာ ဟိုတယ်ဆောက်လုပ်မှု ဒေသခံများ ဆန္ဒထုတ်ဖော်
ဘာအံ၊ အောက်တိုဘာ ၆
ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒုတိယ ကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားခဲ့သော အားကစားကွင်း နေရာတွင် ဟိုတယ် ဆောက်လုပ်နေသည်ကို လက်မခံနိုင်သောကြောင့် အောက်တို ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းပွဲတွင် ဘားအံဒေသခံများက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ အားကစားကွင်း ဒေသခံများ လက်ဝယ် ပြန်လည်ရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ရွှေက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားခဲ့သော အားကစားကွင်းအတွင်း ဟိုတယ် ဆောက်လုပ်ခြင်းကို ဒေသခံများက ကျေနပ်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ကြံ့ခိုင်ရေးပါတီ၏ အတွေ့အကြုံ ရှင်းလင်းပွဲတွင် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကန်ညွန့်က ရှင်းပြသည်။
အဆိုပါ အားကစားကွင်း နေရာတွင် အာဇာနည်နေ့ အထိမ်းအမှတ် ကျောက်တိုင်လည်း ဆောက်လုပ်ထားသဖြင့် ယင်းနေရာကို အများပိုင် နေရာအဖြစ်သာ သတ်မှတ်သင့်ကြောင်း ၎င်းကဆိုသည်။
“ပြည်သူတွေကို လမ်းပေါ်ထွက်ရင် ပုဒ်မ ၁၈ နဲ့ ထိန်းသိမ်းမှာကို ကျွန်တော်တို့ မလိုလားဘူး။ ဒါကြောင့် သူတို့ခံစားချက်ကို ထုတ်ဖော်ခွင့်ရအောင် ဒီအခမ်းအနား ကျင်းပပေးခဲ့တယ်။ ပြည်သူ့ဘက် မရပ်တည်တဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်သူတွေက ကန့်ကွက်ကြတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ဘားအံဒေသခံ ၁၀၀၀ ခန့် ပါဝင်ခဲ့ပြီး ဘားအံအခြေစိုက် နိုင်ငံရေးပါတီငါးခု တက်ရောက်ခဲ့ကြောင်း ယင်းဒေသခံများက ဆိုသည်။
အဆိုပါ ဘောလုံးကွင်း မြေနေရာကို ယခင် DKBA (BGF) တပ်ဖွဲ့ဝင်များကို ထောက်ပံ့နိုင်ရန် မြိုင်ကြီးငူ အထူးဒေသ BGF (နယ်ခြားစောင့်) တပ်ဖွဲ့ပိုင် မြဌေးကြွယ်လင်း ကုမ္ပဏီအား ဘားအံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ယခင်အစိုးရ လက်ထက်တွင် နှစ် ၉၀ မြေဂရမ် ထုတ်ပေးခဲ့ပြီး ယင်းကုမ္ပဏီက ဟိုတယ် ဆောက် လုပ်နေခြင်း ဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာက ရှင်းပြသည်။
ယင်းကိစ္စကို ကရင်ပြည်နယ် အစိုးရအဖွဲ့ထံ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ရုံးပိတ်ရက် ဖြစ်နေသဖြင့် အချိန်မီ ဆက်သွယ်၍ မရခဲ့ပေ။
The Voice Weekly
No comments:
Post a Comment
Note: Only a member of this blog may post a comment.